သထုံ-ဘားအံလမ်းတွင် ကားဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး ယာဉ်မောင်းသေဆုံး 

By YT (မဇ္ဈိမ)
23 April 2023
သထုံ-ဘားအံလမ်းတွင် ကားဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး ယာဉ်မောင်းသေဆုံး 

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ မြိုင်ကလေးကျေးရွာ၊ သထုံ- ဘားအံလမ်းပေါ်တွင် မောင်းနှင် နေသောကားတစ်စီး ဧပြီလ ၂၂ ရက်နေ့ နံနက်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ယာဉ်မောင်းသေဆုံးသွား ကြောင်း ရဲစခန်းနှင့်နီးစပ်သော သတင်းရင်းမြစ်ထံမှ သိရသည်။

“ကားပေါ်တင် ဗုံးကွဲခဲ့တာမို့ ခေါင်းကြေသွားတာ။ နှစ်ဦးလာတာ တစ်ဦးသေတယ်၊ တစ်ဦးကထွက်ပြေး တာအရှင်ပြန်မိတယ်။ ပြန်မိတဲ့တယောက်ကတော့ တပ်ထဲက စစ်ကြောရေးမှာ” ဟု ရဲစခန်းနှင့်နီးစပ် သော သတင်းရင်းမြစ်တစ်ဦးက မဇ္ဈိမကိုပြောသည်။

ဧပြီလ ၂၂ ရက်နေ့ နံနက် ၁၁ နာရီဝန်းကျင်တွင် သထုံမှ ဘားအံဘက်သို့ မောင်းနှင်လာသော လူနှစ်ဦးပါ အိမ်စီးကားတစ်စီးသည် သံလွင်တံတား(ဘားအံ)နှင့် မြိုင်ကလေးလမ်းဆုံအနီးတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား ခဲ့ရာ ယာဉ်မောင်းမှာ ဦးခေါင်းကြေမွဒဏ်ရာ၊ ခန္ဓာကိုယ်အနှံ့ဒဏ်ရာများဖြင့် နေရာ၌ပင်သေဆုံးခဲ့ရကာ ကားပေါ်ပါလာသူ ကျန်တစ်ဦးသည် နီးစပ်ရာတောထဲသို့ ထွက်ပြေးခဲ့ကြောင်း သိရသည်။ 

ထွက်ပြေးသွားသူအား စစ်ကောင်စီတပ်နှင့် BGF ပူးပေါင်းအထိုင်ချနေသော စစ်ဆေးရေး ဂိတ်တစ်ခုတွင် ပြန်လည်ဖမ်းဆီးရမိခဲ့ပြီး စစ်ကြောရေးတွင် စစ်ကောင်စီတပ်က စစ်ဆေးနေကြောင်း သိရသည်။ 

ဗုံးပေါက်ကွဲခဲ့သော ကားသည် Nissan X-Trial အမျိုးအစားကားတစ်စီးဖြစ်ပြီး (KYN) လိုင်စင်တပ်ထား သော်လည်း လိုင်စင်မဲ့ကားတစ်စီးဖြစ်ကြောင်း ရဲစခန်းနှင့် နီးစပ်သော သတင်းရင်းမြစ်ထံက သိရသည်။ 

ကားဗုံးပေါက်ကွဲမှုဖြစ်စဉ်တွင် သေဆုံးခဲ့သောယာဉ်မောင်းနှင့် ဖမ်းဆီးခံလိုက်ရသူတို့မှာ မည်သူမည်ဝါ ဖြစ်သည်ကို မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။ 

ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်ကားပေါ်တွင် ၃၈ ဗို့ ပစ္စတိုသေနတ်တစ်လက်၊ ပစ္စတိုကျည်ခုနစ်တောင့်၊ ကျည်အိမ်တစ်ခု၊ ရီမုတစ်ခု၊ VIVO ဖုန်းအပြာရောင် နှစ်လုံးအား တွေ့ခဲ့ရသည်ဟု စစ်ကောင်စီဝါဒဖြန့် ချန်နယ်များက ထုတ်ပြန်ထားသည်။

ယခုကဲ့သို့ ကားပေါ်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခြင်းသည် ဘားအံ-သထုံ ကားတွင် ပထမဆုံးအကြိမ်ဖြစ် ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly