မြန်မာနိုင်ငံ၏ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တို့နှင့် နယ်စပ်ကုန်သွယ်မှုသည် ၂၀၂၂ မှ ၂၀၂၃ ဘဏ္ဍာနှစ်အတွင်း အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ ကျဆင်းကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ကုန်သွယ်ရေးအချက်အလက် ထုတ်ပြန်ချက်အရ သိရသည်။
၂၀၂၂-၂၃ ဘဏ္ဍာနှစ်တွင် အိန္ဒိယ-မြန်မာ နယ်စပ်တစ်လျှောက် ကုန်သွယ်မှုတန်ဖိုးသည် ဒေါ်လာ ၁၆ ဒသမ ၃၉၅ သန်း ရှိပြီး ယခင် ဘဏ္ဍာနှစ်မှ ဒေါ်လာ ၁ ဒသမ ၃၀၂ သန်း ကျဆင်းခြင်း ဖြစ်သည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက် ၂၀၂၂-၂၃ ဘဏ္ဍာနှစ်က ကုန်သွယ်မှုသည် ဒေါ်လာ ၃၂ ဒသမ ၅၅၂ သန်း ရှိကာ ယခင်ဘဏ္ဍာနှစ်ကထက် ဒေါ်လာ ၁ ဒသမ ၃၀၂ သန်း ကျဆင်းခြင်း ဖြစ်သည်။
အပြန်အလှန်အားဖြင့် မြန်မာနိုင်ငံ၏ တရုတ်နှင့် ထိုင်းတို့နှင့် နယ်စပ်ကုန်သွယ်မှုမှာမူ ၂၀၂၂-၂၃ ဘဏ္ဍာနှစ်အတွင်း မြင့်တက်ခဲ့သည်။
၂၀၂၂-၂၃ ဘဏ္ဍာနှစ်၌ တရုတ်နှင့် နယ်စပ်ကုန်သွယ်မှုသည် ဒေါ်လာ ၃၀၇၅ ဒသမ ၇၇ သန်း ရှိပြီး ယခင်ဘဏ္ဍာနှစ်ကထက် ဒေါ်လာ သန်း ၇၃၀ တိုးမြင့်ကာ တရုတ်နှင့် နယ်စပ်ကုန်သွယ်မှု၌ အမြင့်ဆုံး နှစ်ပတ်လည်နှုန်းဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအရ သိရသည်။
ထိုင်းနိုင်ငံနှင့် ၂၀၂၂-၂၃ ဘဏ္ဍာနှစ်၌ နယ်စပ်ကုန်သွယ်မှုသည် ဒေါ်လာ ၅,၂၅၆ သန်း ရှိပြီး ယခင် ဘဏ္ဍာနှစ်ကထက် ဒေါ်လာ သန်း ၂၆၀ မြင့်တက်ခဲ့သည်။
၂၀၂၂-၂၃ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံ၏ နယ်စပ်ဂိတ်စခန်းများ အားလုံးက နယ်စပ်ကုန်သွယ်မှုသည် ဒေါ်လာ ၆ ဘီလီယံကျော် ရှိခဲ့သည်။
ယင်းကာလအတွင်း မြန်မာနိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှု စုစုပေါင်းသည် ဒေါ်လာ ၃၃ ဘီလီယံရှိကာ ယခင် ဘဏ္ဍာနှစ်ထက် ၃ ဘီလီယံကျော် တိုးများခဲ့သည်။