ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပါ

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပါ

မြန်မာပြည်သူများအတွက် လိုအပ်ချက်များနှင့် မြန်မာ စစ်ကောင်စီအား မှန်ကန်သော လုပ်ရပ်များ လုပ်ဆောင်ရန်နှင့် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် နိုင်ငံတကာအသိုင်းအဝန်းမှနေ၍ ဖိအားများပေးရေးအတွက် အပူတပြင်း တောင်းဆိုလျက် ရှိနေသည်။

လက်ရှိ မြန်မာ့ ဒီမိုကရေစီ စံပြပုဂ္ဂိုလ် ရင်ဆိုင်နေရသည့် အခြေအနေသည် ဆယ်စုနှစ်အနည်းငယ်အကြာက အခြားသော ထောင်ချခံ ကမ္ဘာခေါင်းဆောင်ဖြစ်သည့် တောင်အာဖရိကမှ နယ်လ်ဆင် မန်ဒဲလားအား အကျဉ်းချထားခဲ့သည့် တရားမျှတမှု မရှိသည့် ဖြစ်ရပ်ကို ပဲ့တင်ထပ်လျက် ရှိသည်။ တောင်အာဖရိကက လူမျိုးရေး ခွဲခြားမှုများနှင့်ပတ်သက်ပြီး နိုင်ငံတကာက တုန်လှုပ်ခြောက်ခြားခဲ့ရသကဲ့သို့ မန်ဒဲလားအား ထောင်ချခြင်းထားခြင်းကိုလည်း ပေါ့လ်ကြယ်ပွင့်များအပါအဝင် ဦးဆောင် ထင်ရှားကျော်ကြားသည့် ပုဂ္ဂိုလ်များက ပြန်လွှတ်ပေးရေးအတွက် တောင်းဆိုမှုများ ရှိခဲ့သည်။

၁၉၉၀ ဖေဖော်ဝါရီ ၁၁ ရက်၌ နယ်လ်ဆင် မန်ဒဲလားသည် ဇနီးဖြစ်သူနှင့် လက်ချင်းချိတ်ကာ တောင်အာဖရိက အကျဉ်းထောင်မှ လွတ်လပ်စွာ လမ်းလျှောက်ထွက်လာနိုင်ခဲ့သည်။ နောက်ပိုင်းမှာ သမိုင်းစာမျက်နှာသစ်ပဲ ဖြစ်တော့သည်။

မြန်မာတရားရုံးချုပ်သည် ဒေါ်အောင်ဆန်းစုကြည် ရှေ့နေများ လျှောက်တင်သည့် အယူခံကို လက်ခံလိုက်ပြီဖြစ်ရာ မြန်မာ့ ဒီမိုကရေစီ စံပြပုဂ္ဂိုလ်ကို ပြန်လွှတ်ပေးရေးအတွက် ဖိအားများ ပေးရတော့မည် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ တစ်ခုတည်းသော ရာဇဝတ်မှုမှာ ၂၀၂၀ တရားဝင် ဒီမိုကရေစီ ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းသာ ဖြစ်သည်။ ဆယ်စုနှစ်များစွာ ကြုံတွေ့ခံစားနေရသည့် အိပ်မက်ဆိုးမှ နိုင်ငံကို လွတ်မြောက်ရေးအတွက် တစ်ဆင့်ချင်း ကယ်တင်သွားမည့် ရည်မှန်းချက်ဖြင့် ယှဉ်ပြိုင်ခဲ့ခြင်းကြောင့် ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်အား စုစုပေါင်း ထောင်ဒဏ် ၃၃ နှစ် ချထားသည့် ပြစ်မှုများကို လူအနည်းငယ်ကတော့ အလေးအနက် မှတ်ယူကောင်း မှတ်ယူမည်ဖြစ်သော်လည်း ယင်းမှာ မလိုသူကို ရှင်းလင်းဖယ်ရှားမှုသာ ဖြစ်သည်။

မှန်ကန်စွာ လုပ်ဆောင်ရေးနှင့် ဒေါ်အောင်ဆန်းစုကြည်အား ပြန်လွှတ်ပေးရေးအတွက် မြန်မာစစ်ကောင်စီတွင် အာဏာရှိထားသည်။ စစ်ကောင်စီသည် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းသားများကို အခါအားလျော်စွာ ပြန်လွှတ်ပေးလျက်ရှိပြီး နှစ်ကြီးသမား ရာဇဝတ်သားများပင် ပါဝင်သည်။ ထို့အတွက် နေပြည်တော် အကျဉ်းထောင်က အဆောက်အအုံတစ်ခုတွင် ဒေါ်အောင်ဆန်းစုကြည် ဆင်းရဲဒုက္ခ ဆက်လက်ကြုံနေရခြင်းသည် တရားမျှတမှု ကင်းမဲ့လျက်ရှိသည်ကို ရှင်းရှင်းလင်းလင်း ပြသလျက် ရှိနေတော့သည်။

သမိုင်းဖြစ်စဉ်တွင် လူတိုင်း၊ သာမန်လူတိုင်း ပြည်သူ့တာဝန် ထမ်းဆောင်ရသည်။ ဒေါ်အောင်ဆန်းစုကြည်သည် လွတ်လပ်ရေး သူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်၍ သာမန်ပြည်သူ မဟုတ်ဟု တော်တော်များများက ငြင်းဆိုကြမည် ဖြစ်သည်။ သို့ရာတွင် သူမတွင် တစ်ခုထက်ပို၍ ရွေးချယ်စရာ ရှိခဲ့သည်။ နောက်ကြောင်းပြန်ပြီး ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းနိုင်ခွင့် ရှိခဲ့သော်လည်း ခင်ပွန်းသည် ကင်ဆာဖြင့် သေအံ့မူးမူးအချိန်နှင့် ချစ်ခင်သူနှင့် ခွဲခွာရသည့် အချိန်မှာပင် သူမ၏ တိုင်းပြည်အပေါ် တာဝန်ထမ်းရန်အတွက် ရွေးချယ်ခဲ့သည်။

မြန်မာစစ်ဗိုလ်ချုပ်ကြီးများအနေဖြင့် ထို ဖြစ်ရပ်မှန်ကို အလေးထားသင့်သည်။ မြန်မာစစ်ဗိုလ်ချုပ်ကြီးများသည် မပြည့်စုံသည့် အမျိုးသမီးတစ်ဦး၏ ခြိမ်းခြောက်မှုကို ကြောက်လန့်နေသည်ဆိုခြင်းက အမှန်ပဲလား၊ မြန်မာနိုင်ငံအတွက် လွတ်လပ်မှုကို ရှေ့ရှုမှု၊ စစ်ဖိနပ်အောက် ဆယ်စုနှစ်များစွာ ဒုက္ခခါးစည်းခံနေခဲ့ရာမှ မလွဲဧကန် လွတ်မြောက်လာမည့် အဆုံးသတ် ရလဒ်တို့ကို ရင်ဆိုင်ရန် မြန်မာဗိုလ်ချုပ်ကြီးများ တွန့်ဆုတ်နေသလား။

နောက်ဆုံး မလွဲဧကန်ဖြစ်လာမည့် အရာကို မင်းအောင်လှိုင်နှင့် ဗိုလ်ချုပ်ကြီးများ ဘယ်လောက် ကြာကြာ ငြင်းနိုင်မှာပါလဲ၊ အဆုံးတစ်နေ့၌ မြန်မာနိုင်ငံတွင် လွတ်လပ်ခွင့် ထွက်ပေါ်လာမည်သာ ဖြစ်သည်။

ဘာကြောင့် ရင်ဆိုင်ဝံ့သည့် ရဲစွမ်းသတ္တိကို မပြရဲရသလဲ၊ ဒေါ်အောင်ဆန်းစုကြည်ကို ဘာကြောင့် ပြန်မလွှတ်ရဲပါသလဲ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly