လိပ်သိုဒေသသို့ ဆန်၊ ဓာတ်ဆီနှင့် ဆေးဝါး သယ်ယူခွင့် ကန့်သတ်ထား

လိပ်သိုဒေသသို့ ဆန်၊ ဓာတ်ဆီနှင့် ဆေးဝါး သယ်ယူခွင့် ကန့်သတ်ထား

မဇ္ဈိမ။ ။ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၂) နယ်မြေ၊ တောင်ငူခရိုင်၊ သံတောင်ကြီိးမြို့နယ်၊ လိပ်သိုမြို့နယ်ခွဲအတွင်းသို့ ဆန်၊ ဓာတ်ဆီနှင့် ဆေးဝါးများ သယ်ယူခွင့်အား စစ်ကောင်စီက ကန့်သတ်ထားပြီး ၎င်းတို့အား ပိုက်ဆံပေးမှသာ သယ်ယူခွင့်ရကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များထံက သိရသည်။

ပြီးခဲ့သည့် မတ်လ ပထမအပတ်မှစတင်၍ လိပ်သိုမြို့နယ်ခွဲအတွင်းသို့ ဆန်၊ ဆီ၊ ဆား၊ ဆေးဝါးနှင့် ဓာတ်ဆီများအား အကန့်အသတ်ဖြင့် သယ်ယူခွင့်ရသော်လည်း ယခုဧပြီလတွင်မူ စစ်ကောင်စီတပ်သားများအား ပိုက်ဆံပေးမှ သယ်ယူခွင့်ရကြောင်း သိရသည်။

" ပထမတုန်းက ကားတစ်စီးကို ဆန်ငါးအိတ်ပဲတင်လို့ရတယ်။ နောက်တော့ ဆန်တစ်အိတ်၊ အခုတော့ သူတို့ကို ပိုက်ဆံပေးမှ သယ်လို့ရတော့တယ်" ဟု လိပ်သိုတွင် နေထိုင်သူတစ်ဦးက ဆိုသည်။

တရားဝင် ထုတ်ပြန်ကြေညာထားခြင်းမရှိသော်လည်း လိပ်သိုမြို့နယ်ခွဲအတွင်း ဆန်၊ ဓာတ်ဆီနှင့် ဆေးဝါး သယ်ယူမည့် ယာဉ်များသည် တောင်ငူ- လိပ်သို- လွိုင်ကော် ကားလမ်းပေါ်ရှိ လိပ်သိုစစ်ကောင်စီဂိတ်၊ တောင်ငူ-စစ်တောင်းလမ်းရှိ စစ်ကောင်စီဂိတ်တို့တွင် ဆန်တစ်အိတ်လျှင် ၂၅၀၀ ကျပ်ပေးရကြောင်း၊ ၎င်းတို့စိတ်တိုင်းကျမှသာ ကားအား လွှတ်ပေးကြောင်း သိရသည်။

"တရားဝင် ဘာညာမတင်ရလို့ မကြေညာပေမယ့်
သူတို့တောင်းရင် ပေးရမယ်၊ မပေးရင် ကားမလွှတ်ဘူး။ ဆန်တစ်အိတ်ကို ၂၅၀၀ ပေးရတယ်။ ဓါတ်ဆီတင်ရင်လည်း ပိုက်ဆံတောင်းတယ်၊ လုပ်ပိုင်ခွင့်ကသူတို့ လုထားတာလေ။ ဖြတ်လေးဖြတ်ခေတ်ထက် အာဏာလုယူထားတော့ လုပ်ချင်တာ လုပ်တော့တာပေါ့ " ဟု တပ်မဟာ(၂) မြေပြင်သတင်းအရင်းအမြစ်တစ်ဦးက မဇ္ဈိမကိုပြောသည်။

သံတောင်ကြီးမြို့နယ်တစ်ဝိုက်တွင်မူ ထိုဒေသအတွင်း အထိုင်ချနေသော စစ်ကောင်စီတပ်သားများထံ ရိက္ခာတင်ပို့သည့် ကားများ မကြာခဏ မိုင်းဆွဲတိုက်ခိုက်ခံရမှု၊ ပစ်ခတ်ခံရမှုတို့ကြောင့် မသွားလာရဲကြသဖြင့် ဒေသခံများက ၎င်းတို့၏ ရိက္ခာများကိုပါ သယ်ယူပေးရကြောင်း သိရသည်။

" သံတောင်ကြီးဘက်ဆိုရင် စစ်ကောင်စီရဲ့ ဆန်တွေကိုပါ တင်ပေးရတယ်။ သူတို့ရိက္ခာပို့တဲ့ကား မသွားလာရဲတော့ အရပ်သားကို တင်ခိုင်းတယ်" ဟု တပ်မဟာ(၂) မြေပြင်သတင်းအရင်းအမြစ်ကဆိုသည်။

ဒါ့အပြင် လိပ်သိုမြို့နယ်ခွဲ၊ သံမိုးတောင်ကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်က ယမန်နေ့ ဧပြီလ ၂၁ ရက်နေ့ နံနက်ပိုင်းက လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခဲ့သေးကြောင်း သိရသည်။

"မနေ့က မနက် သံမိုးတောင်မှာ စစ်ကောင်စီက လက်နက်ကြီး၊ လက်နက်ငယ် ရမ်းသန်းပစ်သေးတယ်။ ရွာသား ထိတာတော့ မရှိဘူး။ ဒါပေမဲ့ စိတ်လုံခြုံမှု မရှိကြတော့ဘူး။ တောထဲ တောင်ထဲ စစ်ရှောင်ရင်း တစ်နေရာပြီးတစ်နေရာ လိုက်ပုန်းနေရတယ်" ဟု ဒေသခံတစ်ဦးက ဆိုသည်။

လိပ်သိုမြို့နယ်ခွဲ၊ သံမိုးတောင်ကျေးရွာမှ ဒေသခံများသည် စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်ခြင်း၊ နေအိမ်များအားမီးရှို့ခြင်း၊ ဆေးခန်းအား မီးရှို့ဖျက်ဆီးခြင်းစသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ပြီးခဲ့သည့် မတ်လ ၃၁ ရက်နေ့ ညပိုင်းကစ၍ ရွာလုံးကျွတ် နေအိမ်စွန့်ခွာ၍ ထွက်ပြေးနေရပြီး ယနေ့အထိ နေအိမ်သို့ ပြန်လည်နေထိုင်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။

စာတည်း။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly