စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့်ပစ်ခတ်န၍ ဘီးလင်းတွင် ဒေသခံများ ထပ်မံရှောင်တိမ်းနေရ

စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့်ပစ်ခတ်န၍ ဘီးလင်းတွင် ဒေသခံများ ထပ်မံရှောင်တိမ်းနေရ

မဇ္ဈိမ။ ။ကရင်အမျိုးသားအစည်းအရုံး (KNU)၊ တပ်မဟာ(၁)နယ်မြေ၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ အလူး ကျေးရွာအုပ်စုအတွင်း စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်နေသောကြောင့် ဒေသခံများ ထပ်မံတိမ်းရှောင်နေရကြောင်း သိရသည်။

ယနေ့ ဧပြီလ ၁၉ ရက်နေ့ နံနက် ၉ နာရီမှစတင်၍ အလုံတောင်ဘုရားကုန်းပေါ်တွင် အထိုင်ချနေသော စစ်ကောင်စီတပ်သားများက အလူးကျေးရွာအုပ်စုအတွင်း လက်နက်ကြီး ၁၅ လုံးထက်မနည်း ပစ်ခတ်ခဲ့ သဖြင့် ဒေသခံများ နေအိမ်စွန့်ခွာ၍ ထပ်မံတိမ်းရှောင်ရခြင်းဖြစ်သည်။

ထို့ပြင် စစ်ကောင်စီတပ်သည် လမ်းသွားလမ်းလာ ဆိုင်ကယ်လေးစီးအား သေနတ်ထောက်ပြီးတားဆီး၍ ဆိုင်ကယ်များအားသိမ်းယူသွားကြောင်း ဒေသတွင်းကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြော သည်။

“ဒီနေ့မနက် ၉ နာရီလောက်ကစပစ်တာ အခုထိပစ်နေတုန်းပဲ။ ပြီးတော့ ဆိုင်ကယ်စီးလာတဲ့ ရွာသားလေး ယောက်ကို သေနတ်နဲ့ချိန်တားပြီး ဆိုင်ကယ်တွေ ယူထားလိုက်တယ်” ဟု ၎င်းက မဇ္ဈိမကိုပြောသည်။

အလူးကျေးရွာအုပ်စုမှ ဒေသခံများသည် ပြီးခဲ့သည့် ဧပြီလ ၁၂ ရက်နေ့က အလူးလေးကျေးရွာအတွင်း တိုက်ပွဲဖြစ်ပွားခဲ့ခြင်းကြောင့် တစ်ကြိမ်စစ်ဘေးရှောင်ခဲ့ရပြီး နေအိမ်သို့ပြန်လည်နေထိုင်သည်မှာ တစ်ပတ် ပင်မပြည့်သေးသော်လည်း ဧပြီလ ၁၉ ရက်နေ့တွင် ထပ်မံတိမ်းရှောင်ရခြင်းဖြစ်ကြောင်းဆိုသည်။

“ထပ်ရှောင်ရမှာပေါ့ ဘယ်တက်နိုင်မလဲ။ ရာသီဥတု အပူရှိန်ကပြင်းလို့ ပင်ပန်းလည်းရှောင်ရမှာပဲ" ဟု အလူးကျေးရွာနေ အမျိုးသမီးတစ်ဦးက မဇ္ဈိမကိုပြောသည်။

ယနေ့ ညနေပိုင်း ညနေ ၅ နာရီ ၃၀ မိနစ်အချိန်ထိ လက်နက်ကြီးသံများကြားနေရဆဲဖြစ်ပြီး ဝမ်းမတုန် ကျေးရွာနှင့်တောအစပ်တွင် ကျရောက်ပေါက်ကွဲကြောင်း မဇ္ဈိမ၏ သတင်းရင်းမြစ်တစ်ဦးထံမှ သိရသည်။

“လက်နက်ကြီးကတော့ ခုချိန်ထိ မကြာမကြာ ပစ်နေတယ်။ ဝမ်းမတုန်ထဲ တစ်လုံးကျတယ်။ တောထဲ ကျတာလည်း ရှိတယ်။ ဒေသခံတွေကတော့ သူတို့အသိတွေဆီ လိုက်ရှောင်ကြတယ်။ တချို့က တောထဲ မှာ၊ နီးစပ်ရာရွာတွေမှာ ရှောင်နေကြတယ်။ ဒီနေ့ တိုက်ပွဲဖြစ်ပွားတာတော့ မရှိသေးပါဘူး” ဟု ၎င်းက ပြော သည်။

ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး၏ပြောကြားချက်အရ ယနေ့ ဧပြီလ ၁၉ ရက် နံနက် အစောပိုင်းက အလူးလေးကျေးရွာ၊ ရန်ကုန်-မော်လမြိုင်ကားလမ်းဘေးတွင် စစ်ကောင်စီတပ်မှ လုံခြုံရေး ယူထားသောဂိတ်စခန်းအား ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များမှ လက်နက်ကြီးများဖြင့်သွား ရောက်ပစ်ခတ်ခဲ့ခြင်းရှိခဲ့ကြောင်း၊ ပူးပေါင်းတပ်ဖွဲ့များ ပြန်လည်ဆုတ်ခွာလာပြီးနောက်တွင် အလုံတောင် ဘုရားကုန်းပေါ်မှ စစ်ကောင်စီတပ်က အလူးကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းဖြစ် ကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၁၂ ရက်နေ့က အလူးကျေးရွာအတွင်း တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်က ရွာအတွင်းမှနေအိမ်သုံးလုံးအား မီးရှို့ဖျက်ဆီးခဲ့ကာ ဆိုင်ကယ်ခြောက်စီးနှင့် ကားတစ်စီးအား သိမ်းယူသွား ခဲ့ခြင်းကြောင့် အလူးကျေးရွာအုပ်စုနှင့် အနီးအနားကျေးရွာများမှ ဒေသခံများသည် နီးစပ်ရာတောစပ် များနှင့် အမျိုးရှိသည့် ကျေးရွာများတွင် တိမ်းရှောင်ခဲ့ရသေးသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly