နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု ( ၂၀ ဧပြီ ၂၀၂၃ )

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု ( ၂၀ ဧပြီ ၂၀၂၃ )

အမျိုးသားညီညွတ်ရေး အစိုးရ
•    အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်း တို့မှာရှိသည့် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲမှုကို ဧပြီ ၁၉ ရက် မွန်းလွဲ ၁ နာရီမှာ ပြုလုပ်ခဲ့ကြသည်။
တော်လှန်ရေး လှုပ်ရှားမှုများ 
•    မန္တလေးတိုင်း၊ပုသိမ်ကြီးမြို့နယ်၊မြကန်သာကျေးရွာစျေးတွင် ဧပြီ ၂၀ရက် နံနက် ၇နာရီခန့်က အကြမ်းဖက် စစ်ကောင်စီ တပ်သား သုံးဦး သေနတ်ဖြင့်ပစ်ခတ်ခံရကာ တစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာ အပြင်းအထန် ရရှိသွားကြောင်းသိရသည်။
•    မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ကျွဲဆည်ကန်ကားဝင်းအနီး ၇၅ လမ်းနှင့် ၁၁၅ လမ်းရှိ မြဝတီဘဏ် အစောင့် စစ်ကောင်စီဂိတ်နှင့် အမရပူရမြို့နယ် ကပ်ကျော်ကွက်သစ်မှ စစ်ကောင်စီဂိတ်တို့ ကို အောင်စည်တော်စစ်ဆင်ရေးအဖွဲ့မှတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
•    မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းတိုက်နယ် တိုက်ပွဲတွင် ဒဏ်ရာရရှိခဲ့သည့် စစ်သားများကို ကား ၂ စီးဖြင့် တကောင်းတိုက်နယ် ဆေးရုံမှ ၇ မိုင်ဆေးရုံသို့ပြောင်းရွှေ့စဉ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၁၀ ဦးကျော်သေဆုံးပြီး အပြင်းအထန်ဒဏ်ရာရရှိသူများလည်းရှိကြောင်း တကောင်းပကဖမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
•    ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်အရှေ့ဘက်ခြမ်းကို မတ် ၂၃ ရက်နေ့ကစလို့ စစ်ကောင်စီတပ်က ၁၉ ရက်ကြာ စစ်ကြောင်းထိုးခဲ့ပြီး နေအိမ်တစ်ထောင်ဝန်းကျင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ရွှေကူ PDF က ဧပြီ ၁၅ ရက်နေ့မှာ ထုတ်ပြန်ထားသည်။
•    တနင်္သာရီတိုင်း၊မြိတ်ခရိုင်၊တနင်္သာရီမြို့နယ်တွင် တိုက်ပွဲများကြောင့် စစ်ဘေးရှောင်နေရသော ကျေးရွာကိုး ရွာမှ ဒေသခံများအတွက် စားနပ်ရိက္ခာ၊ အမိုးအကာနှင့်ဆေးဝါးအကူအညီများလိုအပ်နေကြောင်း စစ်ဘေး ရှောင် အရေးကူညီပေးနေသည့် လူမှုအဖွဲ့အစည်းများကပြော သည်။
•    တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်ရှိ လယ်သစ်ကျေးရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်သောကြောင့် ကျေးရွာနေ ပြည်သူ ၂၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသ ပြည်သူများထံမှ သိရသည်။
•    ပဲခူးတိုင်းအနောက်ခြမ်း၊ သဲကုန်းမြို့နယ်၊ ဗြဟ္မာ့အင်းကျေးရွာအုပ်စု တာဝန်ကျနယ်ထိန်း ရဲ တပ်ဖွဲ့ဝင် ဇေယျာ အောင်ကို ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ရင်း (၃၆၀၂) ၊ TPDF (သဲကုန်းမြို့ နယ် ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့) တပ်ခွဲ(၄)မြို့ပြပြောက်ကျားအဖွဲ့မှ နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ပစ်သတ်ခဲ့ကြောင်း TPDF တာဝန်ရှိသူမှ မဇ္ဈိမကို ပြောသည်။
•    မြေပြင် ပြည့်သူပညာရေး ကျောင်းများတွင် ၂၀၂၃သင်္ကြန်ကာလအတွင်း တော်လှန်သင်္ကြန်နှင့် တော်လှန်စတု ဒိသာများကို မြို့နယ် ကိုးမြို့နယ်အထိ လုပ်ဆောင်နိုင်ခဲ့ကြောင်း အခြေခံပညာ ပညာရေးဝန်ထမ်းများ အထွေထွေသပိတ် ကော်မတီ Basic Education General Strike Committee - BEGSC ၏ တာဝန်ရှိသူများထံမှ သိရသည်။
•    စစ်ကိုင်းတိုင်း ၊ ကလေးမြို့တွင် ဆန္ဒပြရာတွင်ပါဝင်ခဲ့ပြီး အဖမ်းဆီးခံထားရသူတစ်ဦး၏ နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့များက ဖြိုဖျက်ခဲ့ကြောင်း သပိတ်ကော်မတီဝင်တစ်ဦးထံမှ သိရသည်။
•    စစ်ကိုင်းတိုင်း ၊ ခင်ဦးမြို့နယ် အနောက်ခြမ်းကို စစ်ကောင်စီတပ်က ဧပြီလ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် စတင်၍ စစ်ကြောင်းထိုးနေခြင်းကြောင့် ကျေးရွာနေပြည်သူ ဦးရေ ၉,၀၀၀ ခန့် စစ်ရှောင်နေရကြောင်း ဒေသခံများထံက သိရသည်။
•    ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာကို အကြမ်းဖက် စစ်တပ်က တိုက်လေယာဉ်ဖြင့် ယနေ့ မွန်းလွဲပိုင်းတွင် ၃ ကြိမ် ထပ်မံ ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ပြောသည်။ 
•    စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်ဘေးရှောင်ရင်း အသက် ၈၃ နှစ်အရွယ် အဖွားအို ၁ ဦး အမောဖောက်ပြီး သေဆုံးခဲ့ကြောင်းသိရသည်။
•    စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာသို့ အကြမ်းဖက်စစ်ကောင်စီတပ်က အင်အား ၁၅၀ ခန့်ဖြင့် ယမန်နေ့ ဧပြီ ၁၉ ရက်နေ့ ညနေ ၄ နာရီခွဲခန့်အချိန်မှစ၍ စစ်ကြောင်းထိုး ဝင်ရောက်လာသဖြင့် ပဇီကြီး ကျေးရွာ အပါအဝင် ရွာ ၇ ခုမှ ဒေသခံပြည်သူ ၅,၀၀၀ ကျော် အရေးပေါ် ထွက်ပြေး စစ်ရှောင်နေကြရ ကြောင်း ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့ကပြောသည်။
•    မြန်မာမှာ အရပ်သားထိခိုက်သေဆုံးမှုနှင့် အိုးအိမ်စွန့်ခွာထွက်ပြေးရခြင်းများ ဆက်လက် မြင့်တက်နေ ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ဧပြီလ ၁၉ ရက်နေ့က ထုတ်ပြန်လိုက်သည်။
•    ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ မဲကနယ်ကျေးရွာ အနီးတွင် ယနေ့ မွန်းလွဲပိုင်း မြန်မာစစ်တပ်က တိုက်လေယာ ဉ် များဖြင့် ဗုံးကျဲမှုများ လုပ်ဆောင်ခဲ့ပြီး ထိုင်း စစ် တပ် ကလည်း မဲဆောက်-မြ၀တီနယ်စပ် တွင် တိုက်လေယာဉ်များ ပျံသန်း မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
•    ဖားကန့်မြို့နယ် သပိတ်အင်အားစုများ ဦးဆောင်ကာ ယနေ့ ဧပြီလ ၂၀ ရက်နေ့တွင် KIA၊ NUG၊ PDF ထောက်ခံပွဲနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
•    ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်တွင် နယ်ထိန်းရဲတပ်သား ဇေယျာအောင် ပစ်ခတ်ခံရ ပြီး သေဆုံးသွားကြောင်း သဲကုန်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်က ပြော သည်။
•    CDM စစ်အရာရှိများနှင့်ရဲအရာရှိများ ဦးဆောင်သော မိုးကြိုးပျောက်ကျား တပ် ဖွဲ့ အမှတ် ၄၀၄ တပ်ရင်း သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ပြီး စစ်ဒေသ ၄ ခု ဖွဲ့ စည်း ကာ စစ်အာဏာရှင်ကို တိုက်ထုတ်မည်ဖြစ်ကြောင်း အဆိုပါ အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
တိုင်းရင်းသား လက်နက်ကိုင်များ 
•    ကရင်နီပြည်၊ ဒီးမော့ဆိုနှင့် ဘောလခဲ နယ်စပ်ကြားက တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၈ဦး သေဆုံးပြီး လက်နက် ၆လက်နှင့်အတူ တစ်ဦး အရှင်ဖမ်းမိခဲ့ကြောင်း ကရင်နီအမျိုးသားတိုး တက်ရေးပါတီ(KNPP)၏ သတင်းနဲ့ ပြန်ကြားရေးဌာန KNIC က ထုတ်ပြန်သည်။
•    ချင်းပြည်နယ် မင်းတပ်မြို့နယ်ကျေးရွာတွေအတွင်း ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေသည့် အကြမ်းဖက် စစ်တပ် လက်ပါးစေ ဒုဗိုလ်မှူးကြီးရဲဇော်နိုင်နဲ့ Pilot (လေယာဉ်မောင်းသူ) နှစ်ဦး (သို့) ၎င်းနှစ်ဦးနှင့် အလိုတူ အလိုပါ ပူးပေါင်းသူများကို အပြစ်ပေး စီရင်ကာ သက်သေပြနိုင်သည့် မည်သည့်အဖွဲ့အစည်းကိုမဆို ကျပ် သိန်း ၅၀၀ တန်ဖိုးရှိ မြေတကွက်ကို ချီးမြှင့်သွားမှာဖြစ်ကြောင်း Chin Defence Force – Mindat ထုတ်ပြန် ကြေညာသည်။
•    ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ဖာပွန်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၅)နယ်မြေ ရှေ့တန်းတစ်နေရာမှာ အကြမ်းဖက်စစ်တပ်က တပ်သား ၄ ဦးက လက်နက်များနှင့် အတူ အလင်းဝင်လာကြောင်း တပ်မဟာ ၅ က သတင်းထုတ်ပြန်သည်။
•    သွေးတိုးရောဂါကြောင့် သတိလစ်ပြီး ဆေးရုံတင်လိုက်ရသည့် KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး နေအိမ်သို့ ပြန်လည်ရောက်ရှိပြီဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီ
•     လာမည့် ၂၀၂၅ ခုနှစ်တွင် လျှပ်စစ်ဓာတ်အားအပြည့်အဝရရှိအောင်ဆောင်ရွက်သွားမှာဖြစ်ကြောင်း စစ်ကောင်စီ လျှပ်စစ်ဝန်ကြီးသောင်းဟန်ကပြောသည်။
•    မြန်မာနိုင်ငံတွင် ယခုရက်ပိုင်းအတွင်း ကိုဗစ်လူနာသစ်တွေ့ရှိမှုအနည်းငယ်မြင့်လာပြီးတစ်ရက်အတွင်း ပြည်ပမှဝင် ရောက်လာသူရော၊ပြည်တွင်းတွင်ကူးစက်ခံရသူပါ ကိုဗစ်လူနာသစ်စုစုပေါင်း(၃၉)ဦးတွေ့ ရှိရကြောင်း စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရသိရသည်၊၊
•    အလည်အပတ် ပတ်စ်ပို့နှင့် ပညာရေး ပတ်စ်ပို့ သတ်တမ်းတိုးနိုင်ရန်အတွက် မြန်မာနိုင်ငံမှာ နေထိုင်သည့် ဒေသ၏ ရဲစခန်းနှင့် ရပ်ကွက်ထောက်ခံစာ ပူးတွဲတင်ပြရမယ်ဆိုပြီး ချင်းမိုင်ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးက ထုတ်ပြန်လိုက်သည်။
•    ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုစွဲချက်နှင့် အမှုရင်ဆိုင်နေရသည့် မြန်မာနိုင်ငံအနေဖြင့် လာမည့် ရက်သတ္တပတ်အတွင်း ချေလွှာတင်ရန် ရှိသည်ကို စစ်ကောင်စီက အချိန်တိုးတောင်းသော်လည်း အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)က ပယ်ချလိုက်ကြောင်း သိရသည်။
•    လျှပ်စစ်သုံး EV ကားတွေကို ပြည်တွင်းမှာ တင်သွင်းထုတ်လုပ်လိုရင် သက်ဆိုင်ရာ ကုမ္ပဏီအနေဖြင့် အဆိုပြုလွှာ တင်သွင်းရမည်ဖြစ်ကြောင်း စစ်ကောင်စီ အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီကသိရသည်။
ဧပြီ ၂၀ ရက် သုံးသပ်ချက်
•    အာဏာသိမ်းပြီးကတည်းက စစ်တပ်၏ အကြမ်းဖက်မှုများကြောင့် နိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာသူပေါင်း ၁၅သိန်းခန့်ရှိလာပြီး အာဏာမသိမ်းခင်က စစ်တပ်အကြမ်းဖက်မှုကြောင့် နေရပ်စွန့်ခွာသူများကိုပါ ထည့်သွင်းတွက်ချက်ပါက ၁ ဒသမ ၈ သန်းရှိလာပြီဟု UN OCHA ထုတ်ပြန်ထားသည်။ စစ်တပ်သည် ၎င်းတို့အုပ်စု အာဏာတည်မြဲရေးအတွက် ပြည်သူလူထုကို ဆက်လက်အကြမ်းဖက် သတ်ဖြတ်မည် အခြေအနေများ ကြောင့် နေရပ်စွန့်ခွာထွက်ပြေးသူများ တိုးလာနိုင်ဖွယ်ရှိနေသည်။
•    အညာဒေသတွင် တိုက်ပွဲများနေ့စဉ်ဖြစ်ပွားနေသလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ပျောက်ကြား စစ်ကို မနိုင်သည့်အတွက် ပြည်သူများနေထိုင်သည့် ကျေးရွာများကို ဆက်တိုက်မီးရှို့ဖျက်ဆီးကာ ပြည်သူ များကို ဖမ်းဆီးသတ်ဖြတ်နေခြင်းကြောင့် မြို့အနှံ့မှ ပြည်သူများ ထွက်ပြေးနေရသည်။ ယင်းသို့ထွက်ပြေး နေ ရသည့် ပြည်သူများအတွက် အရေးပေါ်စားနပ်ရိက္ခာနှင့် သောက်သုံးရေ လိုအပ်နေသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required