တိုက်ပွဲဇုန်များရှိ ကလေး ၈၇ သန်း ဦးနှောက်ထိခိုက်မည့် အန္တရာယ်ရှိနေ

တိုက်ပွဲဇုန်များရှိ ကလေး ၈၇ သန်း ဦးနှောက်ထိခိုက်မည့် အန္တရာယ်ရှိနေ

နယူးယောက်စီးတီး၊ မတ် ၂၄ ။            ။ ကမ္ဘာတစ်ဝန်း တိုက်ပွဲဇုန်များရှိ အသက် ခုနှစ်နှစ်အောက်ကလေး ၈၇ သန်းခန့်မှာ ဦးနှောက်ဖွံ့ဖြိုးမှုထိခိုက်နိုင်သည့် အခြေအနေတွင် ရှိနေသည်ဟု ကုလသမဂ္ဂကလေးများအေဂျင်စီ ယူနီဆက်က ပြောသည်။

ပြင်းထန်သည့် စိတ်ဒဏ်ရာများ ရရှိမှုကြောင့် ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်သော ဦးနှောက်ဆဲများဆက်သွယ်ဖွံ့ဖြိုးမှုကို နှောက်ယှက်ခြင်း၊ စိတ်ခံစားမှုကောင်းမွန်ရေးအား နှောက်ယှက်ခြင်းနှင့် သင်ယူနိုင်သည့် စွမ်းရည်ကို ထိခိုက်ခြင်းတို့ဖြစ်စေနိုင်သည်ဟု မတ် ၂၄က ကြေညာချက်တစ်ခုတွင် ယူနီဆက်က ပြောကြားခဲ့သည်။ ပြင်းထန်သည့် စိတ်ဒဏ်ရာများကြောင့် ကလေးများသည် သိမှတ်မှုဆိုင်ရာ၊ လူမှုရေးဆိုင်ရာနှင့် ခန္ဓာကိုယ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုတို့ကို ထိခိုက်သော အကျိုးဆက်များဖြင့် နေထိုင်သွားရမည့် အန္တရာယ်ရှိနေသည်ဟု ကြေညာချက်တွင် ဖော်ပြခဲ့သည်။

ဘဝ၏ ပထမခုနှစ်တာ ကာလအတွင်း ဦးနှောက်ဖွံ့ဖြိုးမှုသည် မိခင်နို့တိုက်ကျွေးခြင်း၊ သင်ယူနိုင်သည့် အခွင့်အလမ်းများနှင့် အန္တရာယ်ကင်းသော ပတ်ဝန်းကျင်တွင် ကြီးပြင်းခွင့်ရခြင်းတို့ အပေါ်မူတည်နေသည်။ "အကျပ်အတည်းတွင်းက ကလေးတွေရင်ဆိုင်နေရတဲ့ နီးကပ်တဲ့ ကိုယ်ကာယပိုင်းခြိမ်းခြောက်မှုတွေအပြင် နက်နက်ရှိုင်းရှိုင်းအမြစ်စွဲစေမဲ့ စိတ်အမာရွတ်တွေရနိုင်တဲ့ အန္တရာယ်လည်းရှိပါတယ်"ဟု ယူနီဆက်မှ အစောပိုင်းကလေးသူငယ်ဖွံ့ဖြိုးရေးအစီအစဉ်အကြီးအကဲ ပီယာရီဘယ်လိုဘရစ်တိုက ပြောသည်။

ကလေးများအတွက် ပြည့်ပြည့်၀၀ဖွံ့ဖြိုးမှုနှင့် ထိထိရောက်ရောက်သင်ယူနိုင်မှုအတွက် အကောင်းဆုံးအခွင့်အရေးများဖြစ်သော လုံခြုံမှု၊ သူငယ်ချင်းများ၊ ကစားခြင်းနှင့် နေ့စဉ်ပုံမှန်လှုပ်ရှားမှုများကို ပဋိပက္ခက လုယူသွားကြောင်းလည်း ၎င်းက ပြောသည်။

ပြည်တွင်းစစ်ဒဏ်ခံနေရသည့် ဆီးရီးယားရှိ ကလေးငယ် သုံးဦးလျင် တစ်ဦးမှာ မွေးကတည်းက စစ်ပွဲနှင့် ထိတွေ့ခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly