နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၁ ဧပြီ ၂၀၂၃) 

နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၁ ဧပြီ ၂၀၂၃) 

အမျိုးသားညီညွတ်ရေး အစိုးရ 

  • ဖက်ဒရယ် ဒီမိုကရေစီပညာရေး၏ အုတ်မြစ်ကို ရေရှည်အမြော်အမြင်ရှိရှိဖြင့် စနစ်တကျ တည်ဆောက် ရမည်ဟု အမျိုးသား ညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလက ယနေ့ကျင်းပ ပြုလုပ်သည့် နွေဦး တော်လှန်ရေးကာလ အဆင့်မြင့်ပညာရေးကဏ္ဍ ပထမအကြိမ် ညီလာခံတွင် ပြောသည်။ 

  • အမျိုးသား ညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေး နှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန နှင့် ခရိုင်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးမှု အစည်းအဝေး (၁၅/၂၀၂၃) ကို ဧပြီ ၂၀ ရက်၊ မွန်းလွဲ ၃ နာရီခန့်က ကျင်းပ ပြုလုပ်ခဲ့သည်။ 

  • အမျိုးသား ညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေးကို ဧပြီ ၂၀ ရက်က ကျင်းပပြုလုပ်ခဲ့ပြီး အစည်းအဝေးတွင် ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်ခိုင်သန်းက တော်လှန်ရေးကာလတွင် အချိန်က အရေးကြီးသည့်အတွက် လုပ်ငန်းတာဝန်များကို မလစ်ဟင်းစေဘဲ တတ်နိုင်သရွေ့ လုပ်ဆောင်သွားရန် ပြောကြားခဲ့သည်။ 

တော်လှန်ရေး လှုပ်ရှားမှုများ 

  • စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် မြောက်ခြမ်း သပိတ်အင်အားစုများ ဦးဆောင်ကာ ယနေ့ ဧပြီ ၂၁ ရက်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့ကြောင်း သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကျားရွာကို ယနေ့ ဧပြီ ၂၁ ရက်၊ နံနက် ၉ နာရီခွဲခန့်က အကြမ်းဖက် စစ်တပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးစီးနင်းလာမှုကြောင့် ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသခံပြည်သူများက ပြောသည်။ 

  • စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က ဧပြီ ၂၀ ရက်၊ နေ့လယ် ၂ နာရီခွဲက ဂျက်ဖိုက်တာလေယာဉ်ဖြင့် ဗုံးနှစ်လုံးကြဲချပြီး စက်သေနတ်ဖြင့် ပစ်ခတ်သွားသဖြင့် နေအိမ် အလုံး ၁၀၀ ကျော် မီးလောင်ဆုံးရှုံးခဲ့သည်ဟု ဒေသခံများထံမှ သိရသည်၊။ 

  • စစ်ကိုင်းတိုင်း၊ ကောလင်းမြို့တွင် အထက ကျောင်းတွင် တပ်စွဲထားသော စစ်တပ်မှ စစ်ကောင်စီတပ်သား တစ်ဦး နှင့် ဇနီးဖြစ်သူတို့ ဧပြီ ၁၇ ရက်တွင် ထွက်ပြေးလာပြီး CDM အဖြစ် အလင်းဝင်လာကြောင်း Kawlin Revolution-KR မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

  • စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် ဆန္ဒပြစဉ် အဖမ်းခံရသူ နှစ်ဦး နှင့် သပိတ်အင်အားစုဝင် နှစ်ဦး၏ နေအိမ်များကို ဧပြီ ၁၉ ရက် နှင့် ၂၀ ရက်က စစ်ကောင်စီတပ်ဖွဲ့က ဖြိုချဖျက်ဆီးခဲ့ကြောင်း ကလေးမြို့ ပင်မသပိတ်အင်အားစု အဖွဲ့ဝင် တစ်ဦးက ပြောသည်။ 

  • မီးဘေးသင့် ပြည်သူများအတွက် ကျောက်လုံးကြီး KLG PDF အဖွဲ့မှ မျောတိုင်များကို ခုတ်၍ မီးဘေးသင့် ပြည်သူများကို နေအိမ်များ ဆောက်လုပ်လှူဒါန်းခဲ့ကြောင်း ကျောက်လုံးကြီး KLG PDF အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

  • စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ တဆယ်ကျဲကျေးရွာမှ လူနေအိမ် ၁၃ လုံးကို စစ်တပ်မှ ဧပြီ ၂၀ ရက်၊ နံနက်ပိုင်းက မီးရှို့ဖျက်ဆီးခဲ့ကြောင်း တန့်ဆည်သတင်းရင်းမြစ်များက ပြောသည်။ 

  • စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် နေအပူချိန် မြင့်တက်နေသဖြင့် စစ်ရှောင်အချို့ မူးမေ့မှုများ ရှိခဲ့ပြီး သောက်ရေအလွယ်တကူမရသောကြောင့် ရေဓာတ်ပြတ်ပြီး သေဆုံးသူများ ရှိလာသည်ဟု ခင်ဦးမြို့နယ် သတင်းမှန် ပြန်ကြားရေးက သိရသည်။ 

  • ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ အောင်ချမ်းသာကုန်းထိပ်တွင် ကွမ်းယာရောင်းနေသည့် စစ်အာဏာရှင် ဆန့်ကျင်ရေးတော်လှန်ရေးသမားတစ်ဦးနှင့် အမျိုးတော်စပ်သူ ကိုထွန်းဦးကျော်ကို ပျူစောထီးများက ဧပြီ ၂၀ ရက်၊ ည ၇ နာရီကျော်ခန့်က ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း တော်လှန်ရေးသတင်းရင်းမြစ်များက ပြောသည်။ 

  • ရန်ကုန်တွင် နေထိုင်သည့် The Voice Journal အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ၊ သရုပ်ဆောင် မေပန်းချီ နှင့် အဆိုတော် ရွှေရည်သိန်းတန် တို့ကို စစ်တပ်က ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့် အရေးယူထားသည်ဟု ရဲတပ်ဖွဲ့၏ ပြောဆိုချက်ကို ကိုးကားပြီး မဲခေါင်သတင်းဌာနတွင် ဖော်ပြထားသည်။ 

  • အင်းစိန်ထောင်တွင် သေဒဏ်ချမှတ်ခြင်း ခံထားရသည့် ဒဂုံတက္ကသိုလ် ကျောင်းသား ခုနစ်ဦးထဲမှ ကျောင်းသား လေးဦးကို အခြားအကျဉ်းထောင်အသီးသီးကို ရွှေ့ပြောင်းလိုက်ကြောင်း ဒဂုံတက္ကသိုလ် ကျောင်းသားများ သမဂ္ဂထံမှ သိရသည်။ 

  • မန္တလေးတိုင်း၊ မတ္တရာမြို့ပေါ်ရှိ စစ်ကောင်စီတပ်သားတပ်စွဲထားသည့် ရဲစခန်း နှင့် ထွေအုပ်ရုံးတို့ကို ဧပြီ ၂၀ ရက်၊ နေ့လယ် ၁၂ နာရီခန့်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ယူနီကွန်းပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

  • မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ခက်သင်ရွာကို ဧပြီ ၂၀ ရက်၊ ညနေပိုင်းတွင် အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းစဉ် အမျိုးသမီး တစ်ဦးကို စစ်တပ်က ပစ်သတ်ပြီး ပြည်သူ ၃ ဦးကို ဖမ်းဆီးခေါ်ဆောင် သွားကာ နေအိမ် ၂၀၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံပြည်သူများက ပြောသည်။ 

  • မကွေးတိုင်း၊ မြိုင်မြို့နယ်၊ မန်ကျည်းကန်ကျေးရွာ ကျေးလက်ဆေးခန်းကို စစ်ကောင်စီတပ်မှ ဧပြီ ၁၈ ရက် နှင့် ၁၉ ရက် နှစ်ရက်တာအတွင်း MI-35 တိုက်ခိုက်ရေးလေယာဉ်၊ MI-17 ထောက်ပို့ယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး မြိုင်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့စခန်းတစ်ခု ဆုံးရှုံးခဲ့ကြောင်း အဆိုပါ အဖွဲ့မှ ဧပြီ ၂၁ ရက်တွင် သတင်းထုတ်ပြန်သည်။ 

  • မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်ရှိ အကြမ်းဖက်စစ်သားများ တပ်စွဲထားရာ နေရာ ၂ ခုကို ဧပြီ ၂၀ ရက်၊ နံနက်ပိုင်းက တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ငါးဦး သေဆုံးပြီး PDF ရဲဘော် တစ်ဦး ကျဆုံးခဲ့ကြောင်း Myingyan Black Tiger (MBT) တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

  • မကွေးတိုင်း၊ ထီးလင်းမြို့နယ်အနောက်ခြမ်းရှိ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရုံးကို ဧပြီ ၂၀ ရက်၊ မွန်းတည် ၁၂ နာရီခွဲခန့်က စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲပြီးနောက် မြေပြင်မှ အင်အား ၁၀၀ ကျော်ဖြင့် စစ်ကြောင်းထိုး ဝင်ရောက်နေကြောင်း YRA ထီးလင်းတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

  • ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ သရက်ချဉ်ချောင်း ကျေးရွာအနီးတွင် ဧပြီ ၂၀ ရက်၊ ညနေ ၃ နာရီခန့်က ပဲခူးရိုးမပေါ်သို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၃ ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း Bago Region PDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

  • ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ် သပိတ်အင်အားစုများက “ပြည်သူသာ အမိ/အဖ ထမင်းကျွေးတဲ့ လက်ကို မကိုက်ရ ” စာတန်းကိုင်ဆောင်ကာ ဧပြီ ၂၀ ရက်၊ မွန်းလွဲပိုင်းက စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြခဲ့ ကြောင်း သိရသည်။ 

  • ကရင်နီ (ကယား) ပြည်နယ်အတွင်း နေရပ်စွန့်ခွာ တိမ်းရှောင်နေရသည့် စစ်ရှောင်ပြည်သူများ နွေရာသီ ရေရှားပါးမှုူ အပြင် ပူပြင်းသည့် ရာသီဥတုကြောင့် မူးဝေ၊ ဖျားနာမှုများ ခံစားနေရကြောင်း စစ်ဘေးရှောင် ကူညီနေသူများထံမှ သိရသည်။ 

  • ကရင်နီ (ကယား) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ရှိ စစ်ရှောင်ပြည်သူများကို စိတ်ဓာတ်ခွန်အားပေးသည့် အနေဖြင့် ကျေးလက်မြေအဖွဲ့၏ ဒါရိုက်တာ မမူစဲမှ စိတ်ဓာတ်ပိုင်းဆိုင်ရာ ကုစားမှု သင်တန်းကို ဧပြီ ၂၁ ရက်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

  • ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စုက မှော်ဘုံ (မဒဲန်ယန်) ကျေးရွာကို ဧပြီ ၂၁ ရက်၊ နံနက် ၅ နာရီခွဲခန့်က စစ်ကောင်စီတပ်က အင်အား ၁၀၀ နီးပါးဖြင့် စစ်ကြောင်းထိုး ဝင်ရောက်ပြီး ဒေသခံ ၆၀ ကျော်ကို ထပ်မံ ဖမ်းဆီးထားသည်ဟု ဒေသခံများက ပြောသည်။ 

  • ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၊ ဟိုခိုရွာရှိ ဆရာစံလိုဏ်ဂူအတွင်း PDF တပ်ဖွဲ့ဝင်များ ပုန်းအောင်းနေသည်ဟုဆိုကာ ဗုံးကြဲဖြိုဖျက်ရန် အကြမ်းဖက် စစ်တပ်က ဧပြီ ၂၁ ရက်တွင် ဟိုခိုရွာရှိ ပြည်သူများကို ရွာလုံးကျွတ် ရွှေ့ပြောင်းခိုင်းထားကြောင်း ဒေသခံပြည်သူများက ပြောသည်။ 

  • မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ မြန်မာမွတ်စလင်မ်များအနေဖြင့် ဝါကျွတ်အီးဒ်ပွဲတော်တွင် ဘာသာရေးပြဋ္ဌာန်းချက်များမှအပ အခြားပျော်ပွဲရွှင်ပွဲများကို လုံးဝမကျင်းပစေလိုကြောင်း မြန်မာမွတ်စလင်နိုင်ငံရေး အကျဉ်းသားများက ဧပြီ ၂၀ ရက်တွင် သဘောထားထုတ်ပြန်ခဲ့သည်။ 

  • သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ခြင်း ၉ နှစ်ပြည့်အဖြစ် ယနေ့ ဧပြီ ၂၁ ရက်တွင် Anti-junta forces Coordination Committee-Mandalay အဖွဲ့က ရှပ်ပြာရောင် လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

  • အကြမ်းဖက် စစ်တပ်က အာဏာသိမ်းပြီးနောက် အရပ်သားပြည်သူများကို သတ်ဖြတ်လျက်ရှိရာမှာ ဧပြီ ၂၀ ရက်ထိ စာရင်းများအရ ကျဆုံးခဲ့ရသူ ၃၄၂၂ ဦးထိ ရှိပြီ ဖြစ်သည်ဟု နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်လိုက်သည်။ 

  • မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်တပ်က အာဏာလုယူပြီးနောက်ပိုင်း စစ်အုပ်ချုပ်ရေးကို လက်မခံသည့် ပြည်သူများအပေါ် အကြမ်းဖက်မှုများ ကျူးလွန်နေသည်အပေါ် G 7 နိုင်ငံခြားရေးဝန်ကြီးများက ရှုတ်ချကြောင်း ပူးတွဲထုတ်ပြန်ခဲ့သည်။ 

  • မြန်မာနိုင်ငံကို လေယာဉ်ဆီ တင်ပို့ရောင်းချနေသည့် သ‌‌ေင်္ဘာများကို အာမခံပေးနေသည့် ဗြိတိန်ကုမ္ပဏီ ငါးခုကို ချက်ချင်း ရပ်တန့်ရန် Burma Campaign UK အဖွဲ့က တောင်းဆိုလိုက်သည်။ 

  • မြန်မာပြည်သူများကို ဆက်လက်ကူညီမည်ဟု မြန်မာနိုင်ငံဆိုင်ရာ ဂျာမန်သံရုံးက သတင်းထုတ်ပြန်ခဲ့သည်။ 

တိုင်းရင်းသား လက်နက်ကိုင်များ 

  • လွိုင်ကော်-မိုးဗြဲ ကားလမ်းမ တစ်နေရာရှိ စစ်ကောင်စီယာဉ်တန်းကို ကရင်နီအမျိုးသား ကာကွယ်ရေး တပ် (KNDF) B-03 နှင့် ဗိုလ်တစ်ထောင်အဖွဲ့တို့မှ ဧပြီ ၂၁ ရက်၊ နံနက်အစောပိုင်း၂ နာရီခန့်က ပူးပေါင်း တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က သေဆုံးသူများပြားကြောင်း ကရင်နီ အမျိုးသားတိုးတက်ရေး ပါတီ (KNPP) ဗဟို သတင်း နှင့် ပြန်ကြားရေးက ထုတ်ပြန်ထားသည်။ 

  • ကရင်နီ (ကယား) ပြည်နယ်၊ ဒီးမော့ဆို နှင့် မိုးဗြဲမြို့နယ် ကြား ခြောက်ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၅၀ ကျော် သေဆုံးပြီး တစ်ဦးအရှင်ဖမ်းမိကာ လက်နက်၂၀ကျော် သိမ်းဆည်း ရမိကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF က ယနေ့ ထုတ်ပြန်ထားသည်။ 

  • ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ လိုင်လင်းပီမြို့ စစ်ကောင်စီတပ်စခန်းမှ စစ်ကောင်စီတပ်သားတစ်ဦးသည် ဧပြီ ၁၆ ရက်က လက်နက်နှင့်အတူ အလင်းဝင်လာသည့်အတွက် ကျပ်သိန်း ၅၀ ချီးမြှင့်ခဲ့ကြောင်း CDF-Mara က သတင်းထုတ်ပြန်ထားသည်၊ 

  • ကရင်ပြည်နယ် KNU တပ်မဟာ ၆ နယ်မြေကို ဧပြီ ၂၀ ရက်က စစ်တပ်က YAK-130 တိုက်လေယာဉ်ဖြင့် လာရောက်ပစ်ခတ်ပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်သဖြင့် တော်လှန်ရေးတပ်ပေါင်းစုဘက်က ပြန်လည်ခုခံပစ်ခတ်ခဲ့သည့်အတွက် စစ်တပ်ဘက်မှအထိနာပြီး လက်နက်များ သိမ်းဆည်းရမိခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်သည်။ 

စစ်ကောင်စီ 

  • ထိုင်းဒုတိယဝန်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီး Mr.Don Pramudwinai သည် ယနေ့ ဧပြီ ၂၁ ရက်၊ နံနက်ပိုင်းတွင် နေပြည်တော်ကို လာရောက်မည် ဖြစ်ပြီး စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင် နှင့် တွေ့မည်ဖြစ်ကြောင်း စစ်ကောင်စီသတင်းရပ်ကွက်ကို ကိုးကား၍ ရန်ကုန်ခေတ်သစ် သတင်းတွင် ဖော်ပြထားသည်။ 

  • နေပြည်တော် ဥပ္ပါတသန္တိစေတီတော်တွင် ကဆုန်လပြည့် ဗုဒ္ဓနေ့ အခမ်းအနားကို နိုင်ငံတော်အဆင့်နှင့် အညီ ခမ်းနားစွာ ကျင်းပမည် ဖြစ်ကြောင်း စစ်ကောင်စီ ဒုခေါင်းဆောင် စိုးဝင်းက ဧပြီ ၂၀ ရက်က ပြုလုပ်သည့် ကဆုန်လပြည့် ဗုဒ္ဓနေ့ဆိုင်ရာ မင်္ဂလာအခမ်းအနားများ ကျင်းပရေး နာယကအဖွဲ့ နှင့် ဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောသည်။ 

  • စစ်ကောင်စီ ကျင်းပမည့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားကို တက်ရောက်ကြမည့် အနုပညာရှင်များထဲက ဖက်ရှင်ဆုကိုပါ ရွေးချယ်ချီးမြှင့်သွားမည် ဖြစ်သည်ဟု စစ်ကောင်စီ ပြန်ကြားရေး ဝန်ကြီး ဦးမောင်မောင်အုန်းက ပြောသည်။ 

  • စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့် ပြုလိုက်ကြောင်း စစ်ကောင်စီ လက်အောက်ခံ ရွေးကောက်ပွဲ ကော်မရှင်က ဧပြီ ၂၀ ရက်တွင် ကြေညာခဲ့သည်။ 

  • မြန်မာနိုင်ငံတွင် နွေရာသီကာလ အပူချိန်များ မြင့်တက်နေသော်လည်း လက်ရှိ အခြေအနေအရ ရန်ကုန်အပါအဝင် မြို့ကြီးများတွင် လျှပ်စစ်မီး အချိန်အနည်းငယ်သာ ပေးနိုင်မည် ဖြစ်ပြီး မီးပြတ်ချိန် ပိုမိုများပြားလာနိုင်ကြောင်း နေပြည်တော် လျှပ်စစ်ဝန်ကြီးဌာနမှ အမည်မဖော်လိုသော အရာရှိတစ်ဦး၏ ပြောဆိုချက်ကို ကိုးကားပြီး ရန်ကုန်ခေတ်သစ်သတင်းဌာနတွင် ဖော်ပြထားသည်။ 

  • ၂၀၂၂-၂၃ ပညာသင်နှစ်၏ အခြေခံပညာစာမေးပွဲ အောင်စာရင်းကို ဧပြီ ၂၇ ရက်တွင် ထုတ်ပြန်ကြေညာ သွားမည် ဖြစ်သည်ဟု စစ်ကောင်စီ ပညာရေးဌာနမှ သိရသည်။ 

  • အာဏာသိမ်းစစ်ကောင်စီ၏ မဟာမိတ်အချင်းချင်း အပြန်အလှန်တရားစွဲဆိုမှုအဖြစ် ပြည်ခိုင်ဖြိုးပါတီ ခေါင်းဆောင်များကို လက်ျာစွန်းဝါဒီ မိုက်ကယ်ကျော်မြင့်က ဧပြီ ၁၉ ရက်က အမှုဖွင့် တိုင်တန်းခဲ့ကြောင်း သိရသည်။ 

  • ရန်ကုန်မြို့တော်တွင် တစ်နေ့လျှင် လျှပ်စစ်မီး ၂ နာရီဝန်းကျင်သာ မီးပေးနိုင်တော့သည့် ရန်ကုန်လျှပ်စစ် ဌာနက ဆိုလာစနစ်ဖြင့် မီးသုံးသူများထံမှ လျှပ်စစ်ဝယ်ယူလိုဟု ကြေညာသည်။ 

ဧပြီ ၂၁ ရက် သုံးသပ်ချက် 

  • စစ်ကောင်စီသည် လျှပ်စစ်မီးကို ပုံမှန်မပေးနိုင်ဘဲ မီးပြတ်ချိန် ပိုမိုများပြားသည့်အပြင် ဆိုလာသုံးပြည်သူများထံမှ လျှပ်စစ်ဓာတ်အားပြန်ဝယ်ရန် ပြောဆိုရသည်အထိ အုပ်ချုပ်ရေးစွမ်းရည် ညံ့ဖျင်းနေသည်ကို တွေ့ရသည်။ 

  • စစ်ကောင်စီက ၎င်းတို့ကို မထောက်ခံသည့် နယ်ပယ်အသီးသီးက အသိပညာရှင် အတတ်ပညာရှင်မျာကို အကြောင်းအမျိုးမျိုးပြပြီး ပုဒ်မတပ်ကာ ဖမ်းဆီး ထောင်ချနှိပ်ကွပ်နေပြီး “ဆို့နင့်ကြေကွဲ ဝမ်းနဲလှ၊ မွေးရပ်မြေမို့ ပိုလို့ ခံစားရ” ဆိုတဲ့ စာကြောင်းလေးတစ်ကြောင်း ရေးသားရုံဖြင့် ဖမ်းဆီးခံရနေရသည် အထိ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ဖိနှိပ်နေသည့် အခြေအနေမျိုးဖြစ်နေသည်။ 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly