နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၂ ဧပြီ ၂၀၂၃) 

နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၂ ဧပြီ ၂၀၂၃) 

အမျိုးသားညီညွတ်ရေး အစိုးရ 

  • ခေတ်အဆက်ဆက်မှာ ဘာသာရေးကို အကြောင်းပြပြီး ဘာသာဝင် တစ်စုနဲ့ တစ်စုအကြား အဓိကရုဏ်းများ၊ ပဋိပက္ခများ ဝမ်းနည်းစွာ ကြုံခဲ့ရခြင်းများက စစ်အာဏာရှင်အစိုးရ အဆက်ဆက်မှ ဘာသာရေးအား နိုင်ငံရေး လက်နက်တစ်ခုသဖွယ် အသုံးချခဲ့ကြောင်း မိမိတို့ အနေဖြင့် ကောင်းစွာ သင်ခန်းစာယူ ဆင်ခြင်သတိ ပြုမိခဲ့ပြီး ဖြစ်ကြောင်း (CRPH) က ယနေ့ ကျရောက်သည့် အီးဒ်ပွဲတော်နေ့ကို သဝဏ်လွှာပေးပိုခဲ့ကြောင်း သိရသည်။ 

  • အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ နှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေး (၁၆/၂၀၂၃) ကို ဧပြီ ၂၀ ရက်၊ နံနက် ၉ နာရီခန့်က ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

  • ရှမ်းပြည်နယ်၊ မိုင်းလုံမြို့က တိုက်ပွဲဖြစ်ရာနေရာကို ကြွရောက်လာသည့် မိုင်းဘုန်းဆရာတော်က မန္တလေး PDFတပ်ဖွဲ့ကို အန္တရာယ်ကင်းအဆောင်များနှင့် မေတ္တာပို့ ဩဝါဒများ ချီးမြှင်ခဲ့ကြောင်း Mandalay People's Defence Force က  ထုတ်ပြန်သည်။ 

တော်လှန်ရေး လှုပ်ရှားမှုများ 

  • စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ အင်းစကျေးရွာသို့ ဧပြီ ၂၁ ရက်တွင် စစ်ကြောင်းထိုး ဝင်ရောက်ပြီးနောက် ကျေးရွာအတွင်းရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးနေသည့် စစ်ကောင်စီ တပ်ဖွဲ့ကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သုံးဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရရှိသွားကြောင်း People Army to Fight Dictatorship (PAFD) အဖွဲ့က ထုတ်ပြန်ကြေညာသည်။ 

  • စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ တပ်မ (၃၃) လက်အောက်ခံ၊ ခမရ (၁၃) အနီးရှိ လက်ဖက်ရည်ဆိုင်တွင် ဧပြီ ၂၀ ရက်၊ နံနက် ၉ နာရီခန့်ကရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးဆိုသူ သေနတ်ဖြင့် ပစ်ခတ်ခံလိုက် ရ ကြောင်း ဒေသခံများထံမှ သိရသည်။ 

  • စစ်ကိုင်းတိုင်း ၊ ဆားလင်းကြီးမြို့နယ် ရှိ ကျေးရွာတစ်ခုတွင် “ နိုင်/ ကျဉ်းများကို ချက်ချင်းလွှတ်” ဟူသည့် စာသားပါ ဘန်နာများကို ကိုင်ဆွဲကာ စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်ကို ဧပြီ ၂၁ ရက်၊ ညနေပိုင်းတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ အင်းစကျေးရွာ နှင့် တောင်ကြားကျေးရွာကို စစ်ကောင်စီတပ်များက ဧပြီ ၂၁ ရက်၊ နံနက် ၈ နာရီ မိနစ် ၅၀ ခန့်က စစ်ကြောင်းထိုးပြီး ကျေးရွာများကို မီးရှို့ဖျက်ဆီးရာ ပြည်သူ ထောင်ချီ၍ စစ်ဘေးရှောင် နေရကြောင်း ဒေသခံ ပြည်သူများ နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာတွင် ဧပြီ ၂၀ ရက်၊ မွန်းလွဲပိုင်းက စစ်တပ်နှင့် PDF တပ်ဖွဲ့များ တိုက်ပွဲ ဖြစ်ပွားပြီးနောက် စစ်တပ် စစ်ကြောင်းကို မှားယွင်း ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် စစ်သား ၄၀ ဦးသေဆုံးခဲ့ကြောင်း တော်လှန်ရေး အင်အားစုများ ထံမှ သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ မအူရွာရှိ အကြမ်းဖက်စစ်တပ်စခန်းကို ဧပြီ ၁၀ ရက်က သိမ်းပိုက် ရရှိ ခဲ့ကြောင်း Minkin People's Defence Force - MKPDF 2 ထံမှ သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် ဧပြီ ၁၅ ရက်က အသက် ၈ နှစ်အရွယ် စစ်ဘေးရှောင် ကလေးငယ် ၁ ဦး ထမင်းချက်ရန် ထင်းသယ်သွားစဥ် မြွေဆိုး ကိုက်ခံရပြီး သေဆုံးခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများ အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

  • စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို S&C မီးဘေး စစ်ဘေး ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့က အစား အသောက်နှင့် အသုံးအဆောင် ပစ္စည်း ၂၂ မျိုး ပါဝင်သည့် လွယ်အိတ်များ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် မြောက်ခြမ်း စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်အင်အားစုက ယနေ့ ဧပြီ ၂၂ ရက်တွင် အကြမ်းဖက် စစ်တပ်ကျရှုံးရေးအဖြစ် အာရုဏ်ဦးသပိတ်ကို  ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် သပိတ်အင်အားစုများ ပူးပေါင်းကာ စစ်အာဏာရှင် တော်လှန်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။ 

  • မုံရွာ-မန္တလေး လမ်းပိုင်းရှိ အကြမ်းဖက် စစ်တပ်၏ စစ်ဆေးရေး ဂိတ်စခန်းကို ဧပြီ ၂၀ ရက်က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Royal Tiger Force အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

  • စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်၊ စစ်ကိုင်းမြို့နယ် နှင့် မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ်တို့တွင် ဧပြီ ၂၀ ရက်က အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်များ ပစ်ခတ်ခံရပြီး ၂ ဦး သေဆုံးခဲ့ ကြောင်း ဒေသခံ ပြည်သူများ နှင့် တော်လှန်ရေးတပ်ဖွဲ့များက ပြောသည်။ 

  • မန္တလေး၊ မြင်းခြံမြို့နယ်၊ ကျောက်ကန်ရွာထိပ်၌ တွင် အကြမ်းဖက် စစ်တပ် ကင်းပုန်း နှင့် မိုင်းရှင်းရန် လာသော စစ်သားများကို ဧပြီ ၂၁ ရက်၊ မွန်းလွဲ ၁၂ နာရီခန့်က မိုင်းဆွဲ တိုက်ခိုက်ရာ ၁၂ ဦးသေဆုံးခဲ့ကြောင်း ရွှေခြံသား ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

  • မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့ တပ်စွဲထားသော တပ်စခန်းနှစ်ခုကို ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ဧပြီ ၂၀ ရက်တွင် တိုက်ခိုက်ခဲ့ကြောင်း Myingyan Black Tiger(MBT) ပြန်ကြားရေးတာဝန်ခံ ထံမှ သိရသည်။ 

  • ရန်ကုန်တိုင်း၊ ဒဂုံမြိုသစ်မြောက်ပိုင်းမြိုနယ်၊ ၅၀ ရပ်ကွက်၊ မြဝတီမင်းကြီးလမ်းရှိ YBS 12 ကားဂိတ်တွင် ကားတစ်စီးပေါ်တွင်မပေါက်ကွဲသေးသည့် လက်လုပ်ဗုံးကို ဧပြီ ၂၂ ရက်၊ မွန်းလွဲ ၁ နာရီခန့်က တွေ့ရှိ ခဲ့ကြောင်း သိရသည်။ 

  • ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို ပဲခူးရိုးမပေါ်မှ မောင်းချပစ်မည်ဟု ကြိမ်းဝါးထားသည့် ကြို့ပင် ကောက်မြို့နယ်၊ တောင်နှစ်လုံးပေါက် ကျေးရွာမှ ပျူစောထီး ဦးတင်ကြိုင်ကို ဧပြီ ၂၁ ရက်၊ ညနေ ၆ နာရီခွဲခန့်က ပစ်ခတ် ရှင်းလင်းခဲ့သည်ဟု သာယာဝတီခရိုင် တပ်ရင်းအမှတ် ၃၈၀၁ တပ်ခွဲ (၃) လက်အောက်ရှိ Black Dragon (GBK PDF) က ထုတ်ပြန်သည်။ 

  • ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ် သပိတ်ကော်မတီဝင်များဦးဆောင်ကာ "မတရားတာ ဥပဒေဆိုရင် သမိုင်းပေးတာဝန်အရ တော်လှန်ကြ" စာတန်း ကိုင်ဆောင်ပြီး ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။ 

  • လူငယ်အဆိုတော် မေလသံစဉ်ကို ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅ဝ၅(က)ဖြင့် စစ်ကောင်စီက အမှုဖွင့် ဖမ်းဆီးခံခဲ့ကြောင်း မိသားစုအသိုင်းအဝိုင်းကနေ သိရသည်။ 

  • ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ်၏ ၁၁၄ တပ်ရင်း နှင့် ၁၁၅ တပ်ရင်းတို့ကို ဧပြီ ၂၂ ရက်၊ နံနက် ၁၁ နာရီခန့်က ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Mandalay PDF သတင်းရင်းမြစ်များ၏ ပြောဆိုချက်ကို ကိုးကားပြီး ရန်ကုန်ခေတ်သစ် မီဒီယာတွင် ဖော်ပြထားသည်။ 

  • ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ကျောက်တောင် ပတ်ဝန်းကျင်ဒေသကို စစ်ကောင်စီက ယနေ့ ဧပြီ ၂၂ ရက်၊ နံနက်အစောပိုင်းတွင် တိုက်လေယာဉ်များဖြင့် ဗုံးများ ဆက်တိုက်ကြဲချခဲ့ကြောင်း ဒေသခံ ပြည်သူများက ပြောသည်။ 

  • ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ပွင့်လင်းအေးမြိုင်ရွာရှိ ပုညရှင်ဘုန်းကြီးကျောင်းကို ဧပြီ ၂၁ ရက်၊ ညပိုင်းက အကြမ်းဖက်စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျေးရွာနေပြည်သူ ၅၀၀ ကျော်သည် မြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံပြည်သူများက ပြောသည်။ 

  • မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် အဓိက စစ်ရေးလှုပ်ရှားနေသည့် ရေးဘီလူးအဖွဲ့သည် အပတ်စဉ်(၉) အဖြစ် အဖွဲ့ဝင်အသစ်များအား ရက်တို အခြေခံ စစ်သင်တန်း ပို့ချလျက်ရှိကြောင်း ရေးဘီးလူး အဖွဲ့ခေါင်းဆောင် ထံမှ သိရသည်။ 

  • ရှမ်းပြည်နယ်၊ မိုင်းလုံမြို့သို့ မိုင်းဘုန်း ဆရာတော် ကြွချီလာစဥ် ဧပြီ ၁၁ ရက်က လမ်းပိုင်းတစ်နေရာ၌ မန္တလေး PDF တပ်ဖွဲ့များနှင့် တွေ့ဆုံကာ အန္တရာယ်ကင်း အဆောင်များနှင့် မေတ္တာပို့ ဩဝါဒများ ချီးမြှင်ခဲ့ပေးခဲ့ကြောင်း Mandalay PDF တပ်ဖွဲ့ထံမှ သိရသည်။ 

  • ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ရိခေါ်ဒါရ်မြို့တွင် အကြမ်းဖက် စစ်တပ်စစ်ကြောင်းကို ဧပြီ ၂၂ ရက်၊ နံနက်ပိုင်းက မိုင်းဆွဲတိုက်ခိုက်ပြီးနောက် သေနတ်ပစ်သံများ ဆက်တိုက်ထွက်ပေါ်ခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရသည်။ 

  • သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် ကွယ်လွန်ခြင်း (၉) နှစ်ပြည့် ရှပ်ပြာရောင် လှုပ်ရှားမှုအနေဖြင့် မြန်မာနိုင်ငံ အထွေထွေ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် FGWM မှ အလုပ်သမားအဖွဲ့ဝင်များသည်လည်း ဧပြီ ၂၁ ရက်တွင် ပါဝင်ပြုလုပ်ခဲ့ကြကြောင်း သိရသည်။ 

  • အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီးနောက် အရပ်သားပြည်သူများကို သတ်ဖြတ်လျက်ရှိရာမှာ ဧပြီ ၂၁  ရက်အထိ စာရင်းများအရ ကျဆုံးခဲ့ရသူ ၃၄၂၇ ဦးအထိ ရှိပြီဖြစ်သည်ဟူ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) က ထုတ်ပြန်လိုက်သည်။ 

တိုင်းရင်းသား လက်နက်ကိုင်များ 

  • မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် နှင့် ကျိုက်ထိုမြို့နယ်ရှိ ကျေးရွာများအတွင်းတွင် စစ်ကောင်စီတပ်​၏ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ကျေးရွာများ ရှိကြောင်း KNU ဗဟို​က ဧပြီ ၂၁ ရက်တွင် ထုတ်ပြန်သည်။ 

  • ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ကျောက်မိုင်းဒေသသို့ ဧပြီ ၂၁ ရက်က အကြမ်းဖက်စစ်တပ်က တိုက်လေယာဉ်၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ စစ်ကြောင်းထိုး ဝင်ရောက်လာမှုကြောင့် တိုက်ပွဲဖြစ်ပြီး အကြမ်းဖက် စစ်သားတစ်ဦး သေဆုံးကာ ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း ကျားသစ်နက်စစ်ကြောင်းက ထုတ်ပြန်ထားသည်။ 

  • ချင်းပြည်နယ်၊ တီးတိန်မြို့နယ်ရှိ ချင်းအမျိုးသားတပ်မတော် (CNA) တပ်မဟာ ၄ စခန်းကို အကြမ်းဖက် စစ်တပ်က ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ CNA ရဲဘော် ၂ ဦး ကျဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ် ဖြစ် သည့် The Chin Journal ၏ ဖော်ပြချက်အရ သိရသည်။ 

  • ကရင်နီ (ကယား) ပြည်နယ်အတွင်း ဧပြီ ၁၄ ရက်မှ ၁၉ ရက်ထိ ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း စစ်သား ၅၃ ဦးသေဆုံးကာ လက်နက်အမျိုးမျိုး ၂၉ လက်နှင့် ခဲယမ်း အမြောက်အများ သိမ်းဆည်းရရှိခဲ့ကြောင်း ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် KNDF ထံမှ သိရသည်။ 

စစ်ကောင်စီ 

  • နေပြည်တော်၊ လယ်ဝေးမြို့နယ်တွင် လူသေဆုံးထိခိုက်ဒဏ်ရာရရှိမှု နှင့် ပျက်စီး ဆုံးရှုံးမှုများ ဖြစ်ပေါ် ခဲ့သည့် လေဘေးသင့်ကျေးရွာ ၂ ရွာသို့ စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်က ယနေ့ ဧပြီ ၂၂ ရက်၊ နံနက်ပိုင်းက  သွားရောက်ကြည့်ရှုပြီး ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရသည်။ 

  • မြန်မာ-ထိုင်း နှစ်နိုင်ငံတရားမဝင် လက်နက်ကုန်သွယ်မှုပပျောက်ရေးအတွက် စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင် နှင့် ထိုင်းနိုင်ငံဒု-ဝန်ကြီးချုပ် နှင့် နိုင်ငံခြားရေးဝန်ကြီး H.E.Mr.Don Pramudwinai တို့ ဧပြီ ၂၁ ရက်၊ နေ့လယ်ပိုင်းက နေပြည်တော်တွင် လက်ခံတွေ့ဆုံစဥ် ဆွေးနွေးခဲ့ကြောင်း သိရသည်။ 

  • ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးရန် စစ်ကောင်စီ နိုင်ငံခြားရေး ဝန်ကြီး ဦးသန်းဆွေ နှင့် ထိုင်းနိုင်ငံ ဒု-ဝန်ကြီးချုပ် နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Don Pramudwinai တို့ ယမန်နေ့က တွေ့ဆုံဆွေးနွေးစဥ် ဆွေးနွေးခဲ့ကြောင်း သိရသည်။ 

  • ပြည်တွင်းလျှပ်စစ်ဓာတ်အား လုံလောက်စွာ ရရှိရေးအတွက် ဆိုလာ နှင့် ဆက်စပ်ပစ္စည်း ၆ မျိုး တင်သွင်းမှုအတွက် အခွန်ကင်းလွတ်ခွင့် ပြုလိုက်ကြောင်း စစ်ကောင်စီ စီမံကိန်း နှင့် ဘဏ္ဍာရေး  ဝန်ကြီးဌာနက အမိန့်ကြော်ငြာစာ ထုတ်ပြန်လိုက်သည်။ 

  • နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ယခု ဧပြီလကုန်မှာ လစာတိုးမည်ဆိုသော သတင်းများသည် ကောလာဟလ သာ ဖြစ်ပြီး လစာနှုန်းထားများက ပုံမှန်အတိုင်းပဲ ဖြစ်သည်ဟု စစ်ကောင်စီ စီမံကိန်း နှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းထိုက်က ပြောကြားထားသည်။ 

  • ကမ္ဘာ့နိုင်ငံများ နှင့် အိမ်နီးချင်းနိုင်ငံများတွင် ကူးစက်ဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း ပိုး အိုမီခရွန်မျိုးကွဲ XBB.1.16 ဖြစ်ပွားမှု နှင့် ပတ်သက်ပြီး ဗိုင်းရပ်စ် ရောဂါကုသသည့် ဆေးဝါးများ အပါ အဝင် အခြားလိုအပ်သော ဆေးဝါးများ ရောဂါကာကွယ်ရေးပစ္စည်းများ နှင့် ကုသရေးစင်တာများ ကြိုတင် ပြင်ဆင်ထားရှိရန် စစ်ကောင်စီ ကျန်းမာရေးဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းက ပြောသည်။ 

  • စစ်ခေါင်းဆောင်ဟောင်း သန်းရွှေ နှင့် သမ္မတဟောင်း သိန်းစိန်ကို တရုတ်ကွန်မြူနစ်ပါတီ၏ နိုင်ငံတကာ ဆက်ဆံရေး(အာရှ) ဌာနညွှန်ကြားရေမှူးချုပ် Peng Xiubin က လာရောက်တွေ့ဆုံခဲ့ရာတွင် လက်ရှိ စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်နေသည့် နိုင်ငံရေး အကျပ် အတည်းအပေါ် အဓိကထား မေးမြန်း ဆွေးနွေးခဲ့ကြောင်း နေပြည်တော် ပြည်ထဲရေး သတင်းရင်းမြစ်၏ ပြောဆိုချက်ကို ကိုးကားပြီး ရန်ကုန် ခေတ်သစ်သတင်းဌာနတွင် ဖော်ပြထားသည်။ 

  • စစ်ကိုင်းတိုင်း နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်းရှိ ပြစ်မှုကျူးလွန်ခြင်း မရှိခဲ့သော KIA/PDF အဖွဲ့ဝင် (၁၅) ဦး ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာကြောင်း စစ်ကောင်စီဘက်မှ ထုတ်ပြန် ထားသည်။ 

  • စစ်ကောင်စီ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုင်းကျော်သူကို ဧပြီ ၂၂ ရက်၊ နေ့လယ် ၂ နာရီခန့်က သင်္ဃန်းကျွန်းမြိုနယ် အောင်ရတနာဆေးရုံအနီးတွင် သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံရပြီး သေဆုံးသွားကြောင်း စစ်ကောင်စီ သတင်းဌာန News of Myanmar တွင် ဖော်ပြ ချက်အရ သိရသည်။ 

ဧပြီ ၂၂ ရက် သုံးသပ်ချက် 

  • ယခုရက်ပိုင်း စစ်အုပ်စုနှင့် နိုင်ငံတချို့ ခပ်စိတ်စိတ်ဆွေးနွေးလာသည်ကိုတွေ့ရပြီး ယင်းထဲတွင် ထိုင်း အစိုးရနှင့် မင်းအောင်လှိုင်တွေ့ဆုံရာတွင် လက်နက်ကုန်သွယ်မှုပပျောက်ရေးဆိုပြီး ဆွေးနွေး မှုရှိခဲ့ခြင်း ကြောင့် တော်လှန်ရေးအင်အားစုများအနေဖြင့် သတိထားရမည်ဖြစ်သည်။ 

  • တော်လှန်ရေးအင်အားစုများ၏ ခုခံတော်လှန်စစ် အင်အားကောင်းလာသည်ကို တွေ့ရသလို စစ်အုပ်စု မှလည်း တော်လှန်ရေးအင်အားစုများကိုမနိုင်လျှင် ဒေသခံပြည်သူများကို ပိုမိုဖိနှိပ်လာပြီး တိုက်ပွဲများတွင် သမရိုးကျမဟုတ်သည့် လက်နက်များထုတ်သုံးလာသည်ကိုလည်း တွေ့ရသည်။ 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly