Heineken၊ Carlsberg နှင့် ThaiBev တို့က စစ်ကောင်စီကို အခွန်အမြောက်အမြား ပေးဆောင်နေ

Heineken၊ Carlsberg နှင့် ThaiBev တို့က စစ်ကောင်စီကို အခွန်အမြောက်အမြား ပေးဆောင်နေ

ကွယ်လွန်သူ ခရိုနီ ဦးသိန်းထွန်း မိသားစုပိုင် စီးပွားရေးလုပ်ငန်းများနှင့် ၎င်းတို့၏ ပြည်ပမိတ်ဖက်များ ဖြစ်ကြသော Heineken၊ Carlsberg နှင့် ThaiBev တို့သည် ၎င်းတို့၏ အဖျော်ယမကာ လုပ်ငန်းမှနေ၍ မြန်မာ အာဏာသိမ်း စစ်ကောင်စီအား အခွန်အမြောက်အမြား ပေးဆောင်လျက်ရှိကြောင်း Distributed Denial of Secrets မှ ထုတ်ပြန်သည့် အခွန်ပေးဆောင်ခြင်း စုံစမ်းစစ်ဆေးမှုတစ်ရပ်အရ သိရသည်။

အဆိုပါ စီးပွားရေးလုပ်ငန်းများအနေဖြင့် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ၏ လမ်းညွှန်ချက်များနှင့် ၎င်းတို့၏ နိုင်ငံတကာ လူ့အခွင့်အရေး တာဝန်ခံမှုတို့အား လိုက်နာရန်နှင့် စစ်ကောင်စီအား အခွန်ပေးဆောင်ခြင်း အဆုံးသတ်ရန် လှုံ့ဆော်ရေးအဖွဲ့ Justice For Myanmar က တိုက်တွန်းထားသည်။

အခွန်ပေးဆောင်မှု စုံစမ်းစစ်ဆေးရေး ထုတ်ပြန်ချက်တွင် အဖျော်ယမာကာ လုပ်ငန်းကြီးများဖြစ်သော Heineken၊ Carlsberg နှင့် ThaiBev တို့က မြန်မာစစ်ကောင်စီအား အခွန် ဒေါ်လာ သန်းပေါင်းများစွာ ပေးဆောင်နေကြောင်း ဖော်ပြထားသည်။

အဆိုပါ နိုင်ငံခြားကုမ္ပဏီများသည် ကွယ်လွန်သူ ခရိုနီ ဦးသိန်းထွန်း၏ မိသားစုနှင့် မိတ်ဖက်ဆောင်ရွက်နေခြင်းဖြစ်ပြီး ၎င်းတို့မိသားစုတွင် သားဖြစ်သူ ဦးသန့်ဇင်ထွန်းနှင့်အတူ Myanma Golden Star Group ကုမ္ပဏီကလည်း ဖွင့်လှစ်လုပ်ကိုင်နေခြင်း ဖြစ်သည်။

Myanma Golden Star Group သည် Carlsberg နှင့် ဘီယာကို ထုတ်လုပ်ပြီး LOTTE Corporation ၏ ကုမ္ပဏီခွဲတစ်ခုနှင့်အတူ အချိုရည်ကို ထုတ်လုပ်သည်။

ဦးသိန်းထွန်း၏ သမီးဖြစ်သူ မမာမာထွန်နှင့် သမက် ဦးအောင်မိုးကျော်တို့က Heineken နှင့် Thai Beverage (ThaiBev) ၏ ဌာနေမိတ်ဖက်များ ဖြစ်သည်။ ThaiBev သည် Grand Royal Group ကို ထိန်းချုပ်ထားသည်။

၂၀၂၁ အောက်တိုဘာမှ ဒီဇင်ဘာအထိ ရရှိသော အခွန်ပေးဆောင်မှုစာရင်းကို ဆန်းစစ်ချက်အရ Heineken၊ Carlsberg နှင့် ThaiBev ကုမ္ပဏီခွဲများသည် အထူးကုန်စည်ခွန် တစ်ခုတည်းဖြင့်ပင် စစ်ကောင်စီထံ ကျပ်ငွေ ၄၉ ဒသမ ၉ ဘီလီယံ အခွန်ပေးဆောင်ခဲ့ကြောင်း သိရသည်။ ယင်းပမာဏသည် စစ်ကောင်စီ၏ လက်အောက်တွင် ရှိနေသော ဗဟိုဘဏ် ငွေလဲနှုန်းအရပင် အမေရိကန်ဒေါ်လာ ၂၇ ဒသမ ၆ သန်းနှင့် ညီမျှသည်။

Heineken၊ Carlsberg နှင့် ThaiBev တို့သည် အဆိုပါ အောက်တိုဘာမှ ဒီဇင်ဘာလအတွင်းမှာပင် စစ်ကောင်စီထံ ကုန်သွယ်မှုအခွန်နှင့် ဝင်ငွေခွန် ကျပ် ၁၂ ဒသမ ၆ ဘီလီယံ (ဒေါ်လာ ၇ သန်း) ကို ပေးဆောင်ခဲ့ကြသည်။

တစ်နှစ်တာလုံးအတွက် ThaiBev၊ Heineken နှင့် Carlsberg ကုမ္ပဏီတို့သည် စစ်ကောင်စီထံ အခွန် ကျပ် ၂၅၀ ဘီလီယံ (ဒေါ်လာ ၁၅၅ သန်း) ပေးဆောင်ဖွယ်ရှိပြီး စစ်ကောင်စီ၏ နိုင်ငံတကာ ရာဇဝတ်မှုများကို ငွေကြေးထောက်ကူလျက် ရှိနေခြင်းပဲ ဖြစ်သည်။

အထူးခွန် ပေးဆောင်ရခြင်း မရှိသော LOTTE သည်လည်း POSCE International နှင့်အတူ ဟိုတယ်လုပ်ငန်း ဖွံ့ဖြိုးမှု၌ ရင်းနှီးမြုပ်နှံခြင်းအားဖြင့် အခွန်ဆောင်ရသကဲ့သို့ စစ်ကောင်စီထံ မြေငှားခများ ပေးဆောင်နေလျက် ရှိသည်။

အဆိုပါ ကော်ပိုရေးရှင်းများမှ ငွေပေးအပ်မှုများသည် စစ်ကောင်စီအတွက် မြန်မာပြည်သူများအပေါ် အကြမ်းဖက်မှုများ ကျူးလွန်ရာ၌ ထောက်ကူပြုလုပ် ရှိနေသည်။

မြန်မာစစ်တပ်အနေဖြင့် လေကြောင်းတိုက်ခိုက်မှုအားလုံး ချက်ချင်းရပ်ရန် ဆုံးဖြတ်ချက်တစ်ရပ်အား ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက အတည်ပြုလိုက်ပြီး သီတင်းပတ်အတော်ကြာ ဧပြီ ၁၁ ရက်တွင် စစ်ကိုင်းတိုင်း ပဇီကြီးကျေးရွာက အခမ်းအနားတစ်ရပ်ကို စစ်ကောင်စီက မဆင်မခြင် လေကြောင်းတိုက်ခိုက်သဖြင့် လူပေါင်း ၁၆၈ ဦး သေဆုံးခဲ့သည်။

၂၀၂၂ အောက်တိုဘာအတွင်းကလည်း ကချင်က ဖျော်ဖြေရေးအခမ်းအနားတစ်ခုကို လေကြောင်းတိုက်ခိုက်ရာ၌ လူ ၈၀ ကျော် သေဆုံးခဲ့ရသည်။

အဖျော်ယမကာ ကုမ္ပဏီကြီးများထံမှ အခွန်အမြောက်အမြား ရရှိနေခြင်းသည် စစ်ကောင်စီအတွက် လက်နက်၊ လောင်စာနှင့် စစ်ပစ္စည်းများ ဝယ်ယူရန်နှင့် စစ်သားများအား လစာပေးရန်တို့တွင် အကူအညီဖြစ်နေသကဲ့သို့ ကျူးလွန်ဆဲ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုများ ကျုးလွန်ခြင်းကိုလည်း ထောက်ကူပြုလျက် ရှိနေသည်။

ThaiBev၊ Heineken၊ Carlsberg နှင့် LOTTE တို့အနေဖြင့် NUG ၏ လမ်းညွှန်ချက်များနှင့် ၎င်းတို့၏ နိုင်ငံတကာ လူ့အခွင့်အရေး တာဝန်ခံမှုများကို လိုက်နာကာ စစ်ကောင်စီအား ငွေပေးအပ်ခြင်းများ အဆုံးသတ်ရန် Justice For Myanmar အဖွဲ့က တိုက်တွန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required