ရန်ကုန်မြို့တွင် ဧည့်စာရင်းစစ်ရာမှ ခရမ်း PDF တပ်ဖွဲ့၀င် ၆ ဦး ဖမ်းဆီးခံရ 

By ရောင်နီ (မဇ္စျိမ)
24 April 2023
ရန်ကုန်မြို့တွင် ဧည့်စာရင်းစစ်ရာမှ ခရမ်း PDF တပ်ဖွဲ့၀င် ၆ ဦး ဖမ်းဆီးခံရ 

ရန်ကုန်မြို့သို့ရောက်ရှိနေသည့် ခရမ်း PDF တပ်ဖွဲ့ဝင်ခြောက်ဦးသည် ဧည့်စာရင်းစစ်ရာမှ တစ်ဆင့် စစ်ကောင်စီတပ်၏ဖမ်းဆီးခြင်းကိုခံလိုက်ရကြောင်း PDF Khayan ခေါင်းဆောင် ကိုမီးပွားက မဇ္စျိမသို့ပြောသည်။ 

ခရမ်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF Khayan) ရဲဘော်များဖြစ်သည့် ရဲဘော်ရနောင်၊ ရဲဘော်မှေးကြီး၊ ရဲဘော်ဗိုက်ကလေး၊ ရဲဘော်သာလိကာ၊ ရဲဘော်စာကလေးနှင့် ရဲဘော် DK တို့ ခြောက်ဦး ဧပြီလ ၂၂ ရက်နေ့တွင် ဖမ်းဆီးခံရခြင်းဖြစ်သည်။

“ ကိုယ်မပိုင်တဲ့နေရာမှာ နေမိလို့ပါ။ ရန်ကုန်မှာ ဧည့်စာရင်းစစ်ရာက ဖမ်းဆီးခံရတာဖြစ်ပါတယ်။ သမိုင်း မုဒိတာအိမ်ယာနဲ့ သာကေတမှာ သုံးယောက်တဖွဲ့ နှစ်နေရာခွဲနေတာပါ။ ပထမသုံးဦး အရင်ဖမ်းခံထိပြီးမှ နောက်သုံးဦးထပ်ပါတာဖြစ်ပါတယ်။ ၀ပ်ကျင်းနဲ့ ပစ္စည်းတချို့ပါသွားတယ် ” ဟု ကိုမီးပွားကပြောသည်။

ဖမ်းဆီးခံရသည့်ရဲဘော်များကို စစ်ကောင်စီတပ်ကစစ်ဆေးမှုများပြုလုပ်နေပြီး ၀ပ်ကျင်းများနှင့် ပစ္စည်း ထိန်းသိမ်းထားသည့် နေရာများကိုဖော်ထုတ်ခိုင်းနေ၍ အသက်အန္တရာယ်ရှိကြောင်း သိရသည်။ 

“ ဖမ်းထားတဲ့ ခြောက်ယောက်မှာ သုံးယောက်ကို ခရမ်းမှာ ထားတယ်။ ကျန်သုံးယောက်ကို လှိုင်သာယာ စစ်ကြောရေးမှာ ဆက်လက်စစ်နေတယ်ဆိုပြီး သိထားတယ်။ သူတို့ရဲ့ အသက်အန္တရာယ်လည်း စိုးရိမ် နေရပါတယ်။ သူတို့တာ၀န်တွေ ကျွန်တော်တို့ ပိုထမ်းကြ ပိုကြိုးစားကြမှာပါ။ တော်လှန်ရေးမှာ အခုလိုက ကြုံရမှာပဲလေ။ ဒီလောက်နဲ့ ကျွန်တော်တို့တပ်ဖွဲ့ စိတ်ဓာတ်မကျပါဘူး” ဟု ၎င်းက ဆိုသည်။

ထို့ပြင် စစ်ကောင်စီတပ်က ဖမ်းဆီးထားသည့်ရဲဘော်များ၏ဖုန်းများဖြင့် လိုက်လံဆက်သွယ်မှုများ ပြုလုပ်နေကာ ကွင်းဆက်များကို ထပ်မံဖော်ထုတ်ရန်ကြိုးစားနေသည့်အတွက် အဆိုပါ ရဲဘော်များနှင့် အဆက်အသွယ်ပြုလုပ်ခဲ့ဖူးသူများ ရှောင်တိမ်းနေထိုင်ကြရန်လည်း ခရမ်း PDF က အသိပေးချက် ထုတ် ပြန်ထားသည်။

ဖမ်းဆီးခံ ရဲဘော်ခြောက်ဦးနှင့် ဆက်စပ်မှုရှိသည်ဟုဆိုသည့် မြို့နေပြည်သူအချို့၏ဓာတ်ပုံများကို ခရမ်း မြို့နယ်ရှိ ရဲစခန်းရှေ့၊ ထွေအုပ်ရုံးရှေ့နှင့် မြို့နယ်အတွင်းရှိ ဓာတ်တိုင်အချို့တွင်ကပ်ကာ ဖမ်း၀ရမ်းထုတ် ထားမှုများရှိနေကြောင်းလည်း ဒေသတွင်းသတင်းများကို ဖော်ပြနေသည့် ခရမ်းချန်နယ်တွင် ရေးသား ထားသည်။

စစ်ကောင်စီတပ်၏ မတရားဖမ်းဆီးမှုခံရမည်ကို စိုးရိမ်သောကြောင့် ရှောင်တိမ်းလာသူများကိုလည်း ကာကွယ်ရေးတပ်ဖွဲ့ကလက်ခံထားပြီး တိုက်ခိုက်ရေးများ ဆက်လက်သင်ကြားပေးနေကြောင်း သိရ သည်။

ရန်ကုန်တိုင်းတောင်ပိုင်းခရိုင်တွင်ပါ၀င်ပြီး ပဲခူးတိုင်းနှင့် နယ်နမိတ်ထိစပ်လျက်ရှိသည့် ခရမ်းမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့များ၊ ၎င်းတို့နင့် ပတ်သက်ဆက်နွှယ်သူများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယခုနှစ် မတ်လကုန်ပိုင်းမှစတင်ကာ တိုက်ခိုက်မှုများ ပြုလုပ်နေသည်။ 

“ ဖိနှိပ်မှုတွေလုပ်လေ ခရမ်းပြည်သူတွေက တော်လှန်ရေးအတွက် စိတ်ဓာတ်တွေပိုခိုင်မာလာလေ ယုံကြည်လာလေပါ။ ဖိရင်ကြွမယ် ထိရင်ချမယ်ဆိုတဲ့ သူတွေချည်းပါပဲ။ အကြမ်းဖက်စစ်ကောင်စီတပ် အတွက်တော့ ခရမ်းက အိပ်မက်ဆိုးတွေ ပေးနေဦးမှာပါ ” ဟု PDF Khayan ခေါင်းဆောင်ကိုမီးပွားက ပြောသည်။

အာဏာသိမ်းစစ်ကောင်စီတပ်နှင့် လက်အောက်ခံများကို ခုခံတိုက်ခိုက်ရန် ခရမ်းမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်ပြီး စတင်ဖွဲ့စည်းချိန်မှစတင်ကာ လက်ရှိအချိန်အထိ PDF Khayan မှ တပ်ဖွဲ့၀င် ၂၀ ကျော် စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံထားရသည့်အပြင် လေးဦးမှာ မြင့်မြတ်စွာ ကျဆုံးခဲ့ ရကြောင်း သိရသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly