မြန်မာကို လေယာဉ်ဆီတင်သွင်းရာမှာ အာမခံဝန်ဆောင်မှုပေးခြင်းကို ရပ်တန့်ဖို့ Burma Campaign UK  အဖွဲ့ တောင်းဆို

မြန်မာကို လေယာဉ်ဆီတင်သွင်းရာမှာ အာမခံဝန်ဆောင်မှုပေးခြင်းကို ရပ်တန့်ဖို့ Burma Campaign UK  အဖွဲ့ တောင်းဆို

မြန်မာနိုင်ငံကို လေကြောင်းလောင်စာဆီတွေ ပို့ဆောင်ခြင်းအတွက် အာမခံဝန်ဆောင်မှုပေး နေတာကို ရပ်တန့်ဖို့ ဗြိတိန်အာမခံကုမ္ပဏီ ၅ ခုကို ဗြိတိန် အခြေဆိုက် မြန်မာ့အရေး လှုပ်ရှားတဲ့ အဖွဲ့ တခုဖြစ်တဲ့ Burma Campaign UK က ဧပြီ ၂၀ ရက်နေ့က တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံသို့ လေယာဉ်ဆီတင်ပို့တဲ့ သင်္ဘောတွေအတွက် ဗြိတိန် အာမခံကုမ္ပဏီငါးခုက အာမခံဝန် ဆောင်မှု ဆောင်ရွက်ပေးခဲ့တယ်လို့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ထုတ် ထားပါတယ်။

 “မြန်မာနိုင်ငံသို့ လေယာဉ်ဆီတင်ပို့ရာမှာ ပါဝင်တဲ့ဘယ်ကုမ္ပဏီမဆို အရပ်သားတွေအပေါ် လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်ရာမှာ ပါဝင်ကျူးလွန်တာဖြစ်ပါတယ်။ အာမခံပေးတာမရှိရင် သင်္ဘောတွေက လေယာဉ်ဆီ မတင်ပို့နိုင်ပါဘူး” လို့ Burma Campaign UK ရဲ့ ညွှန်ကြားရေးမှူး မတ်ခ်ဖာမန်နာက ပြောပါတယ်။

ကုမ္ပဏီ (၅) ခုရဲ့ အမည်တွေကိုလည်း ကြေညာထားပြီး အဲ့ထဲမှာ UK P&I၊ Steamship Mutual၊ Britannia P&I၊ North Standard၊ Shipowners Club ကုမ္ပဏီတွေ ပါဝင်ပါတယ်။ 

ဒီ ကုမ္ပဏီတွေဟာ မြန်မာနိုင်ငံကို လေကြောင်းလောင်စာဆီ ပို့ဆောင်ပေးနေတဲ့ သင်္ဘောတွေအတွက် အကာအကွယ်နဲ့ လျော်ကြေးငွေ အာမခံ ပေးထားတဲ့ သင်္ဘောပိုင်ရှင်များ အပြန်အလှန် အာမခံအသင်းဝင် ကုမ္ပဏီတွေ ဖြစ်ပါတယ်။

မြန်မာနိုင်ငံကို လေကြောင်းလောင်စာဆီ ပို့ဆောင်ပေးရာမှာ ထောက်ပံ့ရေးကွင်းဆက် အဖြစ် ပါဝင်နေတဲ့ ဒီ ကုမ္ပဏီတွေရဲ့ အခန်းကဏ္ဍကို နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ Amnesty International က ထုတ်ပြန်တဲ့ “သေမင်းတမန် ကုန်ပစ္စည်း” အမည်နဲ့ အစီရင်ခံစာမှာလည်း ဖော်ပြထားပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ပဇီကြီးရွာအပေါ် မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု ဟာ ကြောက်မတ်ဖွယ်ရာကောင်းပြီး အရပ်သားတွေ သေဆုံး၊ ဒဏ်ရာရရှိပြီး နေအိမ်တွေ ပျက်စီးရတဲ့ စစ်ကောင်စီ ရဲ့ တရားမဝင် လေကြောင်းတိုက်ခိုက်မှုတွေဟာ အတိုက်အခံတွေကို ချေမှုန်းဖို့နဲ့ ပြည်သူတွေကို အကြောက်တ ရားသွတ်သွင်းတဲ့ အမှတ်သညှာတစ်ခုဖြစ်တယ်လို့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) မှ လူ့အခွင့်အရေး သုတေသီ မွန်စီဖာရာက ပြောပါတယ်။

စစ်ကောင်စီဟာ တိုက်ပွဲဖြစ်ချိန်တွေမှာရော တိုက်ပွဲမရှိချိန်တွေမှာပါ ဂျီနီဗာကွန်ဗန်းရှင်း အရ အကာအကွယ်ပေးရမှာဖြစ်တဲ့ အရပ်သားတွေရဲ့ အိမ်တွေ၊ စစ်ရှောင်စခန်းတွေ၊ ကျန်းမာရေး၊ ပညာရေးနဲ့ ဘာသာရေးအဆောက်အအုံတွေကို တမင်တကာ ဦးတည် တိုက်ခိုက်ခဲ့တယ်လို့ စာတမ်းမှာ ဖော်ပြထားပါတယ်။

“မြန်မာနိုင်ငံကို လေကြောင်းလောင်စာဆီ ပို့ဆောင်ပေးနေတဲ့ ထောက်ပံ့ရေးကွင်းဆက်မှာ ပါဝင်နေတဲ့ ကုမ္ပဏီတိုင်းဟာ အရပ်သားတွေကို လေကြောင်းတိုက်ခိုက်မှုတွေမှာ ပူးတွဲ တရားခံ၊ ကြံရာပါ တွေ ဖြစ်လာမှာ ဖြစ်လို့ ချက်ချင်းရပ်သင့်ပါတယ်” လို့ Burma Campaign UK ရဲ့ ဒါရိုက်တာ မာ့ခ်ဖာမနာ က ပြောပါတယ်။

မြန်မာနိုင်ငံသို့ လေယာဉ်ဆီတင်ပို့ရာမှာပါဝင်တဲ့ ဗြိတိန်ကုမ္ပဏီတွေကို ဒဏ်ခတ်အရေးယူမှုတွေပြုလုပ်ဖို့ ဗြိတိန်အစိုးရက ပျက်ကွက်ခဲ့တယ်လို့ Burma Campaign UK က ပြောပါတယ်။

မြန်မာစစ်တပ်ထံ လေယာဉ်ဆီရောင်းချတဲ့ မြန်မာကုမ္ပဏီတွေနဲ့ လူပုဂ္ဂိုလ်တွေကိုတော့ ဗြိတိန်အစိုးရက ဒဏ်ခတ်အရေးယူခဲ့ပါတယ်။

ဧပြီလ ၁၁ ရက်နေ့က စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း ကလေး ၄ဝ အပါအဝင် စုစုပေါင်း ၁၇ဝ လောက် သေဆုံးခဲ့ရတာဖြစ်ပါတယ်။

မြန်မာအပေါ် အရေးယူဒဏ်ခတ်မှုတွေ ချမှတ်ရေးနဲ့ပတ်သက်ပြီး ဗြိတိသျှပါလီမန်မှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေနေတွေကို ဒီတပတ်ထဲ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ဗြိတိန်ရဲ့ မြန်မာအပေါ် အရေးယူဒဏ်ခတ်မှု ချမှတ် အကောင်ထည်ဖေါ်ရေး နှေးကွေးနေမှုတွေ ဖြေရှင်းဖို့ လွှတ်တော်အမတ် Rushanara Ali က တောင်းဆိုခဲ့သလို၊ ဒီမူဝါဒ အကောင်ထည်ဖော်ရေး တာဝန်ယူ လုပ်ဆောင်မယ့် အရာရှိ လုံလုံလောက်လောက် ရှိမရှိ ဗြိတိန်နိုင်ငံခြားရေးရုံး FCDO ကို မေးခွန်းထုတ်ခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာ့ရေနံနဲ့ သဘာဝဓါတ်ငွေ့လုပ်ငန်း MOGE ကို ဗြိတိန်အစိုးရက ပစ်မှတ်ထား အရေးယူဖို့၊ ဗြိတိန်ကုမ္ပဏီတွေ MOGE နဲ့ ထိတွေ့ဆက်ဆံမှုကိုရော မြန်မာအတွက် လေယာဉ်ဆီ တင်သွင်းမှုကိုပါ တားမြစ်ဖို့လည်း တိုက်တွန်းခဲ့တယ်လို့သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required