လုံခြုံရေးတင်းကျပ်ထားသည့် ဧရာဝတီတိုင်း ဒု-တိုင်းရဲတပ်ဖွဲ့မှူး နေအိမ်တွင် ဗုံးကွဲ

By မင်းထက် (မဇ္စျိမ)
23 April 2023
လုံခြုံရေးတင်းကျပ်ထားသည့် ဧရာဝတီတိုင်း ဒု-တိုင်းရဲတပ်ဖွဲ့မှူး နေအိမ်တွင် ဗုံးကွဲ

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ ၊အမှတ်(၅) ရပ်ကွက် ထောင်ကုန်းလမ်းနှင့် သစ္စာလမ်းထောင့်ရှိ ဧရာဝတီတိုင်း ဒုတိယတိုင်းရဲတပ်ဖွဲ့မှူး နေအိမ်ဝန်းအတွင်း၌ ယနေ့ ဧပြီလ ၂၂ ရက်နေ့ ည ၈ နာရီ ၅၀ မိနစ်က ဗုံးပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွါးခဲ့သည်။

မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် ဒုတိယတိုင်းရဲတပ်ဖွဲ့မှူးနေအိမ်သည် ပုသိမ်ခရိုင် ရဲတပ်ဖွဲ့မှူးနေအိမ် ၊ရဲလိုင်းခန်းတို့နှင့် အနီးဆုံးနေရာတွင်ရှိပြီး လုံခြုံရေးတပ်ကျပ်ထားသည့် နေရာဖြစ်သည်ဟု သိရသည်။

အဆိုပါ ဖောက်ခွဲမှုကို ပုသိမ်မြို့ပြပြောက်ကျားအဖွဲ့(PSTF)မှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အဝေးထိန်းစနစ်ဖြင့် ဗုံးနှစ်လုံးဖောက်ခွဲခဲ့ခြင်းဖြစ်သည်ဟု PSTF တာဝန်ရှိသူကပြော သည်။

"ပထမ တစ်လုံးဖောက်ခွဲပြီး ရဲတွေနဲ့ စစ်သားတွေလာစစ်တဲ့ အချိန်မှာ နောက်တစ်လုံးထပ်ပြီး ဖောက်ခွဲခဲ့တာပါ"ဟု ပြောသည်။

အဆို ပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေ ထိခိုက် သေဆုံးမှု အခြေအနေ အသေးစိတ်ကို စုံစမ်းနေဆဲ ဖြစ်ကြောင်းလည်း PSTF က ပြောသည်။

ပေါက်ကွဲမှု ဖြစ်ပေါ်ပြီးနောက် ပေါက်ကွဲရာနေရာသို့ စစ်ကောင်စီတပ်များနှင့် ရဲများအပြင် လူနာတင်ကားတစ်စီးပါ ရောက်ရှိလာခဲ့သည်ဟု ထောင်ကုန်းလမ်းနေ ဒေသခံများက ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်များနှင့် ရဲများက ထောင်ကုန်း လမ်းအားပိတ်ဆို့ထားကြောင်း၊ မြို့ပေါ်နေရာအချို့တွင်လည်း ပိတ်ဆို့စစ်ဆေးနေကြကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၁၅ ရက်နေ့ ည ၇ နာရီ ၃၆ မိနစ်ခန့် အချိန်ကလည်း ပုသိမ်မြို့၊အမှတ်(၅) ရပ်ကွက်၊ထောင်ကုန်းလမ်းရှိ စစ်သားစုဆောင်းရေးရုံးအား ပုသိမ်မြို့ပြပြောက်ကျားအဖွဲ့က ဗုံးခွဲတိုက်ခိုက်ခဲ့သေးသည်။

စာတည်း။ ။ နောင်နောင်

#ဒုတိုင်းရဲမှူးနေအိမ်ဗုံးကွဲ

#PSTF

#ပုသိမ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly