မြေပြင်နှင့် နိုင်ငံတကာတွင် တိုက်ပွဲဝင်နေသည့် မြန်မာအမျိုးသားညီညွတ်ရေးအစိုးရ

By Mike Garner
24 April 2023
မြေပြင်နှင့် နိုင်ငံတကာတွင် တိုက်ပွဲဝင်နေသည့် မြန်မာအမျိုးသားညီညွတ်ရေးအစိုးရ

ပြီးခဲ့သည့် ရာစုနှစ်အတွင်း အဓိက စစ်ရေးပဋိပက္ခများကို ပြန်ကြည့်မည်ဆိုပါက တရုတ်တွင် မော်ဇီတုန်း၊ အရှေ့တီမောတွင် ဇန်နာနာ ဂုစ်မာအို နှင့် အာဖဂန်နစ္စတန်တွင် အာမက်ဒ် မာဆွတ်ဒ်တို့ ရှိခဲ့သည်ကို တွေ့ရမည် ဖြစ်သည်။ ယနေ့ကာလ ယူကရိန်းတွင်လည်း ဗိုလိုဒီမာ ဇယ်လန်စကီး ရှိနေသည်။

သို့သော် ယနေ့ မြန်မာ့နွေဦးတော်လှန်ရေးနှင့်ပတ်သက်လျင် ပြင်ပမှ လေ့လာစောင့်ကြည့်သူများအနေဖြင့် လက်ရှိအချိန်တွင် အများမြင်ကွင်းမှ ဝမ်းနည်းဖွယ်ရာ ပျောက်ကွယ်နေပြီး အကျဉ်းချခံထားရသည့် ဒီမိုကရေစီ icon ဒေါ်အောင်ဆန်းစုကြည်ကလွဲ၍ ခေါင်းဆောင်တစ်ဦးကို ရွေးထုတ်ရန် ခက်ခဲနေသည်။

မြန်မာ၏ အတိုက်အခံ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ယာယီသမ္မတ ဒူဝါလရှီးလသည် အွန်လိုင်းမှတစ်ဆင့် မိန့်ခွန်းများ ပြောကြားပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တပ်ဖွဲ့ဝင်များနှင့်အတူ လက်တွဲလုပ်ဆောင်ရန် မြေပြင်သို့ သွားရောက်မှုများ ရှိနိုင်သော်လည်း အများအမြင်တွင် သူသည် နွေဦးတော်လှန်ရေး ခေါင်းဆောင်အဖြစ် ထင်ပေါ်နေခြင်းတော့ မရှိပေ။ ထို့ပြင် ၎င်းအနေဖြင့် မြန်မာပြည်သူလူထုအကြား ထောက်ခံမှု ကြီးကြီးမားမား ရရှိထားသော ဒေါ်အောင်ဆန်းစုကြည်ထက် ကျော်လွန်ထင်ပေါ်စေရန် ကြိုးပမ်းလိုမှုလည်း မရှိဟု သိရသည်။

 

‘အများပြည်သူကို ထင်ဟပ်ကိုယ်စားပြုသူ မရှိခြင်း’

မြန်မာ့ နွေဦးတော်လှန်ရေးက အလွန်အတိမ်းအစောင်း မခံသော အဆင့်သို့ ရောက်လာပြီး အာဏာသိမ်းစစ်တပ်နှင့် တိုက်ပွဲဖြစ်ပွားမှုများ အရှိန်မြင့်လာစဉ် ယင်းသည် အရေးကြီးကြောင်း အကဲခတ်များက ထောက်ပြသည်။

“NUG နဲ့ PDF တွေမှာ အများပြည်သူ့ အမြင်မှာ ကိုယ်စားပြုတဲ့ ပုဂ္ဂိုလ် ရှိမနေဘူး။ ပြည်သူတွေ စည်းရုံးဝိုင်းလာနိုင်မယ့် ခေါင်းဆောင် ရှိမနေဘူး။ ဗဟိုအမှတ် ရှိမနေဘူး” ဟု အာဆီယံ နိုင်ငံရေးသမားတစ်ဦးက မကြာသေးခင်က The Diplomat မဂ္ဂဇင်းကို ပြောသည်။

NUG အဖွဲ့ဝင်များက ၂၀၂၁ ၊ ဧပြီ ၁၆ ရက် ၎င်းတို့ ထူထောင်ဖွဲ့စည်းမှု၏ နှစ်နှစ်ပြည့်မြောက်မှု နှစ်ပတ်လည် ပြုလုပ်ခဲ့စဉ် နွေဦးတော်လှန်ရေးသည် ဖြေရှင်းရန် မလွယ်ကူသည့် စိန်ခေါ်မှုတစ်ခုအပြင် တရားမဝင်သော အာဏာသိမ်းစစ်တပ်ကို ခက်ခက်ခဲခဲ ရင်ဆိုင်တော်လှန်တိုက်ခိုက်နေရသည့် အခြားသော နက်ရှိုင်းသည့် စိုးရိမ်ပူပန်မှုများနှင့် ရင်ဆိုင်နေရသည်။

စစ်အုပ်စုကို ဆန့်ကျင်တော်လှန်ရေးအပေါ် ဒူဝါလရှီးလ၏ နက်ရှိုင်းသော ကတိပြုမှုအပေါ် မေးခွန်းထုတ်မည့်သူ များများစားစား ရှိမည် မဟုတ်ပေ။ ထို့အတူ မြန်မာနိုင်ငံတစ်ဝန်း အာဏာသိမ်းစစ်တပ်ကို ရင်ဆိုင်ရင်း သေရေး ရှင်ရေးတမျှ တော်လှန်တိုက်ခိုက်နေကြသည့် ထောင်ပေါင်းများစွာသော PDF တပ်ဖွဲ့ဝင်များ၏ အလွန်ခက်ခဲ ပင်ပန်းလှသော အားထုတ်မှုများကိုလည်း ၎င်းတို့အနေဖြင့် မေးခွန်းထုတ်လိမ့်မည် မဟုတ်ပေ။ သို့သော် တော်လှန်ရေး၏ နှစ်နှစ်တာကာလ ရောက်လာချိန် NUG နှင့် လူသိရှင်ကြား မဟာမိတ်ပြုထားသည့် အဖွဲ့တချို့နှင့် မဟာမိတ်မပြုထားသည့် အဖွဲ့တချို့ အပါအဝင် ဒေသခံ PDF အဖွဲ့များနှင့် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များ (ERO) အလွန်အများအပြား ရှိနေခြင်းနှင့် ထင်ရှားသော ခေါင်းဆောင်တစ်ဦး ရှိမနေခြင်းက ပို၍ သိသာပေါ်လွင်လာနေခြင်းမှာ အားနည်းချက်တစ်ခုဖြစ်နေသည်ဟု အကဲခတ်များက ရှုမြင်သည်။

 

မြန်မာသည် အာရုံစိုက်ခံရန် လိုအပ်

ယူကရိန်းစစ်ပွဲသည် နိုင်ငံတကာ၏ အာရုံစိုက်မှုကို ရရှိပြီး ယင်း၏ ပြည်သူများအနေဖြင့် ယူကရိန်းအလံပုံများကို ၎င်းတို့၏ ဖေ့ဘွတ်ခ် ပရိုဖိုင်ဓာတ်ပုံများ ချိန်းကြကာ ခေါင်းဆောင် ဇယ်လန်စကီးနှင့် ဇနီးသည်တို့၏ Vogue မဂ္ဂဇင်း ဖက်ရှင်ဓာတ်ပုံများကို ပို့စ်တင်ခဲ့ကြချိန် မြန်မာတွင် ယင်းကဲ့သို့သော အခြေအနေမျိုး ရှိမနေသည့်အတွက် မြန်မာပြည်သူများ ညည်းညူကြရသည်။

မြန်မာ့နွေဦးတော်လှန်ရေးတွင်မူ စစ်အာဏာသိမ်းမှု ဆန့်ကျင် ဆန္ဒပြပွဲများ၌ ဆန္ဒပြသူများ ကိုင်ဆောင်သော ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံများမှလွဲ၍ ထင်ရှားပေါ်လွင်သော အားကိုးစရာ ပြယုဂ် ရှိမနေပေ။

ဆိုရှယ်မီဒီယာနှင့် ပုဂ္ဂိုလ်ကျော် နိုင်ငံရေး ခေတ်တွင် NUG အနေဖြင့် အလွန်ပင် အရေးပါသော အဆင့်တစ်ခုတွင် ရောက်နေပြီး ထောင်ပေါင်းများစွာသော PDF တပ်ဖွဲ့ဝင်များသည်လည်း အကန့်အသတ်ရှိ၊ နည်းပါးသော လက်နက်ခဲယမ်းများ၊ လေကြောင်းတိုက်ခိုက်မှုအပေါ် ခုခံနိုင်စွမ်း အားနည်းမှုနှင့်အတူ အာဏာသိမ်းစစ်တပ်ကို ရင်ဆိုင်တိုက်ခိုက်နေရသည်။ ယင်းသည် အခြေခံအားဖြင့် နိုင်ငံတွင် ဒီမိုကရေစီနှင့် လွတ်လပ်မှုဆီ ဦးတည်သည့် အလွန်ခက်ခဲပင်ပန်းသော လမ်းပေါ်ရှိ နောက်ဆုံး ခြေလှမ်းဖြစ်သည်။ စိတ်ခံစားမှုများ ပြင်းထန်နေသော ဤဝန်းကျင်တွင် ပုံရိပ်က အရေးပါသည်။

ကမ္ဘောဒီးယား၏ ပိုပေါ့တ်၏ ၁၉၇၀ လူသတ်ကွင်းများကဲ့သို့ အသွင်တုပရန် ရည်ရွယ်ချက်ရှိပုံပေါ်သည့် မြန်မာအာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်၏ ဆိုးရွားပြီး လူမဆန် ရက်စက်သည့် လုပ်ရပ်များကြောင့် မြန်မာအနေဖြင့် အာရုံစိုက်ခံရရန် လိုအပ်သည်။

ပြီးခဲ့သည့် သီတင်းပတ်များအတွင်း မင်းအောင်လှိုင်၏ လေတပ်က ပဋိပက္ခဒဏ်သင့် စစ်ကိုင်းတိုင်း ပဇီကြီးကျေးရွာကို လေကြောင်းတိုက်ခိုက်၍ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ကျူးလွန်ခြင်းကြောင့် အမျိုးသား၊ အမျိုးသမီးနှင့် ကလေးများ အပါအဝင် ရွာသား ၁၇၀ ကျော် သေဆုံးခဲ့ရသည်။ ယင်းနောက်တွင်လည်း ဖုန်ထူသော ဧရိယာတွင် ကယ်ဆယ်ရေးအဖွဲ့များ ရုပ်အလောင်းများ ကောက်ယူ၊ မြှုပ်နှံသင်္ဂြိုဟ်မှုများ မလုပ်နိုင်အောင် နှောင့်ယှက်သည့်အနေဖြင့် စစ်ရဟတ်ယာဉ်များ ဝဲပျံကာ တားဆီးဟန့်တားခဲ့သည်။

ကံအားလျော်စွာဖြင့် အဆိုပါ မနှစ်မြို့ဖွယ် ဖြစ်စဉ်၏ သတင်းများက အင်တာနက်ပေါ်တွင် အလျင်အမြန် ပျံ့နှံ့သွားသည့်အတွက် နိုင်ငံတကာသို့ ပေါက်ရောက်မှု ရှိခဲ့သည်။

အဆိုပါ စစ်အုပ်စု၏ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ် ဖြစ်ပြီးနောက် တရားမဝင်သော မြန်မာအာဏာသိမ်းစစ်အုပ်စု၏ အကြီးအကျယ် ထိခိုက်ပျက်စီးစေသော ဖျက်ဆီးရမ်းကားမှုအပေါ် နှိမ်နင်းအရေးယူရန် NUG ယာယီသမ္မတ ဒူဝါလရှီးလက အာဆီယံနှင့် အခြားသော နိုင်ငံတကာ သက်ဆိုင်သူတို့ကို အလျင်အမြန် တောင်းဆိုပန်ကြားချက် ထုတ်ပြန်ခဲ့သည်။ ထို့ပြင် လူသားထုအပေါ် ကျူးလွန်သည့် ပြစ်မှုများအတွက် မြန်မာစစ်ဗိုလ်ချုပ်ကြီးများကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး ရှေ့မှောက်သို့ ခေါ်ဆောင်တရားစွဲဆို စီရင်ရန် လိုအပ်ကြောင်း ထပ်မံ အလေးပေး ပြောခဲ့သည်။

 

အာရုံထွေပြားနေသော ကမ္ဘာကြီး

မြန်မာနိုင်ငံသူနိုင်ငံသားများနှင့် မြန်မာ့အရေးအပေါ် စိတ်ဝင်တစား ရှိသော နိုင်ငံတကာ လေ့လာစောင့်ကြည်သူများအနေဖြင့် မြန်မာနိုင်ငံတွင် ထိတ်လန့်ဖွယ်ရာဖြစ်စဉ်များ တစ်နေ့ပြီးတစ်နေ့၊ တစ်ပတ်ပြီးတစ်ပတ် ဆိုသလို ဖြစ်ပျက်နေသည်ကို မြင်တွေ့ရလျက် ရှိသည်။ သို့သော် ယူကရိန်းစစ်ပွဲ၊ တတိယကမ္ဘာစစ်နှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများ၊ ထိုင်ဝမ်အပေါ်ကျူးကျော်မည် ဆိုသည့် တရုတ်၏ ခြိမ်းခြောက်မှုနှင့်ပတ်သက်သည့် ဗလုံစီနေသော တင်းမာမှုူ၊ ဘဏ်အများအပြား လုပ်ငန်းရပ်၊ ပြိုလဲပြီး ကြွေးမြီအောက်တွင် ယိမ်းထိုးနေသည့် ကမ္ဘာ့စီးပွားရေး တို့ကြောင့် ကမ္ဘာကြီးသည် အများအားဖြင့် အာရုံထွေပြားလျက် ရှိသည်။

နွေဦးတော်လှန်ရေးသည် နေပြည်တော်ရှိ စစ်ဗိုလ်ချုပ်ကြီးများအပေါ် ရှော့ခ် ဖြစ်စေခဲ့သည် ဆိုသည်မှာ သံသယဖြစ်စရာ မရှိပေ။ မင်းအောင်လှိုင်သည် မြန်မာပြည်သူတို့အပေါ် တွက်ကိန်းမှားခဲ့ကြောင်းနှင့် အခြေအနေက မတူခြားနားခဲ့နိုင်ကြောင်း မြန်မာ့အရေးအပေါ် အနီးကပ်စောင့်ကြည့်သူများက လက်ခံထားကြသည်။ ပြည်သူများသည် အာဏာသိမ်းမှုအပေါ် ဆန့်ကျင်ဆန္ဒပြပြီး ယင်းနောက် ၎င်းတို့၏ ပုံမှန်ဘဝများသို့ ပြန်သွားကြလိမ့်မည်ဟု စစ်ခေါင်းဆောင်က တွက်ဆခဲ့သည်။ နွေဦးတော်လှန်ရေး၏ တက်ကြွထက်သန်မှုကို မင်းအောင်လှိုင်တစ်ယောက် မျှော်မှန်းထားခဲ့လိမ့်မည် မဟုတ်ပေ။

စစ်အာဏာသိမ်းပြီးနောက် နှစ်နှစ်အကြာတွင် တော်လှန်ရေး၏ စနစ်တကျ စီစဉ်ထားသော မျက်နှာဖြစ်သည့် NUG ၊ ယင်း၏ ဆက်စပ် အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ (NUCC) နှင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH) တို့သည် တရားမဝင်သော စစ်အုပ်စုကို စိန်ခေါ်ရင်ဆိုင်မည့် ကာကွယ်ရေးတပ်ဖွဲ့ အပါအဝင် အတိုက်အခံ အစိုးရတစ်ရပ် ထူထောင်သည့် အသင့်အတင့် အလုပ်တစ်ခုကို လုပ်ဆောင်ထားခဲ့ကြောင်း ပြောဆိုနိုင်သည်။

“စိန်ခေါ်မှု များစွာ ရှိခဲ့ပေမယ့် ခြုံကြည့်ရင်တော့ ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း NUG ရဲ့ စွမ်းဆောင်နိုင်မှုဟာ ပြည်သူလူထုရဲ့ ထောက်ခံအားပေးမှုကြောင့် အတော်များများ အောင်မြင်ခဲ့ပါတယ်။ မိမိတို့ရဲ့ ယာယီသမ္မတကြီး ပြောသလို စစ်ကောင်စီရဲ့ အခွင့်အရေးချိုးဖောက်မှုတွေ၊ ရက်စက်ကြမ်းကြုတ်မှုတွေကနေ ပြည်သူတွေကို အပြည့်အဝ အကာအကွယ် မပေးနိုင်တာက သိသာထင်ရှားတဲ့ စိန်ခေါ်မှုတစ်ခု ဖြစ်တယ်ဆိုပေမယ့် မိမိတို့ဟာ အဲဒါကို ကျော်လွှားဖို့ အကောင်းဆုံး လုပ်ဆောင်နေပါတယ်။ ပြည်သူတွေကို တိုက်ရိုက် လူသားချင်းစာနာမှု အကူအညီတွေ ပေးနိုင်ဖို့ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ မိမိတို့ အတူ လက်တွဲလုပ်ဆောင်နေပါတယ်။ ပြည်သူတွေအနေနဲ့ ဆက်လက် ပူးပေါင်းပါဝင်ဖို့နဲ့ အရှိန်အဟုန် မပျက်စေဖို့ ကျွန်တော် တိုက်တွန်းပါတယ်” ဟု NUG သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက မဇ္စျိမကို ပြောသည်။

ဘုံရည်မှန်းချက်တစ်ခု ရှိသော်လည်း NUG သည် နွေဦးတော်လှန်ရေး၏ ပါဝင်သူအားလုံးကို ကိုယ်စားမပြုဘဲ PDF အဖွဲ့များနှင့် EROs အများအပြားသည် အာဏာသိမ်းအုပ်စုကို ဖြုတ်ချရန် သီးခြားလွတ်လပ်စွာ လှုပ်ရှားနေကြသည်။

နွေဦးတော်လှန်ရေးအတွက် ပင်မ ခေါင်းဆောင်မှု အဖွဲ့ဖြစ်သည့် NUG သည် မြန်မာအာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်တော်လှန်မည့် စစ်ရေး စစ်ဆင်ရေးများကို ပူးပေါင်းညှိနှိုင်းချိတ်ဆက်၊ အားကောင်းစေရန်၊ လူသားချင်းစာနာမှု အကူအညီ ပေးပို့ရန်၊ အတိုက်အခံအစိုးရ အခြေခံအဆောက်အအုံတစ်ခု တည်ဆောက်ရန်နှင့် နိုင်ငံတကာ စင်မြင့်ထက် ယင်း၏ ကိုယ်စားပြုမှုကို အားကောင်းစေရန် လုပ်ဆောင်လျက် ရှိသည်။

 

တိုက်ခိုက်ရေး စွမ်းအား

မကြာသေးခင်က အကဲဖြတ်ချက်တစ်ခုတွင် မြင်ခဲ့ရသည့်အတိုင်း ရှင်းလင်းသည့်အရာက NUG အနေဖြင့် မည်သို့ဆိုစေ အတိုက်အခံအစိုးရတစ်ရပ် ထူထောင်တည်ဆောက်ရေး အစွမ်းကုန် လုပ်ဆောင်ရန် ကြိုးပမ်းလျက်ရှိပြီး တစ်ဖက်တွင် PDF အဖွဲ့များနှင့် စစ်ပွဲကို တိုက်ခိုက်နေသော လူအင်အားကို ထောက်ကူပံ့ပိုးရသည့် အဓိက စိန်ခေါ်မှုနှင့်ပတ်သက်၍ အစွမ်းကုန်လုပ်ဆောင်ရန် လုံလောက်သည့် အနေအထား ရှိမနေခြင်းပင် ဖြစ်သည်။

၂၀၂၁ ဖေဖေါ်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းမှုမှ ၂၀၂၃ ဇန်နဝါရီအထိ ကာလအတွင်း ဖြစ်ပေါ်ခဲ့သည့် အခြေအနေများကို ရေးသားထားသည့် “CRPH ၊ NUCC နှင့် NUG” တို့၏ နှစ်နှစ်တာကာလ လုပ်ဆောင်ချက်များ” ဟု ခေါင်းစဉ်တပ်ထားသော ဉာဏ်လင်းသစ် သုတေသနအဖွဲ့၏ အစီရင်ခံစာတစ်ရပ်အရ PDFs များကို NUG က ၂၀၂၁၊ မေလ ၅ ရက်တွင် ပထမဆုံး ထူထောင်ခဲ့သည်ဟု ဆိုသည်။

ဖြစ်ပေါ်ခဲ့ပုံရသည်က NUG သည် တော်လှန်ရေးအဖွဲ့များ ဖွဲ့စည်းရာတွင် လူငယ်အမျိုးသားများနှင့် အမျိုးသမီးတချို့ ပါဝင်သော အုပ်စုအဖွဲ့များ၏ သီးခြားလွတ်လပ်သော ကြိုးပမ်းမှုများကို လက်ခံပွေ့ဖက်ခဲ့ပြီး တချို့ကို NUG က တိုက်ရိုက် ထိန်းချုပ်ခဲ့သည် ဆိုသော်လည်း အများစုသည် NUG ကို သစ္စာခံကာ အများအားဖြင့် သီးခြားလွတ်လပ်စွာ လှုပ်ရှားနေခြင်းပင် ဖြစ်သည်။

အာဏာသိမ်းပြီးနောက် ပြည်သူများက အများအားဖြင့် ငြိမ်းချမ်းသော နည်းလမ်းဖြင့် စစ်ကောင်စီ၏ ဖိနှိပ်မှုကို ခုနစ်လကြာ ခုခံရင်ဆိုင်ခဲ့သော်လည်း ၂၀၂၁ စက်တင်ဘာ ၇ ရက်မှစပြီး “ခုခံစစ် စတင်” ကြောင်း NUG ယာယီသမ္မတ ဒူဝါလရှီးလက ကြေညာခဲ့ချိန်တွင် ခုခံစစ်နှင့်အတူ ခုခံတော်လှန်ရန် အချိန်ကျရောက်ခဲ့သည်။

ထိုအချိန်မှစ၍ နိုင်ငံတစ်ဝန်းတွင် လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များ ပေါ်ထွက်ခဲ့ပြီး တချို့သည် စစ်ကောင်စီကို ဖြုတ်ချရန် EROs ရှစ်ဖွဲ့နှင့် မဟာမိတ်ပြုလျက် တိုက်ခိုက်နေကြသည်။ ထို့ပြင် ၂၀၂၂ တွင် ဗမာ့ပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) နှင့် မကွေးအခြေစိုက် ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့ PRA-Magway တို့သည် NUG ကာကွယ်ရေးဝန်ကြီးဌာနနှင့် တွေ့ဆုံခဲ့ပြီး စစ်ရေးကိစ္စများတွင် မဟာမိတ်ဖွဲ့လျက် အတူလုပ်ကိုင်ခဲ့ကြသည်ဟု ဆိုသည်။

NUG ခေါင်းဆောင်များနှင့် NUG ကာကွယ်ရေးဝန်ကြီးတို့သည် ရှေ့တန်းစစ်စခန်းများနှင့် တော်လှန်ရေးတပ်ဖွဲ့များ၏ သင်တန်းဆင်းပွဲအခမ်းအနားကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်ပြီး ၎င်းတို့၏ နေထိုင်မှု အခြေအနေများကို ကြည့်ရှုစောင့်ရှောက်ခဲ့သည်ဟု သတင်းများအရ သိရသည်။ NUG ကာကွယ်ရေးဝန်ကြီးဌာနသည် လယ်ဗယ်တချို့ဖြင့် စားနပ်ရိက္ခာ ထောက်ပံ့မှု၊ လက်နက်များနှင့် ခဲယမ်းများ ထောက်ပံ့ရန် ပြည်သူများနှင့် မဟာမိတ်ပြု ပူးပေါင်းလုပ်ဆောင်ထားသည်။

 

အကန့်အသတ်ရှိသော လက်နက် ထောက်ပံ့မှု

ခုခံတော်လှန်ရေးကို လက်နက်တပ်ဆင်ထောက်ပံ့ခြင်းက ကြီးလေးသော ပြဿနာတစ်ခုဖြစ်သည်။ PDFs များ လေယာဉ်ပစ်လက်နက်များ ရရှိနေသည် ဆိုပြီး မကြာသေးခင်က မှားယွင်းသည့် ပြောဆိုမှုများ ရှိခဲ့သော်လည်း အမှန်လက်တွေ့တွင် PDF အဖွဲ့အများအပြားသည် အပြည့်အဝ လက်နက်တပ်ဆင်ထားခြင်း မရှိသေးသလို အများအပြားသည် လက်လုပ်လက်နက်များနှင့် ခဲယမ်းများနှင့်သာ လှုပ်ရှားနေကြသည်။ PDFs အများအပြားသည် လက်လုပ်မိုင်းများ အသုံးပြုလျက် ပစ်ပြီးပြေးသော နည်းဗျူဟာများနှင့် ကော်မာရှယ် အရည်အသွေး ဒရုန်းများအပေါ်တွင်သာ အားကိုးနေကြရသည်။

စစ်အုပ်စုအနေဖြင့် နိုင်ငံ၏ နယ်မြေထက်ဝက်ကျော်ကို ထိန်းချုပ်မှု လက်လွှတ်ဆုံးရှုံးထားရကြောင်း မင်းအောင်လှိုင်က ဝန်ခံထားရသည် ဆိုသော်လည်း အခက်အခဲများ ရှိနေကြောင်း NUG ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက မှတ်ချက်ပြုသည်။ စစ်အုပ်စုသည် နိုင်ငံ၏ နယ်မြေ ၁၇ ရာခိုင်နှုန်းကိုသာ ထိန်းချုပ်နိုင်သည်ဟု အကဲခတ်များက မှတ်ချက်ပြုသည်။

လက်နက်များ ဝယ်ယူမှုပိုင်းတွင် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရကြောင်း NUG ပြောရေးဆိုခွင့်ရှိသူက ဝန်ခံသလို လက်နက်ကိုင် တော်လှန်ရေး လှုပ်ရှားမှုတွင် ပိုမိုကြီးမားသော အောင်မြင်မှုကို ရရှိရန် ဗဟို ကွပ်ကဲမှု စနစ်တစ်ခုက အရေးကြီးကြောင်း အလေးပေး ပြောသည်။

“လက်နက် လိုအပ်ချက်က အင်မတန် မြင့်မားနေတယ်။ လက်နက် ဝယ်ယူရတဲ့ ကုန်ကျစရိတ်ကလည်း နှစ်ဆတက်ထားတယ်။ တချို့နေရာတွေမှာဆိုရင် သုံးဆလောက် တက်နေတယ်။ စိန်ခေါ်မှုတွေ ရှိပေမယ့် ပြည်သူတွေရဲ့ စွမ်းအားနဲ့ တော်လှန်မှုက ဆက်လက် အားကောင်းနေတယ်။ လက်ရှိမှာ မိမိတို့ဟာ ဗဟို ကွပ်ကဲမှုစနစ်တစ်ခု ဖော်ဆောင်ဖို့ အာရုံစိုက်နေတယ်။ အဲဒါက အတိုင်းအတာတချို့အထိ အောင်မြင်မှု ရထားတယ်။ ပိုမို ကြီးမားတဲ့ အောင်မြင်မှု ရဖို့ဆိုရင် မိမိတို့ဟာ စုစည်းညီညွတ်စွာနဲ့ မဟာဗျူဟာကျစွာ တိုက်ခိုက်ဖို့ ဗဟိုကွပ်ကဲမှုစနစ်တစ်ခု လိုပါတယ်။ အဲဒီ နည်လမ်းနဲ့ ကြီးမားတဲ့ အောင်မြင်မှုကို ရပါလိမ့်မယ်” ဟု ဦးကျော်ဇောက ပြောသည်။

 

ငွေကြေးထောက်ပံ့မှု အကျပ်ရိုက်မှု

NUG အတွက် အဓိကအရာတစ်ခုက ငွေကြေးထောက်ပံ့မှုနှင့်  စီမံအုပ်ချုပ်မှု အခြေခံအဆောက်အအုံ၊ လစာများ၊ လိုအပ်နေသူများအတွက် လူသားချင်းစာနာမှု အကူအညီနှင့် စစ်ပွဲ အားထုတ်မှုများကို ထောက်ပံ့ရန် ငွေကြေးထောက်ပံ့နိုင်စွမ်း ဖြစ်သည်။

NUG အနေဖြင့် ပြတ်ပြတ်သားသား မလုပ်နိုင်ဘဲ ဖြစ်နေသည်။ တစ်ဖက်တွင် ယင်းအနေဖြင့် နိုင်ငံတကာ၏ ငွေကြေးထောက်ပံ့မှုကို ရရှိနိုင်ရေး ရုန်းကန်ကြိုးပမ်းနေရသည်။ နိုင်ငံတကာ၏ ငွေကြေးထောက်ပံ့မှုက ဗဟိုကွပ်ကဲမှု ဖွဲ့စည်းမှု အမိုးအကာအောက်တွင် PDFs များနှင့် EROs များကို ပိုမို ပါဝင်စေရန်ကူညီနိုင်သည်။ အခြားတစ်ဖက်တွင် NUG အနေဖြင့် စစ်အုပ်စု ဆန့်ကျင်တော်လှန်ရေးတပ်ဖွဲ့ဝင်များအပေါ် ထိန်းချုပ်မှု မည်မျှ ရှိသလဲ ဆိုသည်နှင့်ပတ်သက်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်း၏ မေးခွန်းထုတ်မှုများ ရှိနေသည်။

NUG အနေဖြင့် ငွေကြေးထောက်ပံ့မှု လိုအပ်သည်။ အနောက်အုပ်စု အစိုးရများအနေဖြင့် မြန်မာ အာဏာသိမ်းစစ်အုပ်စုကို ယင်း၏ လူမဆန် ရက်စက်သော လုပ်ရပ်များအတွက် အပြင်းအထန် ဝေဖန်ရှုတ်ချထားသည်ဆိုသော်လည်း တစ်ဖက်တွင် NUG ကို အသိအမှတ်ပြုမှုနှင့် ပံ့ပိုးထောက်ကူမည့် ငွေကြေးတို့ ထောက်ပံ့ပေးအပ်ရန် ဝန်လေးနေသည့်ပုံပေါ်သည်။

 

သံတမန်ရေးရာ တိုးတက်မှု ရှိမှု

မြန်မာ့အရေးကိစ္စကို ကုလသမဂ္ဂတွင်နှင့် ကမ္ဘာတစ်ဝန်း အစိုးရများထံ တင်ပြရန် နိုင်ငံတကာ သံတမန်ရေးရာ မျက်နှာစာတွင် တိုးတက်မှု ရှိခဲ့သည်ဟု ဆိုရမည် ဖြစ်သည်။

ဉာဏ်လင်းသစ် သုတေသနအဖွဲ့၏ အစီရင်ခံစာတွင် ထောက်ပြခဲ့သလိုပင် NUG သည် အမေရိကန်အစိုးရနှင့် အောင်မြင်မှုတစ်ခု ရခဲ့သည်။ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ဖြစ်စေ သို့မဟုတ် အဖွဲ့အစည်းတစ်ခုလုံး ဖြစ်စေ မြန်မာပြည်သူများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှု ကျူးလွန်သူများနှင့် စစ်ကောင်စီနှင့် ဆက်နွယ်ပတ်သက်သူအားလုံးအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရန် BURMA Act အက်ဥပဒေကို ၂၀၂၁ မေလ ၁၀ ရက်တွင် အမေရိကန်ကွန်ဂရက်ထံ တင်သွင်းခဲ့သည်။ ၂၀၂၂ ၊ ဒီဇင်ဘာ ၂၃ ရက်တွင် BURMA Act ပါဝင်သည့် အမျိုးသား ကာကွယ်ရေး လုပ်ပိုင်ခွင့် အက်ဥပဒေ NDAA ကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က လက်မှတ်ရေးထိုးခဲ့သည်ဖြစ်ရာ မြန်မာထံ လူ့အသက်သေစေခြင်း မရှိသော အကူအညီများ စတင်ခဲ့သည်။

ဤအကူအညီကို ၂၀၂၃ မှ ၂၀၂၇ အထိ လက်ခံရရှိမည် ဖြစ်သည့်အတွက် အမေရိကန်သည် EROs များ အပါအဝင် CRPH ၊ NUCC နှင့် NUG တို့ကို ကူညီရန် ယင်း၏ အထောက်အပံ့ကို စတင်နေပြီဖြစ်သည်။

၂၀၂၂ ၊ ဒီဇင်ဘာ ၂၁ ရက်တွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြန်မာနိုင်ငံတစ်ဝန်း အကြမ်းဖက်မှုအားလုံး အမြန်ဆုံး ရပ်ဆိုင်းရေး တောင်းဆိုသလို သမ္မတ ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးရန် စစ်ကောင်စီထံ ညွှန်ကြားချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။ ထို့ပြင် ဆွေးနွေးညှိနှိုင်းမှုများ လုပ်ဆောင်ရန်နှင့် အာဆီယံ ဘုံသဘောတူညီချက် ငါးရပ်ကို အကောင်အထည်ဖော်ရန် ၎င်းတို့က တောင်းဆိုသည်။

မြန်မာ့အကျပ်အတည်းကို ကုလသမဂ္ဂ အစည်းအဝေး အစီအစဉ်တွင် ရောက်ရှိရေး ကြိုးပမ်းမှုအဖြစ် NUG သည် အထူးသဖြင့် နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၏ ရုံးမှတစ်ဆင့် သက်ဆိုင်ရာ ကုလရုံးများနှင့် ထိတွေ့ဆက်ဆံရန် လက်လှမ်းလုပ်ဆောင်ထားခဲ့သည်။

ကုလသမဂ္ဂ အထူးသံတမန် မစ္စ နိုလင်း ဟေဇာသည် မြန်မာအတိုက်အခံများနှင့် NUG နှင့် ဆက်ဆံပတ်သက်မှုနှင့်ပတ်သက်၍ မေးမြန်းခြင်း ခံခဲ့ရသည်။ ထိုကိစ္စနှင့်ပတ်သက်၍ မီဒီယာ၏ မေးမြန်းခြင်းကို ခံရစဉ် NUG ကိုယ်စားလှယ်များနှင့် အလွတ်သဘော တွေ့ဆုံမှုများ ရှိခဲ့ကြောင်း မစ္စ ဟေဇာက ၂၀၂၃ မတ်လတွင် ထုတ်ဖော်သည်။ ထို့ပြင် သူမအနေဖြင့် NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် တွေ့ဆုံရန် စီစဉ်နေကြောင်း ပြောသော်လည်း ထိုတွေ့ဆုံမှုက လက်ရှိအချိန်တွင် တွေ့ဆုံပြီးပြီလား ဆိုသည်မှာ မရှင်းလင်းပေ။

 

ဘုံအမြင်လား

နွေဦးတော်လှန်ရေး၏ အဓိကအချက်တစ်ခုက NUG နှင့် အခြားသော နိုင်ငံရေး သက်ဆိုင်ပတ်သက်သူတို့အနေဖြင့် မြန်မာနိုင်ငံအတွက် မည်သည့်အနာဂတ်ပုံစံမျိုး လိုချင်သလဲ ဆိုသည်ကို တိတိကျကျ ပြောဆိုရန် NUG ကို တောင်းဆိုမှု ဖြစ်သည်။

အာဏာသိမ်းစစ်တပ်ကို တိုက်ခိုက်ရန်အတွက် နွေဦးတော်လှန်ရေး အမိုးအကာအောက်တွင် ပြည်သူများ အတူတကွ စည်းရုံးစေရေး ထောက်ကူရန်နှင့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု၏ ပုံစံကို ဖော်ထုတ်ဖန်တီးရန် PDF နှင့် ERO အသီးသီးနှင့် ဆွေးနွေးသွားရေး NUG ကို အကဲခတ်တချို့က တိုက်တွန်းတောင်းဆိုလျက် ရှိသည်။

မြန်မာတွင် ငြိမ်းချမ်းရေး ဆွေးနွေးမှုများအတွက် နှစ်များစွာကြာ ကြိုးပမ်းအားထုတ်ခဲ့သော်လည်း အချည်းနှီးဖြစ်ခဲ့မှုကြောင့် ယင်းက လွယ်ကူလိမ့်မည်ဟု မည်သူကမှ ထင်မည် မဟုတ်ပေ။

NUG အနေဖြင့် နှစ်နှစ်ပြည့်မြောက်ခဲ့ချိန် ယင်းသည် ပြီးပြည့်စုံမှု မရှိသေးဟု နိုင်ငံတကာအသိုင်းအဝိုင်းက လက်ခံလာလိမ့်မည်ဟု အများက ထင်ကြသည်။ NUG တွင် ထင်ရှားပေါ်လွင်သည့် ထူးခြားသော ပင်ဂိုလက္ခဏာပြယုဂ်လည်း မရှိဘဲ ဖြစ်ကောင်းဖြစ်နေနိုင်သည်။ သို့သော် ကမ္ဘာကြီးအနေဖြင့် ရွှေမြန်မာပြည်တွင် ငြိမ်းချမ်းမှုကို မြင်တွေ့ချင်သည် ဆိုပါက NUG သည် လက်တွဲလုပ်ဆောင်ရမည့် အကောင်းဆုံးယာဉ်ပင် ဖြစ်ပေသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly