စစ်ကောင်စီတပ်သား ၄ဦး လက်နက်ခဲယမ်းများနှင့်အတူ  KNU ထံ အလင်းဝင်၊ စစ်ကောင်စီကို ပြန်တိုက်မည်ဟုဆို

By YT(မဇ္ဈိမ)
20 April 2023
စစ်ကောင်စီတပ်သား ၄ဦး လက်နက်ခဲယမ်းများနှင့်အတူ  KNU ထံ အလင်းဝင်၊ စစ်ကောင်စီကို ပြန်တိုက်မည်ဟုဆို

စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ- ၃၄၁ မှတပ်သားလေးဦးသည် ကရင်အမျိုးသားအစည်း အရုံး (KNU)၊ တပ်မဟာ (၅) လက်အောက်ရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ထံ လက်နက်ချအလင်းဝင်လာခဲ့ကြောင်း KNU- မူတြော်သတင်းစဉ်က ဧပြီလ ၁၉ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ 

KNU တပ်မဟာ (၅) နယ်မြေအတွင်း အထိုင်ချနေသော စစ်ကောင်စီတပ်​၏ ရှေ့တန်းစခန်းတစ်ခုဖြစ်သည့် လယ်တိုးစခန်းမှ ရဲဘော်တိုးတိုး၊ ရဲဘော် အောင်ပိုင်ဖြိုး၊ ရဲဘော်ရဲထက်ကျော်နှင့် ရဲဘော်ချိုလွင်ဦးတို့သည် ပြီးခဲ့သည့် ဧပြီလ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာခြင်းဟုသိရသည်။

" ရှေ့တန်းစခန်းတွင် လာရောက်တာဝန်ထမ်းဆောင်စဉ်အတွင်း အထက်ခေါင်းဆောင်များ၏ နိုင်ထက် စီးနင်းဆက်ဆံမှု၊ အထက်ခေါင်းဆောင်များ ဝဝလင်လင် စားနေရချိန်တွင် အောက်လက်ငယ်သားများမှာမူ မဝရေစာဖြင့် နေ့စဉ်စားသုံးနေရမှုအပေါ် ဆက်လက်ခံနိုင်ရည်စွမ်းမရှိတော့သဖြင့် KNLA-အမှတ်(၅)တပ်မဟာထံ လက်နက်ချအလင်းဝင်ရောက်လာခြင်းဖြစ်သည်"ဟု အလင်းဝင်ရောက်လာသော စစ်ကောင်စီတပ်သားများက ရင်ဖွင့်ပြောကြားခဲ့ကြောင်း KNU- မူတြော်သတင်းစဉ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

အဆိုပါ စစ်သားလေးဦးသည်MA-1 သေနတ်လေးလက်၊ ကျည်ဆံအပြည့်ပါသော ကျည်ဘောက် ၁၆ ချပ်၊ လက်ပစ်ဗုံးနှစ်လုံးနှင့် ခွင်းဗုံးငါးလုံးအား ယူဆောင်လာသည်ဟု သိရသည်။  ထို့အပြင် ၎င်းတို့လေးဦးသည် KNLA တပ်မဟာ (၅)ရှိ ရဲဘော်များနှင့် လက်တွဲ၍ စစ်ကောင်စီတပ်အား တိုက်ထုတ်သွားရန် ဆန္ဒရှိသည်ဟု ဆိုကြောင်း  KNU- မူတြော်သတင်းစဉ်က ဖော်ပြထားသည်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလမှ စတင်၍ ၂၀၂၃ ခုနှစ်၊ဧပြီ ၂၀ ရက်နေ့အထိ စစ်ကောင်စီတပ်သားနှင့် လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ်- BGF တို့မှ တပ်ဖွဲ့ဝင် ၇၀ ကျော် တပ်မဟာ (၅) KNLA ထံ အလင်းဝင်လာခဲ့ကြောင်း KNU- မူတြော်သတင်းစဉ်​က ဖော်ပြထားသည်။ထိုထဲတွင် ဒုတပ်ကြပ်တစ်ဦးနှင့် စနိုက်ပါရဲဘော်တစ်ဦးပါဝင်ကြောင်း သိရသည်။

စာတည်း - မောင်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly