အလုပ်သမားများ မမျှမတဆက်ဆံခံရသည့် အလုပ်နေရာများ- အထည်ချုပ်လုပ်ငန်း၏ အမှောင်ဘက်ခြမ်း

အလုပ်သမားများ မမျှမတဆက်ဆံခံရသည့် အလုပ်နေရာများ- အထည်ချုပ်လုပ်ငန်း၏ အမှောင်ဘက်ခြမ်း

ပြီးခဲ့သည့် ဆယ်စုနှစ်တစ်စုအကြာက ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ကိုးထပ်အဆောက်အအုံ ရာနာ ပလာဇာ အထည်ချုပ်စက်ရုံ ပြိုကျမှု ဖြစ်၍ လူ ၁,၁၃၈ ဦး သေဆုံးခဲ့ရပြီးနောက် အမြန်ထုတ်လုပ်ဖက်ရှင် fast fashion ၏ လူသေဆုံးစေသော အကျိုးဆက်များကို မီးမောင်းထိုးပြခဲ့သည်။

ပိုကောင်းသော စံချိန်စံနှုန်းများကို အသေအချာရစေရန် အဝတ်အထည် တောင်ပုံရာပုံကို စက်လှည့် ထုတ်သလို ထုတ်နေသည့် ထိပ်တန်းအမှတ်တံဆိပ် top brands များအပေါ် ထိုအဖြစ်ဆိုးက ဖိအားများ ကျရောက်စေခဲ့သော်လည်း အထည်ချုပ်လုပ်ငန်းထဲရှိ အခွင့်အရေး ချိုးဖောက်မှုများနှင့် မမျှမတ ဆက်ဆံမှုများကမူ ဆက်ရှိနေသည်။

မြန်မာမှ စပြီး တရုတ်၊ ဘင်္ဂလားဒေ့ရှ်အထိ လုပ်ငန်းခွင် အခြေအနေများက ကြောက်မက်ဖွယ် ဖြစ်နိုင်သည်။

စက်ရုံ ငရဲတွင်းများ

မြို့တော် ဒါကာအနီး ရာနာ ပလာဇာ ပြိုကျမှုက ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ အထည်ချုပ်စက်ရုံတွင် ဖြစ်ပွားသော ဘေးဒုက္ခဆိုးများထဲတွင် အဆိုးဆုံး ဖြစ်စဉ် ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်သည် တရုတ်နှင့် အခြားသော အာရှနိုင်ငံများပြီးလျှင် ကမ္ဘာ့ ဒုတိယအကြီးဆုံး အထည်အလိပ် တင်ပို့သူနိုင်ငံဖြစ်သည်။

အစောပိုင်း တစ်နှစ်ကလည်း အမေရိကန် လက်လီလုပ်ငန်းကြီး Walmart အတွက် ထုတ်လုပ်ပေးသော ဒါကာမြို့ အထည်ချုပ်စက်ရုံတစ်ရုံ၌ မီးလောင်မှုဖြစ်၍ အလုပ်သမား ၁၁၁ ဦးထက်မနည်း သေဆုံးခဲ့သလို ဂျာမန် အဝတ်အထည် ဒစ်စကောင့် စတိုးဆိုင် လုပ်ငန်း KiK အတွက် ဂျင်းန်ဘောင်းဘီများ ထုတ်လုပ်ပေးသည့် ပါကစ္စတန် ကရာချိမြို့ စက်ရုံတစ်ရုံ၌ ဖြစ်ပွားသော မီးလောင်မှုကြောင့်လည်း အလုပ်သမား ၂၅၀ ကျော် သေဆုံးခဲ့ရသည်။

Primark နှင့် Benetton တို့အတွက် အဝတ်အထည်များ ထုတ်လုပ်ပေးခဲ့သော ရာနာ ပလာဇာ အထည်ချုပ်စက်ရုံ၌ ဖြစ်ပွားသော ဘေးဒုက္ခဆိုး၏ ကြီးမားမှု အတိုင်းအတာက အလှည့်အပြောင်းတစ်ခု ဖြစ်ခဲ့သည်။

တင်းကျပ်သော စစ်ဆေးစိစစ်မှုများအောက်တွင် ထိပ်တန်းအမှတ်တံဆိပ်များ၊ လက်လီဖြန့်ချိလုပ်ငန်းများနှင့် အလုပ်သမား အစည်းအရုံးများက ဘင်္ဂလားဒေ့ရှ် စက်ရုံများ၌ ဘေးအန္တရာယ်ကင်းရှင်းရေး အခြေအနေများကို တိုးတက်ကောင်းမွန်စေရေး လုပ်ဆောင်ရန် သဘောတူခဲ့ကြသည်။

ယင်းနောက်ပိုင်း ပို့ကုန်များ၏ ၈၀ ရာခိုင်နှုန်းကျော်အတွက် စာရင်းပေါက်သည့် စက်ရုံ ၁,၈၂၀ ခန့်ကိုလည်း စစ်ဆေးကြပ်မတ်မှုများ လုပ်ဆောင်ခဲ့သည်။ အများစုသည် အပြည့်အဝ သို့မဟုတ် အပြည့်အဝနီးပါး ဘေးကင်းကြောင်း ကြေညာခဲ့သည်။

ဘင်္ဂလားဒေ့ရှ်တွင် ၂၀၁၃ ခုနှစ်နောက်ပိုင်း အထည်ချုပ်စက်ရုံနှင့်ပတ်သက်ပြီး ကြီးကြီးမားမား ဘေးဒုက္ခဆိုးကြီးများ မရှိတော့သော်လည်း အခြားသော နိုင်ငံများတွင်မူ ယင်းကဲ့သို့သော ဖြစ်ရပ်ဆိုးမျိုးများက ဆက်လက်ဖြစ်ပွားထားခဲ့သည်။

အိန္ဒိယနိုင်ငံ မြို့တော် နယူးဒေလီရှိ ဥပဒေနှင့်မညီသော အထည်ချုပ်စက်ရုံများတွင် မီးလောင်ကျွမ်းမှုများကြောင့် လူသေဆုံးမှုများ ရှိခဲ့သလို ၂၀၂၁ ခုနှစ်က မော်ရိုကိုနိုင်ငံ ဆိပ်ကမ်းမြို့ တန်ဂီယားစ်ရှိ တရားမဝင် မြေအောက်ခန်း အထည်ချုပ်စက်ရုံတစ်ခု၌ မိုးကြီးမှုကြောင့် ရေလွှမ်းမိုးမှုဖြစ်၍ လူ ၂၈ ဦး သေဆုံးခဲ့ရသည်။

မြန်မာတွင်လည်း အထည်ချုပ်လုပ်ငန်းတွင်းရှိ အလုပ်သမား အများအပြားမှာ အားရစရာ မကောင်းသော လုပ်ငန်းခွင် အခြေအနေများနှင့် ရှည်လျားများပြားသော အလုပ်ချိန်နာရီများအောက်တွင် လုပ်ကိုင်ကြရသည်။ စစ်အာဏာသိမ်းမှု၏ နောက်ဆက်တွဲ အကျိုးဆက်ကြောင့်လည်း အထည်ချုပ်စက်ရုံတချို့ ပိတ်သိမ်းသွားခဲ့သည်။

အတင်းအဓမ္မ လုပ်သားခိုင်းစေမှု စွပ်စွဲချက်များ

တရုတ်သည် နိုင်ငံအနောက်မြောက် ရှင်ကျန်းဒေသ၌ နေထိုင်သော မွတ်စလင် လူနည်းစုတစ်စုဖြစ်သည့် ဝီဂါ တစ်သန်းကျော်ကို နိုင်ငံရေး ပြန်လည်ပညာပေးမှု ဆိုသော စခန်းများ၌ ထိန်းသိမ်းထားပြီး တချို့ကို ဝါခင်းများ၌ အတင်းအဓမ္မ ခိုင်းစေကြောင်း စွပ်စွဲခံထားရသည်။

ထို စွပ်စွဲချက်များကို တရုတ်အာဏာပိုင်တို့က ငြင်းဆန်ပယ်ချပြီး ၎င်းတို့အနေဖြင့် ဘာသာရေး အစွန်းရောက်မှုကို တန်ပြန်ရန် သက်မွေးမှုပညာ လေ့ကျင့်သင်ကြားမှုစင်တာများကို ဖွင့်လှစ်လည်ပတ်နေခြင်းဖြစ်သည်ဟု ပြောသည်။

Adidas ၊ Gap ၊ Nike နှင့် Puma အပါအင် နိုင်ငံတကာ အမှတ်တံဆိပ်များသည် ကမ္ဘာ့ ဝါ ဖြည့်ဆည်းထောက်ပံ့မှု၏ ငါးပုံ တစ်ပုံကို ထုတ်လုပ်သည့် ရှင်ကျန်းဒေသမှ ဝါ ကို အသုံးပြုခဲ့ကြောင်း ထွက်ပေါ်ပြီးနောက် အငြင်းပွားဖွယ်ရာထဲတွင် ပါဝင်ပတ်သက်နေခဲ့သည်။

Uniqlo ၊ Zara အမှတ်တံဆိပ် ပိုင်ရှင် အပါအဝင် ဖက်ရှင်လုပ်ငန်းစု လေးခုသည် ရှင်ကျန်းဒေသ၌ အတင်းအဓမ္မ လုပ်သားခိုင်းစေခြင်းမှ အကျိုးအမြတ်ထွက်ခြင်းအားဖြင့် လူသားထုအပေါ် ကျူးလွန်သည့် ပြစ်မှုများတွင် ပါဝင်ကျူးလွန်နေခဲ့သည် ဆိုသည့် ပြောဆိုချက်များနှင့်ပတ်သက်၍ ၂၀၂၁ ခုနှစ်တွင် ပြင်သစ် ရာဇဝတ် တရားသူကြီးများက စုံစမ်းစစ်ဆေးမှုတစ်ရပ် ဖွင့်လှစ်ဆောင်ရွက်ခဲ့သည်။

အနိမ့်ဆုံး လုပ်ခများ

အိန္ဒိယတိုက်ငယ်ရှိ အထည်ချုပ် အလုပ်သမားများ၏ မစို့မပို့ လစာများက မကြာခဏဆိုသလို ထုတ်ဖော်ပြောဆိုခြင်း ခံရသည် ဆိုသော်လည်း fast fashion ထုတ်လုပ်ရန် မဖြစ်စလောက် နှုန်းထားများဖြင့် လစာပေးချေမှုကိစ္စက ဥရောပနှင့် အမေရိကန်တို့တွင်လည်း ရှိနေသည့် ကိစ္စရပ်တစ်ခုဖြစ်သည်။

ဥပမာအားဖြင့် ဗြိတိန်တွင် ၂၀၂၀ ပြည့်နှစ်က NGO အဖွဲ့ Labour Behind the Label နှင့် သတင်းမီဒီယာတချို့၏ စုံစမ်းလေ့လာမှုများအရ အင်္ဂလန်အလယ်ပိုင်း လက်စတာမြို့ရှိ အထည်အလိပ်လုပ်သားများသည် ရံဖန်ရံခါဆိုသလို တစ်နာရီလျှင် ဗြိတိန်ပေါင် ၂ ပေါင် (၂ ဒသမ ၆၃ ဒေါ်လာ) မျှသာ ရရှိနေခဲ့ကြောင်းကို တွေ့ရှိခဲ့သည်။

လုပ်ခလစာနှုန်း နည်းပါးမှုက အထူးသဖြင့် အာရှဒေသ အပါအဝင် ကမ္ဘာတစ်ဝန်း ဆန္ဒပြမှုများကို ဖြစ်ပေါ်စေခဲ့သည်။

ကမ္ဘောဒီးယားတွင် နှစ်များကြာသည့် ပြင်းထန်ပြီး လူသေဆုံးစေသော  ဆန္ဒထုတ်ဖော်မှုများနောက်ပိုင်းတွင် အထည်ချုပ်လုပ်သားများသည် နောက်ဆုံးတွင် ဒေသတွင်းရှိ အခြားသော နိုင်ငံအများစုထက် ပိုမိုမြင့်မားသော အနိမ့်ဆုံး လစာနှုန်းထားတစ်ရပ်ကို ရယူနိုင်ခဲ့သည်။ ၂၀၂၃ တွင် ယင်းသည် ဒေါ်လာ ၂၀၀ နှုန်းထားဖြစ်သည်။

အဆိပ်အတောက် စွန့်ပစ်ပုံသည့် နေရာများ

Fast Fashion ခေတ်တွင် ပျမ်းမျှအားဖြင့် လူတစ်ဦးနှုန်းသည် လွန်ခဲ့သည့် ၁၅ နှစ်ကထက် အဝတ်အစား ၆၀ ရာခိုင်နှုန်း ပိုမို ဝယ်ယူပြီး တစ်ချိန်တည်းမှာပင် အဝတ်အစားတစ်ထည်ချင်းစီတိုင်းကို ယင်း၏ ထက်ဝက်ကြာခန့်သာ ထိန်းသိမ်းထားသည်ဟု ၂၀၂၂ ကုလသမဂ္ဂ၏ထုတ်ပြန်ချက်အရ သိရသည်။

အဝတ်အစားများကို လွှင့်ပစ်သည့် အလေ့အထကြောင့် စွန့်ပစ်ပစ္စည်း တောင်ပုံရာပုံ ကို ဖြစ်စေပြီး ယင်းတို့အနက် အများအပြားသည် ကမ္ဘာ့တောင်ဘက်ခြမ်းတွင် အလွန်ကြီးမားသည့် စွန့်ပစ်ပုံများအဖြစ် အဆုံးသတ်ရောက်ရှိသည်။

“တစ်စက္ကန့်တိုင်းမှာ အမှိုက်ထရပ်ကားတစ်စီးနဲ့ ညီမျှတဲ့ အထည်အလိပ်တွေကို မြေဖို့ အမှိုက်သရိုက်တွေအဖြစ် ဒါမှမဟုတ် မီးရှို့မယ့် အမှိုက်သရိုက်အဖြစ် စွန့်ပစ်နေတယ်” ဟု ကုလက ပြောသည်။

ဥပမာအားဖြင့် နိုင်ရိုဘီရှိ ဒန်ဒိုရာ မြေဖို့အမှိုက်သရိုက် စုပုံရာနေရာသည် တစ်နေ့လျင် အမှိုက်သရိုက် တန်ချိန် ၄,၀၀၀ လက်ခံရရှိနေသည်ဟု Changing Markets Foundation အရ သိရသည်။

ညစ်ညမ်းပစ္စည်း အဓိက စွန့်ထုတ်မှု လုပ်ငန်း

အထည်ချုပ်လုပ်ငန်းသည် ညစ်ညမ်းစေသော ပစ္စည်းကို အဓိက စွန့်ထုတ်သူ လုပ်ငန်းတစ်ခု ဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ ကာဘွန်ထုတ်လွှတ်မှုများ၏ နှစ် ရာခိုင်နှုန်းနှင့် ရှစ် ရာခိုင်နှုန်းအကြားကို ဖြစ်စေလျက် ရှိကြောင်း ၂၀၂၂ ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် ယင်းလုပ်ငန်းသည် ကမ္ဘာ့ရေထုများ၏ ညစ်ညမ်းမှု၏ ၂၅ ရာခိုင်နှုန်းအတွက် တာဝန်ရှိသလို ငါးနှင့် လူသားတို့အတွက် အဆိပ်အတောက်ဖြစ်စေသော ပစ္စည်းဖြစ်သည့် မိုက်ခရို ပလတ်စတစ်များ သမုဒ္ဒရာများထဲ စွန့်ထုတ်မှုများ၏ သုံးပုံတစ်ပုံအတွက်လည်း တာဝန်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required