လယ်ဝေးမြို့နယ်တွင် လေဆင်နှာမောင်းတိုက်ခတ်ရာ သေဆုံးသူ ၈ ဦးအထိရှိလာပြီး ၁ ဦးပျောက်ဆုံးနေ

By 001(မဇ္စျိမ)
22 April 2023
လယ်ဝေးမြို့နယ်တွင် လေဆင်နှာမောင်းတိုက်ခတ်ရာ သေဆုံးသူ ၈ ဦးအထိရှိလာပြီး ၁ ဦးပျောက်ဆုံးနေ

နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ တံတားဦးကျေးရွာနှင့် အောင်မြင်ကုန်းကျေးရွာတို့တွင်  ယမန်​နေ့ ဧပြီ ၂၁ရက် ည​နေ ၆ နာရီခန့်က ​လေဆင်နှာ​မောင်း တိုက်ခတ်ခဲ့သည့်အတွက်  ရှစ်ဦး​သေဆုံးပြီး တစ်ဦးမှာ ပျောက်ဆုံးနေကြောင်း မြေပြင်တွင် ကူညီ‌ပေးနေသည့် ပရဟိတအဖွဲ့တစ်ခုထံက သိရသည်။

"တံတားဦးက တ​စ်ယောက်​ပျောက်​​နေတယ်။ အခုထိရှာ​ဖွေ​ရေး​တွေ လုပ်​နေတုန်းပဲ မ​တွေ့​သေးပါဘူး " ဟု အဆိုပါ ပရဟိတအဖွဲ့မှ ဥက္ကဋ္ဌက ပြောသည်။

လေပြင်းတိုက်ခတ်မှုကြောင့် သေဆုံးသူရှစ်ဦးတွင် အသက် ၃၀ ကျော်မှ ၇၀ ဝန်းကျင်အထိ ပါဝင်ကြောင်း မြေပြင်တွင် ကူညီကယ်ဆယ်ရေးဆောင်ရွက်ခဲ့သည့် ပရဟိတအဖွဲ့က ပြောသည်။

ယမန်နေ့က တိုက်ခတ်ခဲ့သော လေဆင်နှာမောင်းကြောင့် အောင်မြင်ကုန်းကျေးရွာတွင် အိမ်ခြေ ၁၅၀ ကျော်နှင့် တံတားဦးကျေးရွာတွင် အိမ်ခြေ ၇၇ အိမ် ပျက်စီးခဲ့ကြောင်းလည်း သိရသည်။

"သူတို့ နေစရာရယ်လို့ သပ်သပ်မရှိဘူး။ အပင်တွေဖျက်လိုက် ကိုယ့်အိမ်ကိုယ်ပြန်နေလို့ ဖြစ်အောင်လေးလုပ်နေကြတာပေါ့။ ကယ်ဆယ်ရေးစခန်းမှာ သွားနေပြီး ငုတ်တုတ်ထိုင်နေလို့လည်း သူတို့အဆင်မပြေဘူးလေ။ အပင်တွေဘာတွေကအစ အမြစ်ကကျွတ်သွားတာဆိုတော့ လုပ်စရာရှိတာတွေ စက်ယန္တရားနဲ့လုပ်မှရတော့မှာ၊ ဒါပေမဲ့ သူတို့လုပ်နိုင်သလောက်လေး လုပ်နေကြတာပေါ့" ဟု ဆိုသည်။

အဆိုပါ လေဆင်နှာမောင်းကြောင့် ကျေးရွာနှစ်ရွာမှ ထိခိုက်ဒဏ်ရာရရှိသူ ၁၂၀ ကျော်ရှိပြီး လယ်ဝေးကုတင် ၁၀၀ ဆေးရုံတွင် ၈၀ ဦးနှင့် နေပြည်တော်ကုတင် ၁၀၀၀ ဆေးရုံတွင် ၄၈ ဦး တက်ရောက်ကုသနေရကြောင်း အဆိုပါ ပရဟိတအဖွဲ့၏ စာရင်းအရ သိရသည်။

ယမန်နေ့ညနေပိုင်းက နေပြည်တော်တွင် မိုးရွာသွန်းမှုဖြစ်ပွားခဲ့ပြီး မြို့နယ်အချို့တွင် မိုးသီးများလည်း ကြွေကျခဲ့သည်။

စာတည်း။     ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။    ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly