မြိုင်မြို့နယ် မန်ကျည်းကန်ကျေးရွာတိုက်ပွဲမှာ  ပကဖ စခန်းဆုံးရှုံး

By KMN (မဇ္ဈိမ)
21 April 2023
မြိုင်မြို့နယ် မန်ကျည်းကန်ကျေးရွာတိုက်ပွဲမှာ  ပကဖ စခန်းဆုံးရှုံး

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ မန်ကျည်းကန်ကျေးရွာ ကျေးလက်ဆေးခန်းကို စစ်ကောင်စီတပ်မှ ဧပြီလ ၁၈၊ ၁၉ နှစ်ရက်တာအတွင်း MI-35 တိုက်ခိုက်ရေးလေယာဉ်၊ MI-17ထောက်ပို့ယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စခန်းတစ်ခု ဆုံးရှုံးခဲ့ကြောင်း ၎င်းအဖွဲ့မှ ယနေ့ ဧပြီ ၂၁ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

"ပကဖ စခန်းမှာ mission အတွင်း အသုံးပြုတဲ့ကားတစ်စီးနဲ့  ဝယ်ယူစုဆောင်းထားတဲ့ လက်နက်ခဲယမ်း၊ ဆက်သွယ်ရေးအသုံးပြု ပစ္စည်းတွေ စုစုပေါင်း ကာလပေါက်ဈေး ‌သိန်း ၁,၅၀၀ ကျော်လောက် ဆုံးရှုံးနစ်နာခဲ့တယ်"ဟု မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက ဆိုသည်။

ဧပြီလ ၁၈ရက်နေ့ နံနက် ၁၀ နာရီခွဲခန့်အချိန်တွင် မန်ကျည်းကန်ကျေးရွာသို့ စစ်ကောင်စီတပ်မှ MI-35တိုက်ခိုက်ရေးလေယာဉ် နှစ်စီးဖြင့် ပစ်ခတ်၍ MI-17ထောက်ပို့ယာဉ်သုံးစီးဖြင့် စစ်သားအင်အားအလုံးအရင်းချကာ အလစ်အငိုက်ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထိုစီးနင်းတိုက်ခိုက်မှုတွင် နာမကျန်းဖြစ်သူများ၊ မွေးလူနာအများအပြားရှိ‌သော မန်ကျည်းကန်ရွာကျေးလက်ဆေးခန်းနှင့် ပကဖ စခန်းတစ်ခု ထိခိုက်ဆုံးရှုံးခဲ့ပြီး မပြေးနိုင်သောပြည်သူများအား ကယ်ထုတ်ရင်း ပကဖ ရဲဘော်များ အထိအခိုက်အနည်းငယ်သာရရှိကာ ဘေးလွတ်ရာသို့ရောက်ရှိခဲ့ကြောင်း မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်သည်။

ဧပြီလ ၁၉ ရက်၊ နေ့လယ် ၁၁နာရီခန့်တွင် စစ်ကောင်စီတပ်မှMi-17 ထောက်ပို့ယာဉ်ဖြင့် ကျေးရွာဆေးခန်းထဲတွင်ရှိသော ဓာတ်မှန်စက်နှင့်အတူ ပကဖ စခန်းထံမှ သိမ်းဆည်းရရှိ‌သော လက်နက်ခဲယမ်းများအားသယ်ဆောင်၍ မြိုင်မြို့အနောက်ဘက်သို့ ထွက်ခွာသွားကြောင်းသိရသည်။

စစ်ကောင်စီတပ်သားများသည် ဧပြီ  ၁၈၊ ၁၉ နှစ်ရက်တာအတွင်းမန်ကျည်းကန်ကျေးရွာအတွင်းမှ နေအိမ်များကိုလည်း  ဝင်ရောက်မွှေနှောက်ပြီး ရွှေထည်ပစ္စည်းများ၊ ပိုက်ဆံများ ယူဆောင်သွားသည့်အပြင် ဖမ်းဆီးခံပြည်သူများထံမှ ဖုန်းအလုံး ၁၀၀ ကျော်ကိုလည်း ယူဆောင်သွားကြောင်း သိရသည်။ ထို့အပြင်အသက် ၁၆ နှစ်အရွယ် အမျိုးသားတစ်ဦးအားသတ်ဖြတ်ခဲ့သလို ဖမ်းဆီးထားသူများအနက်မှ ၁၄ ဦးအား အထုပ်ထမ်းအဖြစ် ခေါ်ဆောင်သွားပြီး ကျန်ပြည်သူများအား ထားခဲ့သည်ဟု နွေဦးတော်လှန်ရေး-မြိုင်မြို့က ထုတ်ပြန်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required