ကလေးမြို့တွင် ဆန္ဒပြရာ၌အဖမ်းဆီးခံထားရသူ၏နေအိမ် ဖြိုဖျက်ခံရ

By ပါခွီး(မဇ္စျိမ)
20 April 2023
ကလေးမြို့တွင် ဆန္ဒပြရာ၌အဖမ်းဆီးခံထားရသူ၏နေအိမ် ဖြိုဖျက်ခံရ

စစ်ကိုင်းတိုင်း ၊ ကလေးမြို့တွင် ဆန္ဒပြရာတွင်ပါဝင်ခဲ့ပြီး အဖမ်းဆီးခံထားရသူတစ်ဦး၏ နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့များက ဖြိုဖျက်ခဲ့ကြောင်း သပိတ်ကော်မတီဝင်တစ်ဦးထံမှ သိရသည်။

ကလေးမြို့ တောင်ဖီလာရပ်ကွက်ရှိ ကလေးမြို့ပင်မသပိတ်စစ်ကြောင်း အဖွဲ့ဝင်တစ်ဦးဖြစ်သူ မကျိမ်ဒွန့်ကိမ် ၏ နေအိမ်ကို ဧပြီလ ၁၉ရက် နေ့လယ် ၃ နာရီဝန်းကျင်က စစ်ကောင်စီတပ်အင်အား ၃၀ခန့်လာရောက်ပြီး မြေထိုးစက်(JCB)အသုံးပြုကာ ဖြိုဖျက်သွားခြင်းဖြစ်ကြောင်းဆိုသည်။

“အိမ်ကို ဖြိုဖျက်သွားတာမှန်ပါတယ် ။ တခြားအိမ်တွေကို လည်းချိပ်ပိတ်ထားတော့ ဘယ်လိုဆက်လုပ်မယ်လို့ မသိရသေးဘူး ၊ သူတို့မိသားစုဝင်တွေနဲ့လည်း အဆက် အသွယ်မရဖြစ်နေလို့ အခြေအနေသေချာမသိရသေးဘူး” ဟု ကလေးမြို့ပင်မ သပိတ်ကော်မတီဝင်တစ်ဦးက မဇ္စျိမ ကိုပြောသည်။

ယခုကဲ့သို့ အဖမ်းအဆီးနှင့် နေအိမ်များဖြိုဖျက်သည့်အထိ နှိပ်ကွပ်မှုများရှိနေသော်လည်း ၎င်းတို့အနေဖြင့် ယမန်နေ့အထိ ဆက်လက်ဆန့်ကျင်သပိတ်မှောက်ခဲ့ကြပြီး ရှေ့ဆက်၍ လုပ်ဆောင်သွားမည်ဖြစ်ကြောင်းဆိုသည်။

ဧပြီလ ၁၆ရက်နေ့ မွန်းလွဲ ၂နာရီခန့်အချိန်က ကလေးမြို့ပင်မသပိတ်အဖွဲ့ဝင်များသည် ကလေးမြို့ တပ်ဦးသီတာရပ်ကွက် ၊ ဗိုလ်ချုပ်လမ်းမ တံတားဦးအနီးတွင် မြေအိုးများဖြင့် တော်လှန်သင်္ကြန် လျှပ်တပြက်ဆန္ဒထုတ်ဖော်စဉ်တွင် စစ်ကောင်စီတပ်မှ ရုတ်တရက်ရောက်ရှိလာပြီး ဆန္ဒပြသူလေးဦးကို ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ဖမ်းဆီးခံခဲ့ရသည့် ကိုသန်းစိုးဦး ၊ မကျိန်ဒွန့်ကိမ် ၊ မနှင်းစံနှင့် ကိုမျိုးဝင်း တို့အား ယင်းနေ့တွင် စစ်ကောင်စီတပ်က ၎င်းတို့နေအိမ်အသီးသီးအား လိုက်လံပြသစေပြီး ချိပ်ပိတ်ခဲ့ကြောင်းသိရသည်။

မကျိန်ဒွန့်ကိမ် ၏ မိခင်နှင့် တူမဖြစ်သူ မသန်စွမ်းအမျိုးသမီးကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီး ဧပြီလ ၁၈ရက်နေ့တွင် တူမဖြစ်သူကို ပြန်လည်လွှတ်ပေးခဲ့သော်လည်း မိခင်ကို ဆက်လက်ထိမ်းသိမ်းထားကြောင်း သိရသည်။

ကလေးမြို့ပင်မ သပိတ်စစ်ကြောင်းသည် ဖေဖော်ဝါရီလ ၇ ရက် ၂၀၂၁ မှ စတင်၍ နေ့စဉ် မပျက်မကွက် ဆန့်ကျင်ကန့်ကွက်သပိတ်မှောက်နေကြခြင်း ဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly