သရက်ချောင်းတွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး ဒေသခံများအားဖမ်းဆီး ခေါ်ဆောင်သွား

By ကိုရွှေမြိတ်  မဲဆောက်(မဇ္ဈိမ)
23 April 2023
သရက်ချောင်းတွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး ဒေသခံများအားဖမ်းဆီး ခေါ်ဆောင်သွား

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် ရငဲကျေးရွာတွင် ဧပြီလ ၂၃ ရက် ယနေ့ နံနက်ပိုင်းက စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်က ဒေသခံအများအပြားကို ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း  သိရသည်။

စစ်ကောင်စီတပ် အင်အား ၃၀ နီးပါးက သရက်ချောင်းမြို့နယ် ရငဲကျေးရွာ ရိပ်သာလမ်းအတိုင်း နံနက် ၇ နာရီခန့်တွင် ကိုယ်ဝန်ဆောင် အမျိုးသမီးများ၊ ကလေးငယ်များနှင့် သက်ကြီးပိုင်းပါ မကျန် လူ ၅၀ နီးပါးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးနောက် လမ်းတစ်လျှောက်တွေ့ရှိသူများကိုပါ ထပ်မံဖမ်းဆီးခဲ့၍ စုစုပေါင်း လူ ၁၀၀ ကျော် ဖမ်းဆီးခံရသည်ဟု ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။

သရက်ချောင်းမြို့ခံတစ်ဦးက“ဖမ်းဆီးခံရတာ ၁၀၀ ကျော်လောက်ရှိတယ်၊ အကုန်လုံးကို လမ်းလျှောက် ခိုင်းပြီးခေါ်သွားတာ တွေ့ရတယ်”ဟု ပြောသည်။

“အခု ရွာသား ၁၀၀ ကျော်ကို ရွာထဲကတနေရာမှာ ဖမ်းဆီးထားတယ်လို့ သိရတယ်၊ နောက်ပြီး စစ်တပ်က ရွာထဲမှာ PDF နဲ့ ဆက်စပ်သူ လေးဦးလိုက်ရှာနေတယ်”လို့ အခြားဒေသခံတစ်ဦးကလည်း ပြောသည်။

စစ်ကောင်စီတပ်သားများသည် ရွာသားများကိုဖမ်းဆီးနေသလို ကျေးရွာအတွင်းရှိ နေအိမ်များကို လိုက်လံ ဖျက်ဆီးနေပြီး တန်ဖိုးကြီးပစ္စည်းများ ခိုးယူခံရကြောင်း သိရသည်။

နောက်ဆုံးရရှိသော မြေပြင်သတင်းများအရ ဖမ်းဆီးခံထားရသည့် ဒေသခံများကို စစ်ကောင်စီတပ်က စစ် ဆေးပြီး ညနေပိုင်းတွင် အကုန်လုံးနီးပါးကိုပြန်လည်လွတ်ပေးလိုက်ပြီးနောက် အမျိုးသား ၁၀ ဦးကို ထပ်မံ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required