နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၃ ဧပြီ ၂၀၂၃)

နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၃ ဧပြီ ၂၀၂၃)

နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၃ ဧပြီ ၂၀၂၃)

 

အမျိုးသားညီညွတ်ရေး အစိုးရ

  • ကုလသမဂ္ဂ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Mr. Thomas Andrews သည် ဂျပန်နိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း အမျိုးသား ညီညွတ်ရေးအစိုးရ ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံး အပါအဝင် နွေဦးတော်လှန်ရေး တက်ကြွလှုပ်ရှားသူအချို့ နှင့် ဧပြီ ၂၂ ရက်တွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။
  • အကြမ်းဖက် စစ်ကောင်စီက ဧပြီလအတွင်း ပြည်သူလူထုများကို ပစ်မှတ်ထား လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ ကျန်းမာရေးဆိုင်ရာ ဆေးရုံသုံးခုအပါအဝင် နေရာလေးခု တိုက်ခိုက် ဖျက်ဆီးခံခဲ့ရသည်ဟု အမျိုးသား ညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
  • ရန်ကုန်တိုင်း၊ ပါရမီလမ်းပေါ်တွင် တည်ဆောက်မည့် Spring Inya Condo တွေကို ဧပြီ ၂၉ ရက်တွင် စတင် ရောင်းချပေးသွားတော့မည်ဟု End of Dictatorship အစီအစဉ်က သိရသည်။
  • ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီသို့ အမျိုးသား ညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ် နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန၏ လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများ ရှေ့လုပ်ငန်းစဉ်များ နှင့် စပ်လျဉ်းပြီး ရှင်းလင်းတင်ပြသည့် အစီအစဉ်တစ်ရပ်ကို ဧပြီ ၂၁ ရက်က ဗီဒီယိုကွန်ဖရင့်ကတစ်ဆင့် ပြုလုပ်ခဲ့ကြောင်း သိရသည်။
  • မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အတွင်းရှိ ကင်းပုန်းဝတ်နေသည့် အကြမ်းဖက် စစ်တပ်လက်ပါးစေ ကျပ်ထိုး ရဲစခန်းက ရဲ နှင့် ပျူစောထီးများကို ဧပြီ ၂၀ ရက်၊ ညပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား တစ်ဦး သေဆုံးခဲ့ကြောင်း ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ က ထုတ်ပြန်ထားသည်။

တော်လှန်ရေး လှုပ်ရှားမှုများ

  • စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် “နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး ” သပိတ်စစ်ကြောင်း ဦးဆောင်ကာ ဧပြီ ၂၃ ရက်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။
  • ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဧပြီ ၂၃ ရက်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့ကြောင်း သိရသည်။
  • စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် မြောက်ခြမ်း သပိတ်အင်အားစုများ ဦးဆောင်ကာ ဧပြီ ၂၃ ရက်တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက်ဆန္ဒပြခဲ့ကြောင်း သိရသည်။
  • စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ထဲက အောင်ချမ်းသာရွာအနီး စစ်ကောင်စီတပ် နှင့် ပြည်သူ့ ကာကွယ်ရေး အဖွဲ့ အကြား ဧပြီ ၂၃ ရက်၊ နံနက် ၈ နာရီခန့်က ထိတွေ့တိုက်ခိုက်မှု ရှိပြီးနောက် အောင်ချမ်းသာရွာကို စစ်ကောင်စီတပ်က ဝင်ရောက် မီးရှို့နေသည်ဟု ဒေသခံများ၏ ပြောဆိုချက်ကို ကိုးကားပြီး ဘီဘီစီသတင်းဌာနတွင် ဖော်ပြထားသည်။
  • စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာ မြောက်ဘက်ရှိ လေးတွင်းဇင်ရွာကို စစ်တပ်က ဧပြီ ၂၂ ရက်၊ နံနက်ပိုင်းက ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဒေသခံများက ပြောသည်။
  • စစ်ကိုင်းတိုင်းအတွင်းရှိ သောက်သုံးရေ ခက်ခဲနေသော စစ်ဘေးရှောင် ပြည်သူများအတွက် S&C မီးဘေးစစ်ဘေး ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့က ရေတွင်းများ တူးဖော်လှူဒါန်းခဲ့ကြောင်း သိရသည်။
  • စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ခရမ်းခြံကျေးရွာတွင် ဧပြီ ၂၂ ရက်၊ နံနက်ပိုင်းက စစ်ကောင်စီတပ် ပစ်ခတ်ခဲ့သော မပေါက်ကွဲသေးသည့် ဗုံးသီးတစ်လုံးကို ထုကြည့်ခဲ့ရာ ပေါက်ကွဲမှု ဖြစ်ပြီး အမျိုးသမီး တစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသခံများက ပြောသည်။
  • စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် ဧပြီ ၂၂ ရက်က အပူဒဏ်ပြင်း၍ စစ်ရှောင်အဘွားအိုတစ်ဦး ထပ်မံ သေဆုံးခဲ့ပြီး စစ်ရှောင်ပြည်သူများမှာ ရေအခက်အခဲ ကြုံတွေ့နေရကြောင်း ဒေသတွင်း သတင်းရင်းမြစ် များက ပြောသည်။
  • ရန်ကုန်တွင် ယမန်နေ့ မွန်းလွဲပိုင်းက ပစ်သတ်ခံရသည့် စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင် ဒုညွှန်ချုပ် ဒုဗိုလ်မှူးကြီး (ငြိမ်း) စိုင်းကျော်သူမှာ လက်ရှိ စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ သိန်းစိုး၏ တပည့်အရင်း လူယုံဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးက အရာရှိတစ်ဦး၏ ပြောဆိုချက်ကို ကိုးကားပြီး ရန်ကုန်ခေတ်သစ်သတင်းဌာနတွင် ဖော်ပြထားသည်။
  • ရုပ်သံဇာတ်လမ်းတွဲများဖြင့် နာမည်ကြီးသည့် သရုပ်ဆောင် မြတ်သူသူကို စစ်ကောင်စီက ရာဇသတ်ကြီး ပုဒ်မ ၅၀၅ -က ဖြင့် အမှုဖွင့် ဖမ်းဆီးထားသည်ဟု နီးစပ်သူများထံမှ သိရသည်။
  • ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် ၅ ရပ်ကွက်၊ ထောင်ကုန်းလမ်း နှင့် သစ္စာလမ်းထောင့်ရှိ ဒုတိုင်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး နေအိမ်ကို ဧပြီ ၂၂ ရက်၊ ည ၉ နာရီခန့်က နှစ်ကြိမ် ဗုံးခွဲ တိုက်ခိုက်ခဲ့ကြောင်း ပုသိမ်မြို့ပြ ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
  • ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ သစ်ပုတ်တာဝါတိုင်ကုန်း အထိုင်စခန်းမှ စစ်ကောင်စီတပ် ဗိုလ်မှူး နှင့် အရာရှိ တချို့ လိုက်ပါလာသည့် ယာဉ်တန်းကို ဧပြီ ၂၁ ရက်၊ ညနေ ၄ နာရီကျော်ခန့်က PDF တပ်များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် ဗိုလ်ကြီး တစ်ဦး အပါအဝင် စစ်သား ၃ ဦး သေဆုံးခဲ့ကြောင်း ပေါင်းတည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
  • မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ သာယာကုန်းကျေးရွာအနီးတွင် စစ်တပ်ယာဉ်တန်းကို ဧပြီ ၂၂ ရက်၊ မွန်းလွဲ ၁၂ နာရီခန့်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သားတစ်ဦး သေဆုံးခဲ့ကြောင်း မြင်းခြံခရိုင် တပ်ရင်း ၄ (နွားထိုးကြီး PDF) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
  • တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာရှိ အကြမ်းဖက်စစ်တပ်၏ ဘုရားမဲ စစ်ဆေးရေးဂိတ်ကို ဧပြီ ၂၃ ရက်၊ နံနက် ၅ နာရီခွဲခန့်က တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်း သတင်ရင်းမြစ်များထံမှ သိရသည်။
  • တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ် ၊ရငဲကျေးရွာတွင် ပြည်သူ ၅၀ ဦးခန့်ကို စစ်တပ်က ယနေ့ ဧပြီ ၂၃ ရက်၊ နံနက် ၇ နာရီခန့်က အကြောင်းမဲ့ ဖမ်းဆီးသွားပြီး ပြန်လွှတ်ပေးခြင်း မရှိသေးကြောင်း ဒေသခံပြည်သူများက ပြောသည်။
  • ချင်းပြည်နယ်မှ ကာကွယ်ရေးတပ်ဖွဲ့များ စစ်ဘေးရှောင်များ နှင့် ကျန်းမာရေး၊ ပညာရေးအတွက် ရန်ပုံငွေအဖြစ် ဖွင့်လှစ်နေသော တူမီးထီမှ အထူးအစီအစဉ်အဖြစ် တော်လှန်သင်္ကြန်ထီ ဖွင့်လှစ်ခဲ့ပြီး ရရှိလာသော ရန်ပုံငွေများကို ချင်းပြည်နယ်အတွင်း စစ်ကောင်စီတပ်မှ ဗုံးကြဲတိုက်ခိုက်ခြင်း ခံရသူများ၏ ကျန်းမာရေးအတွက် ကူညီခဲ့ကြောင်း သိရသည်။
  • “တော်လှန်အီးဒ်” အခမ်းအနားကို ဧပြီ ၂၂ ရက်၊ မွန်းလွဲ ၂ နာရီခန့်တွင် မြန်မာမွတ်ဆလင် တော်လှန်ရေး အင်အားစု (MMRF) က ဦးဆောင်ကာ အွန်လိုင်းမှ ကျင်းပခဲ့ကြောင်း မြန်မာမွတ်ဆလင် တော်လှန်ရေး အင်အားစု အဖွဲ့ဝင်ရေးရာ တာဝန်ခံ ဗဟိုကော်မတီအဖွဲ့ဝင် မရိုသင်းသင်းလှိုင်ထံမှ သိရသည်။
  • တောင်ကိုရီးယားနိုင်ငံ၊ ဝဲကန်မြို့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲ နှင့် မြန်မာ စားသောက်ဆိုင် အသစ်ဖွင့်ပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

တိုင်းရင်းသား လက်နက်ကိုင်များ

  • ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ် KNU တပ်မဟာ ၃ နယ်မြေတွင် စစ်ကောင်စီ တပ်စခန်း လေးခုကို ဧပြီ ၂၂ ရက်၊ နံနက် ၄ နာရီခွဲခန့်က တစ်ပြိုင်နက်တည်း တိုက်ခိုက်ခဲ့ပြီး စခန်း နှစ်ခုကို ချေမှုန်းဖျက်ဆီးနိုင်ခဲ့ပြီး ဒုတပ်ရင်းမှူး အပါအဝင် စစ်တပ်ဘက်က ၁၆ ဦးသေဆုံးခဲ့ကြောင်း KNU ဗဟိုက တရားဝင် သတင်း ထုတ်ပြန်သည်။
  • ကချင်ပြည်နယ်၊ ဖားကန့်မြို့ ၊ မရှီကထောင် ရပ်ကွက်တွင် ဖွင့်လှစ်ထားသော Happy KTV တွင် ဧပြီ ၂၂ ရက်၊ ညပိုင်းက ပျော်ပါးနေသည့် စစ်ကောင်စီတပ်ဘက်မှ ဗိုလ်မှူး ဇော်မောင် နှင့် အပေါင်းအပါများကို KIA နှင့် PDF တပ်များက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဗိုလ်မှူး ဇော်မောင် အပါအဝင် ခြောက်ဦး စလုံး သေဆုံးသွားသည်ဟု KIA သတင်းရင်းမြစ်က အတည်ပြု ပြောသည်။
  • ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ရိခေါ်ဒါရ်မြို့သို့ ရိက္ခာဆင်းဝယ်ပြီး ပြန်လာသည့် စစ်ကောင်စီတပ်ဖွဲ့ကို ဧပြီ ၂၂ ရက်၊ နံနက်ပိုင်းက အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Mountain Eagle Defence Force (MEDF) တပ်ဖွဲ့ထံမှ သိရသည်။
  • ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မဲကနယ်ကျေးရွာအနီး ကျောက်မိုင်းဒေသသို့ စစ်ကောင်စီဘက်မှ တိုက်လေယာဉ်များ ဟောင်ဝစ်ဇာများ လက်နက်ကြီးများဖြင့် နေ့ရောညပါ အဆက်မပြတ် ပစ်ခတ်ပြီး ထိုးဖောက်ဝင်ရောက်နိုင်ရန် ကြိုးစားနေဆဲ ဖြစ်၍ တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်း ကော်ဘရာ စစ်ကြောင်းက အသိပေးထားသည်။
  • မကွေးတိုင်း၊ ဂန့်ဂေါမြို့ဘက်မှ ဟားခါးမြို့ဘက်သို့ စစ်ကောင်စီတပ် စစ်ကြောင်း တက်လာ၍ ချင်းတပ်ဖွဲ့များ နှင့် တိုက်ပွဲဖြစ်ပွားနေသည်ဟု ချင်းအမျိုးသား တပ်မတော် (CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီ၏ ပြောဆိုချက်ကို ကိုးကားပြီး လူထုနွေဦး သတင်းဌာနတွင် ဖော်ပြထားသည်။

စစ်ကောင်စီ

  • နိုင်ငံတကာတွင် အသုံးပြုခြင်း မပြုရန် ပိတ်ပင်ထားသည့် ဆင့်ပွားထပ်ဆင့် ပေါက်ကွဲစေတတ်သည့် ဖျက်အားပြင်း Cluster ဗုံးများကို အသုံးပြုရန် စစ်ကောင်စီက မကွေးလေတပ်သို့ ပို့ဆောင်ထားကြောင်း စစ်တပ်သတင်းရင်းမြစ်၏ ပြောဆိုချက်ကို ကိုးကားပြီး ရန်ကုန်ခေတ်သစ်သတင်းဌာနတွင် ဖော်ပြထားသည်။
  • စစ်ကောင်စီက ကျင်းပပြုလုပ်မည့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနားကို တက်ရောက်မည့် အကယ်ဒမီ ရရှိပြီးသော အနုပညာရှင် အတတ်ပညာရှင်များကို ရွှေအစစ်ဖြင့် ပြုလုပ်ထားသည့် အကယ်ဒမီပုံ ရွှေရင်ထိုးများကို ပေးအပ်ချီးမြှင့်သွားမည်ဟု စစ်ကောင်စီ လက်အောက်ခံ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးက ကြေညာချက် ထုတ်ပြန်ခဲ့သည်။
  • စစ်ကောင်စီ လျှပ်စစ်စွမ်းအား ဝန်ကြီး ဦးသောင်းဟန်က ဧပြီ ၂၂ ရက်က မန္တလေးတိုင်း တံတားဦးမြို့ အနီးမှ ဖြတ်သန်းတည်ဆောက်ထားသည့် မဟာဓာတ်အားလိုင်း၏ တာဝါတိုင် သုံးတိုင် ပြန်လည်ပြင်ဆင်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
  • ရန်ကုန်တိုင်းအတွင်းရှိ စက်ရုံ အလုပ်ရုံများ ဧပြီ ၂၃ ရက်က စတင်ပြီး ညနေ ၅ နာရီကနေ နောက်တစ်နေ့ နံနက် ၅ နာရီအထိ လျှပ်စစ်မီး အသုံးမပြုရန် ကန့်သတ်လိုက်ပြီး မလိုက်နာပါက အရေးယူမည်ဟု စစ်ကောင်စီ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက ထုတ်ပြန်ထားသည်။

ဧပြီ ၂၃ ရက် သုံးသပ်ချက်

  • စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲ ကော်မရှင် ဒုညွှန်ချုပ် ပစ်ခတ်ရှင်းလင်းခံရပြီးနောက် စစ်ကောင်စီအောက်တွင် ရာထူးကြီးကြီး ယူထားသူများအနေဖြင့် လုံခြုံရေးအတွက် အကြီးအကျယ် စိုးရိမ်ထိတ်လန့် တုန်လှုပ်နေပြီး နေရောပြောင်းရွှေ့ခြင်းများ လုံခြုံရေး တောင်းခံခြင်းများ လုပ်ဆောင် လာကြောင်း သိရသည်။
  • စစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်းအတွင်း တော်လှန်ရေးတပ်ဖွဲ့များ နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားပြီးနောက် နီးစပ်ရာ ကျေးရွာများကို ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေသည်ကို တွေ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly