ကရင်နီပြည်ရဲအဖွဲ့နှင့် ကျေးလက်မြေအဖွဲ့တို့ပူးပေါင်းပြီး ကြားကာလ တရားဥပဒေစိုးမိုးရေး ဆွေးနွေး

By ဂျူချန်း(မဇ္ဈိမ)
24 April 2023
ကရင်နီပြည်ရဲအဖွဲ့နှင့် ကျေးလက်မြေအဖွဲ့တို့ပူးပေါင်းပြီး ကြားကာလ တရားဥပဒေစိုးမိုးရေး ဆွေးနွေး

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့ အနောက်ခြမ်းတစ်နေရာတွင် ကရင်နီပြည်ရဲအဖွဲ့(KSP)နှင့် ကျေးလက်မြေအဖွဲ့တို့ပူးပေါင်းကာ ယနေ့  ဧပြီလ ၂၄ ရက် နံနက် ၉ နာရီတွင် ကျေရွာနှစ်ရွာမှ ရပ်မိရပ်ဖ များနှင့် ဆွေးနွေးပွဲကျင်းပခဲ့ကြောင်း ကျေးလက်မြေအဖွဲ့ နာယက ဦးဇော်မင်းထိုက်ထံမှ သိရသည်။

အဆိုပါဆွေးနွေးပွဲတွင် ကရင်နီပြည်ရဲအဖွဲ့(KSP)အမှတ်(၈) စခန်းမှူး၊ ကျေးလက်မြေအဖွဲ့မှ ဒါရိုက်တာ မမူစဲနှင့် နာယကဖြစ်သူ ဦးဇော်မင်းထိုက်တို့တက်ရောက်ခဲ့ပြီး ကျေးရွာနှစ်ရွာမှ ရပ်မိရပ်ဖများ၊ လူငယ် ခေါင်းဆောင်များအပါအဝင် စုစုပေါင်း ၄၀ ကျော်တက်ရောက်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင်  ကြားကာလအုပ်ချုပ်ရေးအတွင်း တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ ကျားမတန်းတူရေးနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု လျှော့ချနိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးကာ ကရင်နီပြည်ရဲအဖွဲ့(KSP)၊ ကျေးလက်မြေအဖွဲ့နှင့် ရပ်မိရပ်ဖများ၊ လူငယ်ခေါင်းဆောင်များနှင့် ကျေးရွာ ဒေသခံများက ဝိုင်းဝန်းအကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း ဆိုသည်။

“ဒီ ကြားကာလအတွင်းမှာ တရားဥပဒေစိုးမိုးမှုတွေရှိဖို့၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက်ရယ်၊ ကျားမ တန်းတူရေးနဲ့ အမျိုးသမီးများအတွက် အကြမ်းဖက်မှု လျှော့ချနိုင်ရေးအတွက် လူထုနဲ့ ကျေးရွာ ရပ်မိရပ်ဖ ခေါင်းဆောင်တွေ၊ လူငယ်ခေါင်းဆောင်တွေနဲ့အတူ ကရင်နီပြည်က CDM ရဲများဦးဆောင်ပြီး ဖွဲ့စည်းထား တဲ့ KSP ရယ် ကျေးလက်မြေရယ် အားလုံးပူးပေါင်းပြီး ဆက်လက်လုပ်ဆောင်ဖို့အတွက် ရည်ရွယ်ချက် ချမှတ်ခဲ့ပါတယ်” ဟု ကျေးလက်မြေအဖွဲ့ နာယက ဦးဇော်မင်းထိုက်က ပြောသည်။

ကရင်နီပြည်ရဲအဖွဲ့(KSP)သည် ကရင်နီပြည်နယ်ရှိ CDM ရဲများဖြင့် ၂၀၂၁ ခုနှစ်က ဖွဲ့စည်းထားသည့် အဖွဲ့အစည်းဖြစ်ပြီး အမှတ်(၁)မှ အမှတ်(၈)အထိ ဖွဲ့စည်းထားကာ ဒေသန္တရဖွံ့ဖြိုးရေးလုပ်ငန်းများ၊ မူးယစ် ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယခုကျေးလက်မြေအဖွဲ့နှင့် ပူးပေါင်းကာ လူထုဆွေးနွေးပွဲကျင်းပသည်မှာ ပထမဆုံးဖြစ်ကြောင်း သိရသည်။

စာတည်း။     ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required