မြိုင် မန်ကျည်းကန်ကျေးလက်ဆေးရုံကို စစ်ကောင်စီ ၂ရက်ဆက် လေကြောင်းတိုက်ခိုက်၊ ပြည်သူ ၁၄ဦးကို ဖမ်းသွားပြီး ၁ဦး သတ်ဖြတ်ခံရဟုဆို

မြိုင် မန်ကျည်းကန်ကျေးလက်ဆေးရုံကို စစ်ကောင်စီ ၂ရက်ဆက် လေကြောင်းတိုက်ခိုက်၊ ပြည်သူ ၁၄ဦးကို ဖမ်းသွားပြီး ၁ဦး သတ်ဖြတ်ခံရဟုဆို
ဓာတ်ပုံ- နွေဦးတော်လှန်ရေး-မြိုင်မြို့

မဇ္ဈိမ။ ။မကွေးတိုင်း၊မြိုင်မြို့နယ်၊မန်ကျည်းကန်ကျေးရွာကျေးလက်ဆေးရုံအား စစ်ကောင်စီတပ်က လေကြောင်းမှ နှစ်ရက်ဆက် စီးနင်းတိုက်ခိုက်ပြီး အရပ်သားလူငယ်တစ်ဦးအား သတ်ဖြတ်သွားသလို ဒေသခံ ၁၄ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။

မန်ကျည်းကန်ကျေးရွာကျေးလက်ဆေးရုံအား စစ်ကောင်စီတပ်က ဧပြီလ ၁၈ရက်နှင့် ၁၉ရက်နံနက်တွင် Mi-35 ရဟတ်ယာဉ်ဖြင့် နှစ်ရက်ဆက် စီးနင်းတိုက်ခိုက်ခဲ့သည်ဟု ဒေသခံတော်လှန်ရေးအင်အားစုဖြစ်သော နွေဦးတော်လှန်ရေး-မြိုင်မြို့က ယနေ့ ဧပြီလ ၁၉ရက် သတင်း ထုတ်ပြန်သည်။

" ဒီကနေ့ ကာကွယ်ရေးအဖွဲ့တွေနဲ့ နယ်မြေရှင်းလင်းရေးဝင်တဲ့အခါမှာ ရွာရဲ့အရှေ့တောင်ဘက်
လယ်စပ်နားမှာ ၁၆နှစ်အရွယ် အမျိုးသားတစ်ဦးကိုနှိပ်စက်ထားတဲ့ဒဏ်ရာ၊နောက်ပြန်ကြိုးတုပ်ထားတဲ့ဒဏ်ရာတွေနဲ့ သေဆုံးနေတာတွေ့တယ်"ဟု နွေဦးတော်လှန်ရေး-မြိုင်မြို့၏ တာဝန်ရှိသူ
ကိုဇူးအီက မဇ္ဈိမကိုပြောသည်။

စစ်ကောင်စီတပ်သည် ယမန်နေ့ ဧပြီလ ၁၈ ရက်နေ့ နေ့လည် ၁၁ နာရီခန့်တွင် Mi-35 ရဟတ်ယာဉ်တစ်စင်းဖြင့်လေကြောင်းမှစတင်ပစ်ခတ်ခဲ့ကြောင်း၊ ထို့နောက် Mi -17 ရဟတ်ယာဉ်နှစ်စင်းဖြင့် စစ်ကောင်စီတပ်သားများချကာ ဆေးရုံကို ဝင်ရောက်စီးနင်းခဲ့ပြီး ဆေးရုံတက်နေသူများနှင့်လူနာစောင့်များအပါအဝင် လူဦးရေ ၂၀၀ နီးပါးကို ဖမ်းဆီးခဲ့သည်ဟု နွေဦးတော်လှန်ရေး-မြိုင်မြို့က ထုတ်ပြန်သည်။

ယနေ့ ဧပြီ ၁၉ ရက် နံနက် ၁၀နာရီ ၄၈မိနစ်ခန့်တွင် မန်ကျည်းကန်ကျေးရွာကျေးလက်ဆေးရုံအား Mi - 35 တစ်စင်းဖြင့်ထပ်မံပစ်ခတ်ခဲ့ရာ ဆေးရုံအဆောက်အဦးနှင့်ပြည်သူပိုင်နေအိမ် လေးလုံး၊ ကားနှစ်စီး၊ဆိုင်ကယ်လေးစီး မီးလောင်ပျက်စီးခဲ့ကြောင်းသိရသည်။

မန်ကျည်းကန်ကျေးရွာအတွင်းမှ နေအိမ်များကိုလည်း ဝင်ရောက်မွှေနှောက်ပြီး ရွှေထည်ပစ္စည်းများ၊ပိုက်ဆံများ ယူဆောင်သွားသည့်အပြင် ဖမ်းဆီးခံပြည်သူများထံမှ ဖုန်းအလုံး ၁၀၀ကျော်လည်း ယူဆောင်သွားကြောင်း သိရသည်။ ယမန်နေ့ကဖမ်းဆီးထားသူများအနက်မှ ၁၄ဦးအား အထုပ်ထမ်းအဖြစ်ခေါ်ဆောင်သွားပြီး ကျန်ပြည်သူများအား ထားခဲ့သည်ဟု နွေဦးတော်လှန်ရေး-မြိုင်မြို့ကထုတ်ပြန်သည်။

စစ်ကောင်စီစစ်ကြောင်း ပြန်ထွက်သွားပြီးနောက် ပြည်သူ့ကာကွယ်ရေးရဲဘော်များက ယနေ့ နယ်မြေရှင်းလင်းရေးဝင်စဉ် သတ်ဖြတ်ခံထားရသော လူငယ်ရုပ်အလောင်းကို တွေ့ရှိရခြင်းဖြစ်သည်။

အဆိုပါစစ်ကြောင်းသည် မြိုင်မြို့၏ အရှေ့တောင်ဘက်သို့ ထွက်ခွာသွားကာ ယနေ့ ညနေတွင် ကန်နီ(ပျူ)ရွာသို့ ရောက်ရှိနေကြောင်း နွေဦးတော်လှန်ရေး-မြိုင်မြို့က အသိပေးထားသည်။

စာတည်း - မောင်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required