ပဇီကြီးရွာအနီး လေးတွင်းစင်ရွာမှ ရွာသားအချို့ စစ်ကောင်စီ ဖမ်းဆီးသွားဟုဆို

By MTO (မဇ္ဈိမ)
23 April 2023
ပဇီကြီးရွာအနီး လေးတွင်းစင်ရွာမှ ရွာသားအချို့ စစ်ကောင်စီ ဖမ်းဆီးသွားဟုဆို
ဓါတ်ပုံ - ပဇီကြီးရွာဒေသခံများ ဘေးလွတ်ရာ တိမ်းရှောင်နေရစဉ်

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ပဇီးကြီးကျေးရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် အရပ်သားအချို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း ဒေသခံများက ပြောသည်။

ဧပြီလ ၂၂ ရက်နေ့ ညနေပိုင်းတွင် ပဇီကြီးကျေးရွာအုပ်စု လေးတွင်းစင်နှင့် ချောင်းသာကျေးရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် လေးတွင်းစင်ရွာမှ အမျိုးသားအချို့ကို ဖမ်းဆီးသွားခြင်းဟု သိရသည်။

“ ရွာသားတချို ပါသွား(ဖမ်းသွား)တယ်လို့ပဲ သိရသေးတယ်။ လေးတွင်းစင်ရွာက ရွာသားသုံးယောက်လောက်ပါသွားတယ်” ဟုဒေသခံတစ်ဦးကပြောသည်။

ယမန်‌နေ့က မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ထိခိုက်မှုအခြေအနေကို မသိရသေးပေ။စစ်ကောင်စီတပ်သည် ပဇီကြီးကျေးရွာနှင့် အနီးဝန်းကျင်ရွာများကို ဧပြီလ ၁၉ ရက်နေ့ မှ စတင်ကာ စစ်ကြောင်းထိုးနေသည့်အတွက် ဒေသခံပြည်သူများ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြရသည်။ ထိုသို့ထွက်ပြေးတိမ်းရှောင်နေကြရစဉ် ဒေသခံများ လူစုကွဲပြီး အချို့သည် ဆက်အသွယ်ပြတ်တောက်နေကြောင်းသိရသည်။

" လွတ်ရာပြေးလွှားနေရတော့ လူစုကွဲပြီး အဆက်အသွယ်တွေ ပြတ်နေတယ်။ စစ်ကြောင်းအ‌ခြေအနေကြည့်ပြီး လိုက်ရှာနေကြတယ်" ဟု ပဇီကြီးရွာဒေသခံတစ်ဦးကပြောသည်။

စစ်ကောင်စီတပ်သည် ပဇီကြီးကျေးရွာကို ဧပြီလ ၁၁ ရက်နေ့ တွင် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ ပြည်သူ ၁၆၈ ဦးထက်မနည်းသေဆုံးခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရက သတင်းထုတ်ပြန်ထားသည်။ ယင်းနောက် ဧပြီလ ၁၉ ရက်နေ့မှစတင်၍ ပဇီကြီးကျေးရွာကို စစ်ကောင်စီက ခြေလျင်စစ်ကြောင်းထိုးနေပြီး ဧပြီလ ၂၀ ရက်နေ့တွင် ပဇီကြီးရွာအနီး ထန်းတောရွာမှ စစ်ရှောင်ပြည်သူနှစ်ဦးကို ထပ်မံသတ်ဖြတ်ခဲ့ကြောင်းသိရသည်။စစ်ကောင်စီက သတ်ဖြတ်သွားသူနှစ်ဦးမှာအသက် ၇၀ ခန့်အရွယ် ဦး‌မောင်ကိုလေးနှင့် ဦးတင်မြင့်တို့ ဖြစ်သည်ဟုဒေသခံတစ်ဦးကပြောသည်။

ယနေ့ဧပြီ ၂၃ရက် နေ့လယ်တွင် စစ်ကောင်စီစစ်ကြောင်းသည် ချောင်းသာကျေးရွာအနီး ပြန်လည်ရောက်ရှိနေသောကြောင့် ဒေသခံများသည် ယင်းစစ်ကြောင်းမှလွတ်အောင် နေထွက်‌ပြေးနေကြရကြောင်း သတင်းရရှိသည်။

စာတည်း -မောင်ကြီး

#mizzima

#ကန့်ဘလူ

#ပဇီးကြီးကျေးရွာ

#မိုင်းဆွဲတိုက်ခိုက်

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly