အဆိုတော် မေလသံစဉ်အား ၅၀၅ - က ဖြင့် အရှေ့ဒဂုံတရားရုံးတွင် ချုပ်မိန့်ရမန်ယူ

By ဂန္ဒမာ (မဇ္ဈိမ)
21 April 2023
အဆိုတော် မေလသံစဉ်အား ၅၀၅ - က ဖြင့် အရှေ့ဒဂုံတရားရုံးတွင် ချုပ်မိန့်ရမန်ယူ

အဆိုတော် မေလသံစဉ်အား စစ်ကောင်စီက ရာဇသတ်ကြီးပုဒ်မ ၅၀၅ - က ဖြင့် ယနေ့ ဧပြီ ၂၁ ရက်နေ့တွင် အရှေ့ဒဂုံတရားရုံး၌ ချုပ်မိန့်ရမန်ယူခဲ့ကြောင်း သိရသည်။

“မေလသံစဥ်ကို ဒီကနေ့ ချုပ်ရမန်ယူပါတယ်။ သူကိုယ်တိုင်ပါလာပါတယ်။ အင်းစိန်ထောင်အထူးတရားရုံးမှာစစ်ပါမယ်။ အတည်ပြုပြီးပါပြီ။ တရားစွဲမတင်သေးပါ။ ချုပ်မိန့်ရမန်ယူတာပါ” ဟု ရှေ့နေတစ်ဦးက မဇ္ဈိမကို အတည်ပြုဖြေကြားသည်။

အဆိုတော် မေလသံစဉ်အား ချုပ်မိန့်ရမန်ယူပြီး ဖမ်းဆီးထိန်းသိမ်းခြင်းမှာ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာအား စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ ဝေဖန်မှုကြောင့်ဖြစ်ကြောင်း သိရှိရသည်။ တရားရုံးတွင် ချုပ်မိန့်ရမန်ယူသည်ဆိုသည်မှာ စွပ်စွဲခံရသူအား ရဲတပ်ဖွဲ့ကထိန်းသိမ်းထားရန် တရားသူကြီးထံမှ ခွင့်ပြုမိန့်ရယူခြင်းဖြစ်သည်။

စစ်ကိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာတွင် ဧပြီလ ၁၁ရက်က စစ်ကောင်စီ၏ လေကြောင်းမှတိုက်ခိုက်ခံရမှုကြောင့် အရပ်သားပြည်သူ ၁၆၈ ဦးထက်မနည်း သေဆုံးခဲ့သည်။ ထိုဖြစ်ရပ်အတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေဖြင့် ပြည်သူများနှင့် နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်အချို့က ဖေစ့်ဘွတ်ခ်ပရိုဖိုင်ဓာတ်ပုံအား အနက်ရောင်ပုံ ပြောင်းလဲခဲ့ကြသည်။ အနုပညာအသိုင်းအဝိုင်းတွင် မေလသံစဉ်ကို ချုပ်မိန့်ရမန်ယူခဲ့ပြီး သရုပ်ဆောင် မေပန်းချီနှင့် အဆိုတော် ရွှေရည်သိန်းတန်တို့ ဖေစ့်ဘွတ်ခ်ပရိုဖိုင်ဓာတ်ပုံအား အနက်ရောင်ပုံပြောင်းလဲခဲ့သည်ဟုဆိုကာ စစ်ကောင်စီက ပုဒ်မ ၅၀၅ - က ဖြင့် တရားစွဲဆိုထားကြောင်း တရားရုံးနှင့်နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။

စာတည်း -မောင်ကြီး

#mizzima

#အဆိုတော်မေလသံစဉ်

#ရာဇသတ်ကြီးပုဒ်မ ၅၀၅ - က

#အရှေ့ဒဂုံတရားရုံး

#ချုပ်မိန့်ရမန်ယူ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly