ရှမ်းအရှေ့ မိုင်းလားဒေသ မိုင်းဝ ရေအားလျှပ်စစ်စီမံကိန်းစာချုပ် လက်မှတ်ရေးထိုး

ရှမ်းအရှေ့ မိုင်းလားဒေသ မိုင်းဝ ရေအားလျှပ်စစ်စီမံကိန်းစာချုပ် လက်မှတ်ရေးထိုး
ညွှန်ကြားရေးမှူးချုပ် ဦးအေးဆန်းနှင့် ဒါရိုက်တာ ဦးကြည်မြင့်တို့ လက်မှတ်ထိုး လဲလှယ်ကြသည်(Photo; MNA)

မတ်လ ၂၄ ရက် ။           ။ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းလားမြို့နယ်ရှိ နမ့်လွေချောင်းပေါ်၌ တည်ဆောက်မည့် မိုင်း၀ ရေအားလျှပ်စစ် စီမံကိန်း ပဋိညာဉ်စာချုပ်ကို မတ်လ ၂၂ ရက်နေ့က လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အရှေ့ပိုင်း ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီလီမိတက်တို့အကြား လက်ထိုးရေးထိုးလိုက်ကြပြီဖြစ်သည်။

BOT စံနစ်ဖြင့် အကောင်အထည်ဖော်မည်ဖြစ်ပြီး ၆၆ မဂ္ဂါဝပ်ရှိမည့် ယင်းစီမံကိန်းအတွက် ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအေးဆန်းနှင့် ရှမ်းပြည်နယ်အရှေ့ပိုင်း ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီလီမိတက် ဒါရိုက်တာ ဦးကြည်မြင့်တို့ လက်မှတ်ထိုးကြသည်ဟု နိုင်ငံပိုင်သတင်းစာက ဖော်ပြသည်။

နေပြည်တော်ရှိ လျှပ်စစ်စွမ်းအားပြည်ထောင်စုဝန်ကြီးရုံး၌ ကျင်းပသည့် ယင်းလက်မှတ်ရေးထိုးပွဲသို့ လျှပ်စစ်စွမ်းအား ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးနှင့် ဒုတိယဝန်ကြီးများ တက်ရောက်ကြသည်။

စီမံကိန်းတည်ဆောက်မည့် နေရာဒေသ၏ ဓလေ့များကိုလိုက်နာရန်၊ ဒေသဖွံ့ဖြိုးရေးအတွက် အကူအညီများပေးရန်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေကို တိကျစွာလိုက်နာရန်၊ လူမှုပတ်ဝန်းကျင်အကျိုးသက်ရောက်မှုကို အလေးထားရန် လိုအပ်သည်ဟု ပြည်ထောင်စုဝန်ကြီးက အခမ်းအနားတွင် ပြောဆိုသည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက လျှပ်စစ်ရရှိရေးအတွက် ဝန်ကြီးဌာနက ကိုယ်တိုင်တည်ဆောက်ခြင်း၊ ပြည်တွင်း တိုင်းရင်းသားလုပ်ငန်းရှင်၏ ရင်းနှီးမြှုပ်နှံမှု BOT စံနစ်ဖြင့်ဆောင်ရွက်ခြင်း၊   နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုကို ဖိတ်ခေါ်၍ JV/ BOT စံနစ်ဖြင့် ဆောင်ရွက်ခြင်းဟူသည့် နည်းလမ်းသုံးမျိုးဖြင့် အကောင်အထည်ဖော်နေသည်ဟု သိရသည်။

ယခု ပဋိညာဉ်စာချုပ်သည် ပြည်တွင်း တိုင်းရင်းသားလုပ်ငန်းရှင်၏ ရင်းနှီးမြှုပ်နှံမှု BOT စံနစ်ဖြင့်ဆောင်ရွက်ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly