မန္တလေးမြို့ပေါ်မှ စစ်ကောင်စီဂိတ် ၂ ခု ဗုံးပစ်တိုက်ခိုက်ခံရ

By မောင်ခက်နွေ(မဇ္ဈိမ)
20 April 2023
မန္တလေးမြို့ပေါ်မှ စစ်ကောင်စီဂိတ် ၂ ခု ဗုံးပစ်တိုက်ခိုက်ခံရ

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ကျွဲဆည်ကန်ကားဝင်းအနီး  ၇၅ လမ်းနှင့် ၁၁၅ လမ်းရှိ မြဝတီဘဏ်အစောင့် စစ်ကောင်စီဂိတ်နှင့် အမရပူရမြို့နယ် ကပ်ကျော်ကွက်သစ်မှ စစ်ကောင်စီဂိတ်တို့ ကို အောင်စည်တော်စစ်ဆင်ရေးအဖွဲ့မှတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ယခုကဲ့သို့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ ရမ်းသန်းပစ်ခတ်ခဲ့ကြောင်း အောင်စည်တော်စစ်ဆင် ရေး(မန္တလေး) AST-MDY က ဆိုသည်။ 

ဧပြီလ ၁၈ ရက်နေ့ မွန်းလွဲပိုင်းက မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ် ကျွဲဆည်ကန်ကားကွင်းအနီး ၇၅ လမ်းနှင့် ၁၁၅ လမ်းထောင့်မှ စစ်အုပ်စုပိုင်မြဝတီဘဏ်အား လုံခြုံရေးယူပေနေသည့် အစောင့်ဂိတ်ကို အောင်စည်တော်ရဲဘော်များက လျက်ဆားတစ်လုံး (လက်လုပ်ဗုံး)ဖြင့်တိုက်ခိုက်ခဲ့ပြီး အမရပူရကွက်သစ် ရပ်၊ ကပ်ကျော်ဓမ္မာရုံရှေ့ရှိ စစ်ကောက်စီဂိတ်ကိုလည်း လျက်ဆားတစ်လုံး( လက်လုပ်ဗုံး)ဖြင့် တိုက်ခိုက်ခဲ့ ကြောင်း ဆိုသည်။

“အထိခိုက် အကျအဆုံးကတော့ စုံစမ်းနေဆဲပါ။ ပြည်သူတွေကိုဒုက္ခပေးနေတဲ့ စကစအပေါင်းအပါတွေကို AST-MDY ရဲဘော်တွေက  အချိန်နေရာမရွေး စစ်ဆင်ရေးတွေကို အရှိန်အဟုန်မြှင့်သွားမယ်” ဟု  အောင် စည်တော်စစ်ဆင်ရေး(မန္တလေး)မှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

တိုက်ခိုက်မှုများနှင့်ပတ်သက်ပြီး ထိခိုက်မှုမရှိကြောင်း စစ်ကောင်စီလော်ဘီများက သတင်းဖြန့်ထားပြီး စစ်ကောင်စီဘက်မှသေဆုံးမှုကို မဇ္ဈိမအနေဖြင့် သီးခြားအတည်မပြုနိုင်ခြင်း မရှိသေးပေ။

မန္တလေးတွင် စစ်ကောင်စီတပ်ဖွဲ့က အာဏာသိမ်းမှုဆန့်ကျင်သူများကို ဥပဒေမဲ့ဖမ်းဆီးခြင်း၊ သတ်ဖြတ် ခြင်း၊ ငွေညှစ်ခြင်းများ လုပ်နေဆောင်သလို စစ်အုပ်စုနှင့်ဆက်စပ်သူများကိုလည်း မြို့ပြပြောက်ကျားအဖွဲ့ များက ပစ်မှတ်ထားတိုက်ခိုက်နေသည်။

ပြီးခဲ့သည့် ဧပြီလ ၇ ရက်နေ့ကလည်း အောင်စည်တော်စစ်ဆင်ရေးနှင့် မန္တလေးခရိုင်ပြည်သူ့ကာကွယ်‌ ရေးအဖွဲ့ (ပကဖ)တို့ပူး‌ပေါင်းပြီး အကြမ်းဖက်စစ်ကောင်စီကို ရင်ဆိုင်တိုက်ခိုက်သွားမည်ဖြစ်ကြောင်းနှင့် စစ်ရေးအရှိန်များ မြင့်တင်လှုပ်ရှားဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required