ကလေးမြို့ ပင်မသပိတ်မှ အဖမ်းခံရသူ ၂ ဦး နှင့် သပိတ်အင်အားစုဝင် ၂ ဦး၏ နေအိမ်များ ဖြိုချဖျက်ဆီးခံရ

By ပါခွီး (မဇ္စျိမ)
21 April 2023
ကလေးမြို့ ပင်မသပိတ်မှ အဖမ်းခံရသူ ၂ ဦး နှင့် သပိတ်အင်အားစုဝင် ၂ ဦး၏ နေအိမ်များ ဖြိုချဖျက်ဆီးခံရ

စစ်ကိုင်းတိုင်း ၊ ကလေးမြို့တွင် ဆန္ဒပြနေစဉ် အဖမ်းခံရသူနှစ်ဦး နှင့် သပိတ်အင်အားစုဝင် နှစ်ဦး၏ နေအိမ်များကို စစ်ကောင်စီတပ်ဖွဲ့က ဖြိုချဖျက်ဆီးခဲ့ကြောင်း ကလေးမြို့ ပင်မသပိတ်အင်အားစုအဖွဲ့ဝင်တစ်ဦးက မဇ္စျိမကိုပြောသည်။

ဆန္ဒပြနေစဉ် ဖမ်းဆီးခံခဲ့ရသူ နှစ်ဦးဖြစ်သော ကလေးမြို့ ၊ တောင်ဖီလာ ရပ်ကွက်ရှိ မကျင်ဒိုကင်မ်၏ နေအိမ်ကို ဧပြီလ ၁၉ရက်နေ့ နှင့် မနှင်းစံ၏ နေအိမ်ကို ဧပြီ ၂၀ရက်နေ့တို့တွင် မြေထိုးစက် (JCB) ဖြင့် စစ်ကောင်စီတပ်ဖွဲ့က လာရောက်ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

ကလေးမြို့ပင်မသပိတ်စစ်ကြောင်း အင်အားစုဝင်ဖြစ်သော ကလေးမြို့ ၊ အောင်မင်္ဂလာရပ်ကွက်ရှိ မပွားလေး၏ နေအိမ်နှင့် လမ်းဆုံ ၊ စင်္ကြာလမ်းတွင်ရှိ သော ကိုထန်ရှန်ကစ်ပ်၏ နေအိမ်တို့ကို စစ်ကောင်စီတပ်ဖွဲ့က ဧပြီလ ၁၉ရက်နေ့က  ဖြိုချဖျက်ဆီးခဲ့ကြောင်း သိရသည်။

“ကျနော်တို့အဖွဲ့ဝင်တွေနဲ့ မိသားစုတွေကို ဖမ်းဆီးပြီး နေအိမ်တွေ အတင်းအဓမ္မ ဖြိုဖျက်ပစ်ရုံနဲ့ နောက်ဆုတ်သွားမှာမဟုတ်ဘူး ၊ သွေးအေးသွားမှာမဟုတ်ဘူး ၊ စစ်အာဏာရှင်ကို ဆက်လက်တွန်းလှန်သွားမှာပါ” ဟု အမည်မဖော်လိုသူ ကလေးမြို့ ပင်မသပိတ်စစ်ကြောင်း အဖွဲ့ဝင်တစ်ဦးက မဇ္စျိမကို ပြောသည်။

ယခု အိမ်ဖြိုဖျက်ခံရသူများနှင့် ဖမ်းဆီးခံရသူများ၏ မိသားစုဝင်များ ဖမ်းဆီးခံထားရကြောင်း သိရသော်လည်း အသေးစိတ်အခြေကို သိရှိရခြင်းမရှိ သေးကြောင်း ဆိုသည်။

ဧပြီလ ၁၆ရက် မွန်းလွဲ ၂နာရီခန့်အချိန်က ကလေးမြို့ ပင်မသပိတ်အဖွဲ့ဝင်များသည် ကလေးမြို့ တပ်ဦးသီတာရပ်ကွက် ၊ ဗိုလ်ချုပ်လမ်းမ ၊ တံတားဦးအနီးတွင် မြေအိုးများ၌ တော်လှန်သင်္ကြန် စာသားများရေးသားပြီး လျှပ်တပြက်ဆန္ဒထုတ်ဖော်နေစဉ် စစ်ကောင်စီတပ်ဖွဲ့က ရုတ်တရက်ရောက်ရှိလာပြီး ဆန္ဒပြသူလေးဦးကို ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ဖမ်းဆီးခံရသူများမှာ ကိုသန်းစိုးဦး ၊ကိုမျိုးဝင်း ၊မကျင်ဒိုကင်မ် နှင့် မနှင်းစံ တို့ဖြစ်ပြီး ယင်းနေ့တွင် စစ်ကောင်စီတပ်က ၎င်းတို့နေအိမ်အသီးသီးကို လိုက်လံပြသစေကာ ချိပ်ပိတ်ခဲ့ပြီးနောက် မကျင်ဒိုကင်မ် နှင့် မနှင်းစံတို့၏ နေအိမ်များကို ယခုကဲ့သို့ ဖြိုချဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကလေးမြို့ပင်မ သပိတ်စစ်ကြောင်းသည် ဖေဖော်ဝါရီလ ၇ ရက် ၂၀၂၁ မှ စတင်၍ စစ်အာဏာရှင်စနစ်ကို နေ့စဉ် မပျက်မကွက် ဆန့်ကျင်ကန့်ကွက်သပိတ်မှောက်နေကြခြင်း ဖြစ်သည်။

စာတည်း။     ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။   ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly