ဧပြီလအတွင်း ဆေးရုံဆေးခန်းများအား စစ်ကောင်စီတပ်က (၁၀) ကြိမ်ထက်မနည်း တိုက်ခိုက်ဟုဆို

By KMN (မဇ္ဈိမ)
23 April 2023
ဧပြီလအတွင်း ဆေးရုံဆေးခန်းများအား စစ်ကောင်စီတပ်က (၁၀) ကြိမ်ထက်မနည်း တိုက်ခိုက်ဟုဆို

၂၀၂၃ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ ၁၈ ရက်အတွင်း တိုင်းနှင့်ပြည်နယ်အနှံရှိ ဆေးရုံဆေးခန်းများ အပေါ် စစ်ကောင်စီတပ်က လေကြောင်းမှအပါအဝင် (၁၀) ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနက ဧပြီ ၂၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ဧပြီလ ၂ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ ညောင်ပင်သာတိုက်နယ်ဆေးရုံရှိ ပြင်ပလူနာ ဆောင်၊ ကျား/မ လူနာဆောင် နှစ်ဆောင်၊ ဆေးစတိုခန်း၊ ခွဲစိတ်ခန်းစသည်တို့ကို စစ်ကောင်စီတပ်သား များက မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ဧပြီလ ၅ ရက်နေ့တွင်လည်း ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ စီသာကျေးရွာကို စစ်ကောင်စီတပ်က လေ ကြောင်းမှသုံးကြိမ်ဗုံးကြဲပြီး လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စီသာတိုက်နယ်ဆေးရုံ၊ စာသင် ကျောင်းနှင့် နေအိမ် ၂၀ လုံးကျော် ထိခိုက်ပျက်စီးခဲ့ကြောင်း ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့က ကချင်ပြည်နယ်၊ ရွှေကူမြို့၊ စီသာတိုက်နယ်ကို မတ်လ ၂၅ ရက်၊ ၃၀ ရက်နှင့် ဧပြီလ ၅ ရက်၊ ၆ ရက်နေ့တို့တွင် လေကြောင်းတိုက်ခိုက်မှု လေးရက်တိုင်တိုင်ပြုလုပ်ခဲ့ကြောင်း ရွှေကူ KPDF ပြန်ကြားရေးတာဝန်ခံကလည်း မဇ္ဈိမကို အတည်ပြုပြောကြားသည်။

ဧပြီလ ၇ ရက်နေ့တွင် ကယားနှင့် ရှမ်းပြည်နယ်အစပ်ရှိ ရှေ့တန်းစစ်မျက်နှာပြင်တစ်နေရာ၌ အရေးပေါ် ကယ်ဆယ်ရေးဆေးအဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှုပေးနေစဉ် စစ်ကောင်စီတပ်က တိုက်ပွဲမရှိဘဲ လေကြောင်းမှ ငါးကြိမ်ထက်မနည်း ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ဗုံးကြဲမှုကြောင့် ဆေးအဖွဲ့မှ ကျန်းမာရေးစောင့်ရှောက်မှုပေးနေသူနှစ်ဦး မြေပြင်တွင်ပွဲချင်းပြီးကျဆုံးခဲ့ပြီး သုံးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ သလို လူနာတင်ယာဉ်အပါအဝင် ကားလေးစီးလည်း ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

၎င်းအပြင် ဧပြီလ ၁၈ ရက်နေ့တွင် စစ်ကောင်စီတပ်သည် မကွေးတိုင်း၊ မြိုင်မြို့နယ်၊ မန်ကျည်းကန်ကျေး ရွာနှင့် ပြည်သူ့ဆေးရုံကို စစ်ရဟတ်ယာဉ်များ အသုံးပြု၍ ပစ်ခတ်တိုက်ခိုက်ပြီး ဝင်ရောက်စီးနင်းခဲ့သည်။

စစ်ကောင်စီတပ်က မီးရှို့ဖျက်စီးသဖြင့် ဂျပန်-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေးအတွက် ဂျပန်နိုင်ငံက လှူဒါန်း ထားသော ဆေးရုံအဆောက်အအုံနှင့် ကျပ်သိန်း ၈၀၀ ခန့်တန်ဖိုးရှိ ဓာတ်မှန်စက်အပါအဝင် ဆေးနှင့် ဆေးပစ္စည်းများ ပျက်စီးဆုံးရှုံးခဲ့ ကြောင်းသိရသည်။ အသက် (၁၅) နှစ်အရွယ် ကလေးတစ်ဦးကို သတ် ဖြတ်ခဲ့ပြီး လူနာများ၊ လူနာစောင့်များနှင့် ရွာသူရွာသား ၁၀၀ ကျော်ခန့်ကို ဓားစားခံအဖြစ် ဖမ်းဆီးထား ခဲ့ကာ ဧပြီလ ၁၉ ရက်နေ့ ညနေ ၃ နာရီခန့်တွင် ပြည်သူ ၁၅ ဦးခန့်ကို ဖမ်းဆီးခေါ်ဆောင်၍ ကျေးရွာမှ ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

“စစ်ကောင်စီတပ်သားတွေက မန်ကျည်းကန်ဆေးရုံကိုမီးရှို့ခဲ့တဲ့အပြင် ဘာတစ်ခုမှရစရာမရှိအောင် လုပ် သွားခဲ့တာ။ ရွာထဲက အိမ်တွေကိုလည်း မွှေနှောက်ရှာကြတယ်။ ရွှေတွေ၊ ပိုက်ဆံတွေ၊ သယ်လို့ရသမျှ အကုန်သယ်သွားတာ။ ရွာသားတွေရဲ့ဖုန်းတွေပါမကျန် အကုန်ယူသွားတာ”ဟု မြိုင်မြို့နယ် ဒေသကာ ကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် စစ်အာဏာစသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့အတွင်း ကျန်းမာရေးဝန်ထမ်း ၇၀ ဦးကို သတ်ဖြတ်ခြင်း၊ ၈၃၆ ဦးခန့်ကို ဖမ်းဆီး ခြင်း၊ ဆေးရုံ/ဆေးခန်းများကိုတိုက်ခိုက်ဖျက်ဆီးခြင်း (၁၈၈)ကြိမ်ပြုလုပ်ခဲ့ပြီး ထိခိုက်ပျက်စီးခဲ့သော လူနာ တင်ယာဉ် ၅၉ စီး၊ ခိုးယူသိမ်းပိုက်ခံရသော လူနာတင်ယာဉ် ၄၉ စီး ရှိခဲ့ကြောင်း Insecurity Insight Website ကို ကိုးကားပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

ပုံစာ-စစ်ကောင်စီတပ် ဧပြီလအတွင်း လေကြောင်းတိုက်ခိုက်မူကြောင့် ပျက်စီးခဲ့သည့် ဆေးရုံ၊ ဆေးခန်း များ။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

#ဆေးရုံဆေးခန်း

#စစ်ကောင်စီတပ်

#တိုက်ခိုက်

#ကျန်းမာရေးဝန်ကြီးဌာန

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly