လောင်းလုံးတွင် မူးယစ်ဆေးဝါးရောင်းချနေသည့်အဖွဲ့ကို PDF က သွားရောက် ဖမ်းဆီး၊ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွား

By ကိုရွှေမြိတ်
19 April 2023
လောင်းလုံးတွင် မူးယစ်ဆေးဝါးရောင်းချနေသည့်အဖွဲ့ကို PDF က သွားရောက် ဖမ်းဆီး၊ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွား

မဲဆောက်(မဇ္ဈိမ)။ ။တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်ရှိ ညင်းမော်ကျေးရွာတွင် မူးယစ် ဆေးဝါးရောင်းချနေသည့်အဖွဲ့ကို ဒေသအခြေစိုက် PDF က သွားရောက် ဖမ်းဆီးစဉ် အပြန်အလှန်ပစ်ခတ် မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ညင်းမော်ရွာတွင် မူးယစ်ဆေးဝါးသုံးစွဲပြီး သေနတ်ပစ်ဖောက်မှုများပြုလုပ်နေသည့် လက်နက်ကိုင်အဖွဲ့ အားဖမ်းဆီးပေးရန် ဒေသခံများကတိုင်ကြားခဲ့၍ ဧပြီလ ၁၈ ရက်နေ့ ည ၉ နာရီကျော်တွင် သွားရောက် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

“ သူတို့ အဖွဲ့မှာက ငါးယောက်ပါ။ ကျွန်တော်တို့က လက်နက်ချဖို့ပြောတဲ့အခါမှာ ပစ်ခတ်မှုတွေ ပြုလုပ်လို့ ကျွန်တော်တို့ဖက်ကလည်း ပြန်လည်ပစ်ခတ်ခဲ့တယ်”ဟု လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LLPDF) သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် မူးယစ်ဆေးဝါးရောင်းချနေသည့်အဖွဲ့မှ ငါးဦးမှာထွက်ပြေးလွတ် မြောက်သွားခဲ့ပြီး ၎င်းတို့၏ နေအိမ်ကိုဝင်ရောက်ရှာဖွေရာ လက်နက်ခဲယမ်းအချို့အပြင် မူးယစ်ဆေးဝါး နှင့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်း ရမိခဲ့ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

ဖမ်းဆီးရမိသည့် ပစ္စည်းများမှာ ဘော်ကာ သေနတ် (၁) (ကျည်အသင့် ထိုးထားပြီး)၊ ရမ်းထောင်းသေနတ် နှစ်လက်၊ ဂက်စ်သေနတ် တစ်လက်၊ ယမ်းဖူးကစ်များ၊ WY ဆေးပြား ၄၀၉ ပြား ၊ ပုဆိန်တစ်လက်၊ ဓါးမျိုးစုံ ခြောက်ချောင်း၊ လွှတစ်လက်၊ ချိန်းကြိုးတစ်ခု၊ ဆိုင်ကယ်တစ်စီး၊ ဖုန်းသုံးလုံး၊ Power Bank တစ်ခု၊ ပိုက်ဆံ ၅၀,၃၀၀ ကျပ်၊ ဓာတ်မီးတစ်လက်နှင့် မူးယစ်ဆေးသုံးသည့် ဆက်စပ်ပစ္စည်းများဖြစ်သည်။

လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် မြို့နယ်အတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်သူများ နှင့် လောင်းကစားပြုလုပ်နေသည့်အဖွဲ့များကို သတိပေး ဖမ်းဆီးဒဏ်ရိုက်ခြင်းများကို မကြာခဏပြုလုပ် လေ့ရှိကြောင်း သိရသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required