မြန်မာစစ်ဘေးရှောင်များကို နှင်ထုတ်မည်မဟုတ်ဟု မီဇိုလူငယ် ဥက္ကဋ္ဌဆို 

By ပါခွီး (မဇ္စျိမ)
24 April 2023
မြန်မာစစ်ဘေးရှောင်များကို နှင်ထုတ်မည်မဟုတ်ဟု မီဇိုလူငယ် ဥက္ကဋ္ဌဆို 

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင်ခိုလှုံနေသော မြန်မာစစ်ဘေးရှောင်များကို ပြန်လည်နှင်ထုတ် မည်မဟုတ်ကြောင်း မီဇိုလူငယ်အသင်း(ဗဟို)ဥက္ကဋ္ဌကပြောကြားလိုက်ကြောင်း ဒေသတွင်းထုတ်ဝေသည့် ဇိုဇမ်တိုင်းမ်သတင်းစာတွင် ဧပြီလ ၂၂ ရက်နေ့က ဖော်ပြသည်။

လူငယ်အသင်းဥက္ကဋ္ဌ R, Lalngheta သည် အိန္ဒိယ - မြန်မာနယ်စပ် ဇိုးခွားထာရ် စစ်ဘေးရှောင်စခန်းသို့ လာရောက်ကြည့်ရှုပြီး ဒေသခံခေါင်းဆောင်များနှင့်တွေ့ဆုံချိန်တွင် ယင်းသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။
မြန်မာစစ်ဘေးရှောင်များ၏ အခြေအနေမှန်ကို သိရှိလို၍ စခန်းသို့ကိုယ်တိုင်လာရောက် လာကြည့်ရခြင်း ဖြစ်ကြောင်းလူငယ်ဥက္ကဋ္ဌမှ ဆိုသည်။

ထို့ပြင် အနေကြာပြီးအထိုင်ကျလျက်ရှိနေသော စစ်ဘေးရှောင်များအတွက် ၎င်းတို့ကိုယ်တိုင် အသက်မွေး ဝမ်းကျောင်းပြုနိုင်ရေး ဝိုင်းဝန်းကူညီပေးရန် လိုအပ်ကြောင်းလည်းပြောသည်။

စစ်ဘေးရှောင်ဦးရေး တိုးလာနေသော်လည်း ကူညီထောက်ပံ့ပေးသူများ လျော့နည်းလာနေသဖြင့် ခိုလှုံလာကြသော သွေးချင်းညီနောင်များအတွက် ပိုမိုအားစိုက်လုပ်ကိုင်လိုကြောင်းနှင့်တတ်နိုင်သည့် နည်းလမ်းများဖြင့် ထောက်ပံ့ပေးကြရန် ဒေသခံ ခေါင်းဆောင်များကို တိုက်တွန်းခဲ့သည်။

စစ်ဘေးရှောင်များသည် အထောက်အပံ့အကူအညီ ပုံမှန်မရရှိပဲ ကြုံရာကျဘမ်း လုပ်ငန်းများ လုပ်ကိုင် ရပ်တည်နေကြရကြောင်း စစ်ဘေးရှောင်တစ်ဦး ထံမှ သိရသည်။

ယခုလက်ရှိနေထိုင်သည့် ဘောလုံးကွင်းတွင် စစ်ဘေးရှောင်များထပ်မံရောက်ရှိသဖြင့် ကျပ်တည်းလာကာ အခြားနေရာများသို့ ပြောင်းရွှေ့ကြရန် စခန်းများဆောက်လုပ်လျက်ရှိနေကြောင်း ဆိုသည်။

ဇိုးခွားထားရ်ရွာတွင် မြန်မာစစ်ဘေးရှောင် ၅,၆၀၄ ဦးရှိပြီး အချို့မှာ စခန်းတွင်နေထိုင် ကြပြီး အခြားသူ များမှာ ရပ်ကွက်များအတွင်း အိမ်ငှားဖြင့် နေထိုင်ကြသည်။

မီဇိုလူငယ်အသင်း ဥက္ကဋ္ဌ သည် ဗဟိုဌာနခွဲ မှ တာဝန်ရှိသူများနှင့် ဒေသရှိ လူငယ်အသင်း ခေါင်းဆောင်များ နှင့်အတူ မြန်မာစစ်ဘေးရှောင်များကို သွားရောက် ကြည့်ရှုခဲ့ခြင်းဖြစ်ကြောင်း သတင်းစာက ဖော်ပြသည်။

မီဇိုလူငယ်အသင်းသည် အဖွဲ့ဝင်ဦးရေ ၂၅၀,၀၀၀ (နှစ်သိန်းခွဲ) ကျော်ရှိပြီး မီဇိုရမ်ပြည်နယ် အနှံ့ အဖွဲ့ခွဲငယ် များသာမက အိန္ဒိယနိုင်ငံ၊ ပြည်နယ်အချို့တွင်လည်း အဖွဲ့ခွဲများတည်ရှိကာ ဒေသအတွင်း ဩဇာကြီးမား သော အဖွဲ့အစည်းတစ်ခုဖြစ်သည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required