မေတ္တာကိုအခြေခံတဲ့ စီမံခန့်ခွဲမှုနဲ့ အောင်မြင်မှုရနေသူ Feel Myanmar စားသောက်ဆိုင်ပိုင်ရှင် ဦးစိုးညီညီ

24 March 2016
မေတ္တာကိုအခြေခံတဲ့ စီမံခန့်ခွဲမှုနဲ့ အောင်မြင်မှုရနေသူ Feel Myanmar စားသောက်ဆိုင်ပိုင်ရှင် ဦးစိုးညီညီ
ဓာတ်ပုံ-မဇ္စျိမ

Feel Myanmar စားသောက်ဆိုင်လုပ်ငန်းနဲ့ အောင်မြင်မှုရနေတဲ့ ဦးစိုးညီညီနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သူဟာ ငယ်စဉ်ကတည်းက စီးပွားရေးလုပ်ငန်းကို စိတ်ဝင်စားခဲ့တာကြောင့် တက္ကသိုလ်ကျောင်းသားဘဝကတည်းက အရင်းအနှီး အနည်းငယ်နဲ့ပဲ စီးပွားရေးလုပ်ငန်းများစွာကို စတင်လုပ်ကိုင်သူ ဖြစ်ပါတယ်။ သူ့ရဲ့ဘဝမှာ ယခုလိုမျိုး အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းရှင်တစ်ယောက် ဖြစ်လာဖို့အတွက် အရိုးသားဆုံး ကြိုးစားခဲ့တယ်လို့လည်း သိရပါတယ်။ ဒီလို အောင်မြင်တဲ့ စည်းပွားရေးလုပ်ငန်းခွင်ထဲ စတင်ရောက်ရှိလာပုံကို ဦးစီုးညီညီက အခုလို အစချီပြီး ရှင်းပြပါတယ်။

အဖေကတော့ အစိုးရဝန်ထမ်း။  ဟိုခေတ်က အစိုးရဝန်ထမ်းဆိုတာတော့ သိတဲ့အတိုင်း ဒီဘက်ခေတ်မှာလိုမျိုး လာဘ်စားတာတို့ သိပ်မရှိဘူး လခအပေါ်မှာပဲ မှီခိုရတာဆိုတော့ အကိုတို့မိသားစု ဆင်းရဲတာပေါ့။ ကျောင်းပြီးတဲ့အခါမှာ အဖေ၊ အမေကလည်း အရင်းအနှီး မထုတ်ပေးနိုင်ဘူး။ အဲဒီအခါမှာ အရင်းမရှိပဲနဲ့ အရင်းနည်းနည်းနဲ့ ဘယ်လိုကြီးပွားအောင် လုပ်မလဲဆိုတာ   နေ့တိုင်းစဉ်းစားတာပေါ့။ စဉ်းစားတဲ့အခါကျတော့ ကိုယ့်ရဲ့အတွေးက ဘာလဲဆိုတော့ အရင်းမရှိပဲ ဘယ်လိုကြီးပွားအောင်လုပ်မလဲဆိုတဲ့ အရာကိုပဲ အာရုံစိုက်မိတော့ ဒီ ပိုက်ဆံမရှိပဲနဲ့ ချမ်းသာအောင် ဘယ်လိုလုပ်ရမလဲဆိုတာမှာ ကိုယ်ကျင့်တရားကောင်းရမယ်တို့ သမာအာဇီဝနဲ့ သွားရမယ်တို့နဲ့ နာမည်တစ်ခုကို စတည်ဆောက်ရမယ်ဆိုတာ သိလာတယ်ပေါ့။ အဲဒီအခါမှာ ရွှေငါးလေးတွေ   မွေးရောင်းတယ်။ နောက်ပြီးတော့ ကကြီးကားတို့ ဂငယ်ကားတို့ မဖျက်သိမ်းသေးဘူး။ အဲ့ကားလေးတွေနဲ့ တက္ကစီဆွဲတာတို့ ခေတ်စားတယ်။ ဒါမျိုးလေးတွေ လုပ်တယ်။ နောက်ပြီးတော့   ရွှေတိဂုံဘုရားမှာ ခြံထဲမှာထွက်တဲ့ ပန်းကလေးတွေ သွားရောင်းတာမျိုးတွေ လုပ်တယ်ပေါ့။ အဲဒီကနေ စခဲ့တာပါ။ အကို ပက်ဆံစရှာတာ ၁၉၇၉ ခုနှစ် ကျောင်းတက်တဲ့အချိန်တည်းက ပိုက်ဆံစရှာတယ်။

ဆိုတော့ အဲဒီအချိန်မှာ မိဘတွေအနေနဲ့ကရော အကိုကို ဘယ်လို လမ်းကြောင်းကို ဖြစ်စေချင်သလဲ။ စီးပွားရေးလုပ်တာကိုရော သူတို့အနေနဲ့ သဘောတူသလား။ ဒါမှမဟုတ် တခြား ပညာရေးပိုင်းကိုပဲ လုပ်စေချင်သလား ခင်ဗျာ။

အကိုက အဲဒါပြောရမယ်ဆိုရင် ဘူမိဗေဒတက်တယ်။ ဘူမိဗေဒမှာလည်း အမ်အက်စီတက်ဖို့လည်း ကွာလဖိုင်းဖြစ်တယ်။ ကွာလဖိုင်းဖြစ်တော့ အမေ့အနေနဲ့ကတော့ DG တို့ဘာတို့ ဆက်တက်စေချင်တယ်ပေါ့။ Geology နဲ့ ပြီးတဲ့အချိန်ကျတော့ ကျောင်းဆရာလိုင်း သွားစေချင်တယ်။ အဖေအနေနဲ့ကတော့ ဘာလုပ်လုပ်ရတယ်။ သူကတော့ ကူလီထမ်းလည်းရတယ်။ နောက်ဆုံး ဘာဖြစ်ဖြစ် သမာအာဇီဝကျရင် ပြီးရောလို့ ပြောခဲ့တယ်ပေါ့။

သမာအာဇီဝ လုပ်ငန်းမှန်ရင် ဘယ်လုပ်ငန်းမျိုးကိုမဆို လုပ်ချင်စိတ်ရှိတာကြောင့် ငယ်စဉ်ကတည်းက မိမိတတ်နိုင်တဲ့ အရင်းအနှီးအနည်းငယ်နဲ့ အလုပ်မျိုးစုံကို လုပ်ကိုင်ခဲ့ရပါတယ်။ အခုလိုမျိုး လုပ်ငန်းများစွာကို လုပ်ကိုင်ရင်းနဲ့ အခက်အခဲတွေကိုလည်း အများကြီး ကြုံတွေ့ခဲ့ရတယ်လို့ ပြောပါတယ်။

အခက်အခဲက တစ်ခုမကဘူး။ အများကြီးပဲ ကြုံခဲ့ရတယ်။ ငါးရောင်းတုန်းကဆိုလည်း ငှက်ကလေးတွေ မွေးရောင်းတယ်။ ငါးရောင်းတယ်။ ခွေးဖောက်ရောင်းတယ်။ စသဖြင့် တိရိစ္ဆာန်လိုင်းပေါ့။ အဲဒီအခါကျတော့လည်း အဲ့လိုင်းကို ဒီလိုင်းမှာ ဗမာဆိုတဲ့ လူမျိုးက သိပ်ပြီး ရှေ့မတိုးနိုင်ဘူး။ တရုတ်လူမျိုးတို့ဘဲ ဒီသံဈေးတို့မှာပဲ သူတို့ပဲ ဒီဈေးကွက်ကို အုပ်ထားခဲ့တယ်။ အဲဒီအခါကျတော့ မနည်းထိုးဖောက်ပြီး တက်ရတာပေါ့။ တက်တယ်ဆိုတဲ့အခါကျတော့ များသောအားဖြင့် ရိုးရာအတိုင်းဖောတ်တယ် ဘာတို့ဆိုတော့ ဘာညာမှာ အကိုတို့ကတော့ စာဖတ်တာပေါ့။ နိုင်ငံခြားကနေပြီး ရိုးရာငါးဖောက်နည်းစာအုပ်တွေ မှာတာမျိုးတို့ ငှက်ဖောက်နည်းစာအုပ်တွေ မှာတာမျိုးတို့ ဆိုပြီး Technology နဲ့ တက်ရတာပေါ့။

ဟုတ်ကဲ့ခင်ဗျာ။ အဲအချိန်ခါမှာရော ဟို လူငယ်တစ်ယောက်အနေနဲ့ သူများတွေက ကိုယ့်ထက် အများကြီး လုပ်ငန်းတွေ တွင်ကျယ်နေပြီး။ အဲအချိန်မှာ အကို့စိတ်ထဲမှာ စိုးရိမ်စိတ်တွေ နောက်ပြီးတော့ အတိုက်အခံတွေကော ရှိခဲ့သေးလား ခင်ဗျာ။

အတိုက်အခံကတော့ အများကြီးပဲ။ ဘာလို့လဲဆိုတော့ ဈေးကွက်က အရမ်းကျဉ်းတယ်။ အကိုတို့ဆီမှာက ဒီ supply နဲ့ demands နဲ့ဆိုလို့ ရှိရင် demands ကနည်းမယ်။ ဥပမာ ငါးဖောက်တဲ့သူက များမယ်။ ငါးဝယ်တဲ့သူက နည်းတယ်။ အဲလို ဖြစ်လာတဲ့အခါကျတော့ ဒီဈေးကွက်ထဲမှာ နံပါတ်တစ် နံပါတ်နှစ် ရောက်နေတဲ့သူတွေက နောက်တက်လာတဲ့သူကို မလိုလားဘူး။ တိုက်ခိုက်တာပေါ့၊ အဲဒီကြားထဲကပဲ အကိုက ခုနကလို စာဖတ်တာရယ် Technology နဲ့  strong ဖြစ်အောင် Technology strong ဖြစ်အောင်ပေါ့ နောက်ပိုင်းမှာ ငါးဆိုရင် ဆေးကုတတ်တယ်ဆိုတာမျိုးအထိ ဖြစ်လာတယ်ပေါ့။ ငါးမွေးတဲ့သူတွေ သူတို့ငါးတွေနာရင် အကို့ဆီမှာ ဆေးလာကုတယ်ပေါ့ အဲလိုမျိုးနဲ့ပဲ သူတို့ မတတ်တဲ့ဥစ္စာနဲ့ပဲ တက်လာတယ်ပေါ့။ နောက်တစ်ခါ ရိုးသားမှုပေါ့နော် ကိုယ့်ဆီက ဝယ်သူကို ဈေးမှန်မှန်နဲ့ ရောင်းပေးတာမျိုးပေါ့။

ဟုတ်ကဲ့ပါခင်ဗျာ။ ကျွန်တော်တို့ ဒီစီးပွားရေးလောကဆိုတာကလည်း မိဘ ကျောရိုးနောက်ခံ မရှိဘူးဆိုရင် ဝင်လာဖို့ အရမ်းခက်ပါတယ်။ အဲဒီအချိန်မှာတုန်းက ကိုယ့်ဘာသာကိုယ် တစ်ယောက်တည်း ရုန်းကန်ရတာဆိုတော့လေ ဒီစီးပွားရေးနဲ့ ပတ်သက်တဲ့ အတွေ့အကြုံတွေ နောက်ပြီးတော့ ပညာတွေကိုကော အဲလိုမျိုး လူတစ်ယောက်ဆီမှာ သင်ခဲ့ရလား။ ဒါမှမဟုတ် အကို့အနေနဲ့ ကြိုးစားပြီး နားလည်အောင် ကျင့်ခဲ့တာလားခင်ဗျာ။

အဲ့တုန်းကတော့ အောင်မြင်နည်းတို့ ကြီးပွားနည်း စာအုပ်တို့ ဝယ်ဖတ်တာပေါ့။ အဲလို စာအုပ်တွေ ဝယ်ဖတ်တယ် ဝယ်ဖတ်နေရင်းနဲ့ ကိုယ်က ကျောင်းပြီးတဲ့အချိန်မှာ လောကကြီးကို နားမလည်တော့ လမ်းထိပ်မှာနေတယ်။ ဆိုက္ကားသမားကအစ ပေါင်းတယ်။ ကားပြင်တဲ့သူတွေကို ပေါင်းတယ်။ နောက်ပြီး ကွမ်းယာရောင်းတဲ့သူတွေကလည်း ကိုယ့်မိတ်ဆွေတွေကို ကြည့်လိုက်ရင် အဲလိုလူမျိုးချည်းပဲပေါ့။ ကိုယ်နဲ့ ပိန်မသာ လိမ်မသာ အဲတော့ ကွမ်းယာရောင်းတဲ့သူဆိုလို့ ရှိရင်လည်း တစ်ရက်ကို ဘယ်လောက်ကိုက်တာလဲ။ ဆိုက္ကားထောင်တဲ့သူဆိုလို့ ရှိရင်လည်း တစ်ရက်ကို နင်းရင် ဘယ်လောက်ရလဲ။ ဆိုက္ကားထောင်တဲ့ အုံနာအနေနဲ့လဲ ဘယ်လိုကိုက်သလဲ။ ကားပြင်တဲ့သူအနေနဲ့ဆိုရင်လည်း ကားပြင်တာဘယ်လောက်ရလဲဆိုတဲ့ ဘဝဘဝတွေ စလေ့လာတယ်ပေါ့။ လေ့လာပြီးတော့မှ ကိုယ့်အတွေးအခေါ်နဲ့ ကိုယ့်အတွေ့အကြုံနဲ့ ကိုယ်လုပ်နေတဲ့ လုပ်ငန်းနဲ့ သူတို့ဘဝတွေနဲ့ Taxi ဆွဲတယ်ဆို သူတို့ ဘယ်လောက်ရလဲ။ နောက်ဆို ကိုယ် Taxi ပိုင်ရင် ဘယ်လိုဖြစ်လာမလဲ။ စသဖြင့်အနေနဲ့ နှိုင်းပြီးတော့မှ ကိုယ်ဘာလုပ်ရမလဲဆိုတဲ့ အဖြေကို ရှာထုတ်တာပေါ့။

ပထမကတော့ အကိုလုပ်တဲ့သူက သူ့မုန့်ဖိုးထဲက အကိုတို့က အဲ့ခေတ်တုန်းကဆိုရင် တစ်နေ့ကို မုန့်ဖိုး တစ်မတ်ရတယ်။ ဒါပေမယ့် ကိုးတန်း ဆယ်တန်းဖြေတဲ့ ကိုယ့်အကိုတွေက ငါးမူးရတယ်။ ငါးမူးရတော့ အဲ့ငါးမူးနဲ့ အကိုတို့ သံဈေးမှာ ငါးလေးတွေ သွားဝယ်တယ်။ အမှန်မှာတော့ အလှမွေးတာ။ အလှမွေးရင်းနဲ့ သူဘာသာသူ ပေါက်လာတဲ့အခါကျတော့ တဖြေးဖြေးနဲ့ များအောင်လုပ်ပြီးတော့ ပြီးတော့မှ ငါးဖောက်ရောင်စားမယ်ဆိုတာ စဉ်းစားမိတာကို တစ်ဆင့်ပြီးတစ်ဆင့် တက်တာ။ တက်တဲ့အခါမှာ ငါးကန်ဆိုရင်လည်း ပန်ရံဆရာ မငှားနိုင်ဘူး။ ဘိလပ်မြေ ကိုယ့်ဘာသာကိုယ်ဝယ်။ ပန်ရံဆရာတွေ့ရင် ဘိလပ်မြေ ဘယ်လိုသဲနဲ့ ဘိလပ်မြေ ရောရတာလဲဆိုတာကို မေး။ သူတို့က သုံးအချိုးတစ် စပ်ရတယ်ဆိုတော့ ကိုယ့်ဘာသာကိုစပ်ပြီးတော့ ကိုယ့်လက်နဲ့ပဲ ကိုယ့််ဘာသာကိုယ် အုတ်တွေစီ စီပြီးတော့မှ မညီမညာနဲ့ အဲ့ငါးကန်လေးတွေလုပ်။ အဲလိုနဲ့ပဲ တက်ရတာပေါ့။ တက်ရင်းနဲ့ပဲ တဖြေးဖြေးနဲ့ ရောင်း ရတဲ့ပိုက်ဆံနဲ့ ထပ်ချဲ့တယ်။ ၁၃ နှစ်ကြာတယ် ငါးမွေးတာ။

ဟုတ်ကဲ့ပါခင်ဗျာ။ ဆိုတော့ ဒီလိုမျိုး စားသောက်ဆိုင်လုပ်ငန်းကို ဘယ်အချိန်မှာ စပြီး လုပ်ကိုင်ခဲ့တာလဲ။

စိတ်ဝင်စားတာဆိုလို့ ငါးရောင်းတဲ့အချိန်တည်းက ဘာစဉ်းစားမိလဲဆိုတော့ တစ်နေ့မှာ လက်ဖက်ရည်ဆိုင် ပိုင်ချင်တဲ့ ဆန္ဒရှိတယ်။ မဟုတ်ရင်လည်း အဲ့ခေတ်တုန်းက လေးဘီး အဲ့ လေးဘီးကား နှစ်စီးသုံးစီးလောက် ထောင်ပြီးတော့ ကိုယ်ကိုယ်တိုင်လည်းဆွဲ သူများကိုလည်း အုံနာခယူပြီးတော့ ကိုယ့်ရဲ့ဉာဏ်ရှိသလောက်ကတော့ အဲ့ခေတ်က အဲ့လောက်ပဲ။ အဲ့ဒီတော့ အမေကို နားပူနားဆာလုပ်ပြီးတော့ အခုနေနေတဲ့အိမ်ကို ရောင်းပြီးတော့ ကားဝယ်ပြီး ကားထောင်ဖို့ပေါ့ ပူဆာခဲ့တယ်။

သူ့ရဲ့ဘဝမှာ အလုပ်မျိုးစုံ၌ ကျင်လည်ခဲ့ပြီးနောက်ပိုင်း စားသောက်ဆိုင်လုပ်ငန်းကို လုပ်ကိုင်ဖို့အတွက် စတင် စိတ်ကူးရာကစလို့ Feel Myanmar စားသောက်ဆိုင်ကို  စတင် တည်ထောင်ဖြစ်ခဲ့ပုံအကြောင်း ဆက်လက် ရှင်းပြခဲ့ပါတယ်။

ဆိုတော့ ဒီလိုမျိုးပေါ့ အခုဆိုရင် စားသောက်ဆိုင်လုပ်ငန်းတွေလည်း Run နေပြီပေါ့နော်။ ဘယ်အချိန်လောက်မှာစပြီးတော့ ဒီ Feel Myanmar စားသောက်ဆိုင်ကို တည်ထောင်ခဲ့တာလဲ ခင်ဗျာ။

Feel Myanmar စတာကတော့ နည်းနည်းထူးဆန်းတယ်။ အကိုတို့က မြန်မာစာကို ရောင်းဖို့ မစဉ်းစားခဲ့ဘူး။ အကိုစတာက European ပြန်နဲ့ ဟန်ဗါကာနဲ့ စခဲ့တာ။ ဒီဟန်ဗာကာနဲ့ စခဲ့တာဆိုတော့ အကိုက ယူရိုပြန်တွေကိုပဲ စိတ်ဝင်စားတယ်။ အင်းယားလိတ်တို့မှာ သွားသင်တယ်။ အင်းယားလိတ်မှာရှိတဲ့ ဒီစားဖိုမှူးတွေ သူငယ်ချင်းတွေနဲ့ ရှာပြီးတော့ ဥရောပအစားအသောက်ဆန်းလေးတွေနဲ့ပေါ့။  အဲဒါတွေမျိုးတွေကိုပေါ့။ အဲ့ခေတ်တုန်းကလည်း အဲလိုမျိုးနဲ့ဆို နည်းနည်း အဆင့်အတန်းရှိတဲ့ ဆိုင်ဆိုပြီးတော့ လူငယ်တွေအကုန်လုံးကလည်း ဒီဆိုင်လေးကလည်း သိတယ်မို့လား ကြေးအိုးဆိုင်တို့ သာမာန် မုန့်ဟင်းခါးဆိုင်တို့နဲ့စာရင် နည်းနည်းအဆင့်ရှိတာပေါ့။ ကိုယ်ကလည်း အဲ့လိုင်းကိုသွားချင်တော့ အဲလိုလုပ်ခဲ့တယ်။

လုပ်ခဲ့ရင်းနဲ့ တိုင်းပြည်မှာ ဘာဖြစ်လာလဲဆိုတော့ တိုင်းပြည်မှာ စီးပွားရေး နည်းနည်းကျတယ်။ ကျလာပြီးတော့ အရေးအခင်းတွေဘာတွေနဲ့ တက္ကသိုလ်တွေအကုန်လုံးက မြို့ပြင်ကို ရောက်သွားတယ်။ ရောက်သွားတော့ အကိုတို့ဆိုင်ကိုစားနေတဲ့ တက္ကသိုလ်ကျောင်းသားတွေက အကုန်လုံး ပြို့ပြင်ရောက်တော့ အကိုတို့ဆီ မလာနိုင်တော့ဘူး။ နံပါတ်(၁)ပေါ့၊ နံပါတ် (၂)ကတော့ အကိုတို့ နေပြည်တော်ဆိုတာကြီး ဖြစ်လာပြီးတော့ အစိုးရဝန်ထမ်းတွေအားလုံးက နေပြည်တော်ရောက်သွားတော့ အကို့ဆိုင်ကို အစိုးရဝန်ထမ်းတွေ မစားနိုင်တော့ပြန်ဘူး။ အဲဒီအခါကျတော့ အကိုတို့ ရောင်းကျလာတယ်။ သိပ်မကိုက်တော့ဘူး။ အဲ့တော့ ဒီ လူလတ်တန်းစား စားနိုင်တဲ့ အစားအသောက်တွေက ယူရိုပြန်မဟုတ်ဘူး။ မြန်မာအစားအစာဆိုတဲ့အချိန်မှာ အဲလို စဉ်းစားနေတဲ့အချိန်မှာ မွေးစားသားလို ချာတိတ်တစ်ယောက်က သူ လောင်းကစားလေးလုပ်ပြီးတော့ သူရှုံးသွားတဲ့အခါကျတော့ အိမ်ကထွက်ပြေးမယ်ဆိုတော့ မပြေးနဲ့ မင်းကိုငါ ဗမာဆိုင်လေးဖွင့်ပေးမယ်ဆိုပြီးတော့ သူ့ကို ကယ်တင်ချင်တဲ့ ဆန္ဒနဲ့ပဲ ဒီပြည်ထောင်စုရိပ်သာလမ်းမှာပဲ Feel Myanmar ဆိုတဲ့စားသောက်ဆိုင်ကို စဖွင့်တယ်။

အဲလိုမျိုး စီးပွားရေးလောကမှာ တစ်ဆင့်ပြီးတစ်ဆင့် တက်လာတဲ့အချိန်မှာကော ဆုံးဖြတ်ချက်တွေ မှန်ကုန်ဖို့အတွက်ကော အကို့အနေနဲ့ပေါ့နော် စီးပွားရေးလုပ်ငန်းမလုပ်ခင်မှာ ဘက်ပေါင်းစုံက ဘယ်လိုမျိုးနည်းလမ်းနဲ့ စဉ်းစားလေ့ရှိလဲခင်ဗျ။

အကို ဘယ်လိုစဉ်းစားလဲဆိုတဲ့အခါကျတော့ နံပါတ်(၁)ကတော့ သူများမလုပ်တာ လုပ်မယ်ဆိုတဲ့စိတ်တော့ အကို့မှာ အမြဲရှိတယ်။ ဒါကြောင့်မို့လို့ အကို ပထမဆုံး ဒီဆိုင်ကို စတဲ့အချိန်မှာ ဗမာပြည်မှာ စားသောက်ဆိုင်ဆိုလို့ရှိရင် များသောအားဖြင့် ညစ်ပတ်တယ်။ ကြမ်းပြင်မှာဆိုလို့ရှိရင် အဲ့ခေတ်တည်းက အခုတောင်ရှိပါတယ် စက္ကူတွေ ပြန့်ကျဲနေမယ်။ အမှိုက်တွေရှိမယ်။ အခု ညီလေးကြည့်လိုက်ရင် တွေ့ရမှာပေါ့။ အကိုတို့လမ်းလေးကို အကို ပိုက်ဆံအရမ်းအကုန်ခံထားရတယ်။

လမ်းပေါ်ကကြည့်လိုက်ရင် ဒါကားတွေပေါ်ကပစ်သွားတဲ့ အမှိုက်တွေ ဘာတွေညာတွေ အကုန်လုံးကို အကို မပြတ် ရှင်းနေတယ်။ ဒီလမ်းလေးကိုလည်း အကို စံပြ ဗမာပြည်မှာ သန့်ရှင်းတဲ့ လမ်းလေးတစ်လမ်းဖြစ်အောင်ဆိုပြီးတော့ အကို စလုပ်တယ်။ အခု ဆိုင်မှာကလည်း ဒီအတိုင်းပဲ ကလေးတွေကို အဲဒါကို မပြတ်ပြောနေတယ်။ ဒီဖုန်တွေ အမှိုက်တွေ ပင့်ကူအိမ်တွေ အိမ်သာဆိုလို့ရှိရင်လည်း ဖြူဖွေးနေရမယ်။ ကလေးတွေဆိုလို့ရှိရင်လည်း သန့်သန့်ပြန့်ပြန့်ရှိနေရမယ်ဆိုတာကို တောက်လျှောက် အကိုက အဲဒီတော့ အဲဒီအချိန်မှာ အခြားဆိုင်တွေက အဲဒါကို သိပ်ဂရုမစိုက်ကြဘူး ဆိုတာလေးကိုတော့ သွားတွေ့ရတယ်။ အဲဒီမှာ ဒီဆိုင်လေးက သန့်တယ်။ ဒီဆိုင်လေးက ပြန့်တယ်ဆိုပြီးတော့ အောင်မြင်လာတယ်။

Feel Myanmar စားသောက်ဆိုင် ဖွင့်လှစ်ထားတဲ့ ရန်ကုန်မြို့ ပြည်ထောင်စု ရိပ်သာလမ်းဟာ အမှိုက်သရိုက် ကင်းစင်ပြီးတော့ စံပြလမ်းတစ်လမ်းဖြစ်အောင် Feel Myanmar က ကြိုးစားလုပ်ကိုင်ဖြစ်ခဲ့တဲ့ အကြောင်းကိုလည်း ဦးစိုးညီညီက သူ့ရဲ့ခံယူချက်အားလုံးကို ရှင်းပြခဲ့ပါတယ်။

ဟုတ်ကဲ့ အခုဆိုရင် ကျွန်တော်တို့မြင်ရတဲ့ ဒီလမ်းမှာဆိုရင် Feel Myanmar က ဒီအမှိုက်နဲ့ ပတ်သက်ပြီးတော့ သန့်ရှင်းအောင် လုပ်ထားပေးတယ်ပေါ့နော်။ အဲ့လိုမျိုး ဘာ့ကြောင့်မို့လို့ ထူးထူးခြားခြားပေါ့နော် သူများတွေမလုပ်တဲ့ ရှုထောင့်ကနေပြီးတော့ Feel Myanmar ကနေ လုပ်ဖြစ်တာလဲ ခင်ဗျာ။

တိုင်းပြည်မှာ ဘယ်အစိုးရတက်တက်ပေါ့နော် အစိုးရအနေနဲ့ နိုင်ငံတော် ကုန်ကျစရိတ်ကို သူ့ရဲ့ ဘက်ဂျက် ချပေးစရာမလိုပဲနဲ့ တိုင်းပြည်ကို အခြားနိုင်ငံကပဲဖြစ်ဖြစ် ကိုယ့်နိုင်ငံ လူမျိုးရဲ့ အဆင့်အတန်းဖြစ်လာအောင်ပဲဖြစ်ဖြစ် လုပ်လို့ရတာကတော့ အမှိုက်ကို စည်းကမ်းတကျ စွန့်ပစ်တာပဲ။ ဆိုတော့ လူတွေက အခုဟာက အမှိုက်ကို ပစ်စလက်ခတ် ပစ်တယ်။ အဲ့ဒါကို အနောက်ကလိုက်ကောက်ရမယ့်အဖွဲ့ အထူးသဖြင့် စည်ပင်သာယာအဖွဲ့ရဲ့ ဝန်ထမ်းတွေဆိုတော့ အကိုတို့နိုင်က ဗုဒ္ဓဘာသာနိုင်ငံပဲ။ ဗုဒ္ဓဘာသာမဟုတ်လဲ အခြား ခရစ်ယာန်ဘာသာပဲဖြစ်ဖြစ် အစ္စလာမ်ဘာသာပဲဖြစ်ဖြစ် သူများအကျိုးကို ယုတ်ရမယ်ဆိုတာတော့ ဘယ်ဘုရားမှ မဟောထားဘူး။ ဆိုတော့ ကိုယ်က ကိုယ့်အမှိုက်ကို တာဝန်သိသိနဲ့ လမ်းပေါ်မှာ မစွန့်ပစ်ပဲနဲ့ အမှိုက်ပုံးရှိရင် အမှိုက်ပုံးထဲထည့်၊ မထည့်ရင် ကိုယ့်ဘာသာကိုယ်သယ်သွား ကိုယ့်အိမ်ရောက်တော့မှ ကိုယ့်အမှိုက်ပုံးတည်းကို ထည့်ခြင်းအားဖြင့်လည်း ကုသိုလ်လည်းရသလို စည်ပင်သာယာဝန်ထမ်းတွေကိုလည်း ညှာတာရာရောက်တယ်။ တိုင်းပြည်ဂုဏ်ကိုလည်း ဆောင်ရာရောက်ပါတယ်။

ကွမ်းစားတဲ့သူဆိုလို့ရှိရင်လည်း ကိုယ့်ဘာသာကိုယ် ကွမ်းတံတွေးထွေးဖို့ ကိုယ့်အထုတ်လေးကိုယ် ဆောင်ထား။ ကွမ်းယာရောင်းမယ့်သူကလည်း ကွမ်းရောင်းသလို တံတွေးထွေးဖို့ ဒီ ပလက်စတစ်အိတ်လေး ကျွတ်ကျွတ်အိတ်လေး ပေးလိုက်မယ်ဆိုတဲ့ဟာလေးကို အကို Feel ကလေးစပြီး လုပ်ချင်တယ်။  အခု အမှိုက်တွေ လိုက်ကောက်နေကြတယ်။ အမှိုက်ကောက်တဲ့သူက ကောက်သလို ပစ်တဲ့သူကလည်း အားမနာတမ်း ပစ်တယ်ဆိုတော့ ဘာပဲဖြစ်ဖြစ်ပေါ့နော် အမှိုက်ကောက်တဲ့သူကို စာနာပါ။ စည်ပင်သာယာဝန်ထမ်းများကို စာနာပါ သူတို့ နေပူထဲမှာ ကိုယ်ပစ်ထားတာကို နေပူထဲမှာ လိုက်ကောက်ရတာ သိပ်သနားဖို့ ကောင်းပါတယ်။

အဲတော့ ကိုယ်က ကိုယ့်အမှိုက်ကို သိမ်းသွားမယ်ဆိုရင် စည်ပင်သာယာ ဝန်ထမ်းနေနဲ့ သူ့သဘာဝအရ ကျလာတဲ့ သစ်ရွက်ခြောက်တို့ ဒါမျိုးတွေကိုပဲ သူတို့လှည်းရမယ်ဆိုလို့ရှိရင် အများကြီးအဆင်ပြေသွားမယ်။ အဲဒါကို Feel က ငွေအများကြီး အကုန်ကျခံပြီးတော့ Feel ဝန်ထမ်းတွေကော အကိုတို့ ဒီ မန်နေဂျာတွေ အကုန်လုံးက စံနမူနာအနေနဲ့ ကိုယ့်အမှိုက်ကို ကိုယ်ထိန်းသိမ်းတာတို့ သူများပစ်ထားတဲ့ဟာကို ကိုယ်ကောက်တာတို့ အမှိုက်မပစ်အောင် စည်းရုံးတဲ့ ကိုယ်တို့ စတစ်ကာလေးတွေ ထုတ်ထားပါတယ်။ အကိုတို့ စတစ်ကာလေးတွေ ရှိပါတယ်။ တံခါးတွေမှာလည်း ကပ်ထားတယ်။ ညီလေး ရိုက်သွားလို့ ရပါတယ်။ ကွမ်းတံတွေးမထွေးဖို့နဲ့ အမှိုက်မပစ်ဖို့ စတစ်ကာလေးကို အကိုတို့ Taxi တွေကို လှူတယ်။ Customer တွေကိုလည်း အကိုတို့ ပညာတွေ ပေးပါတယ်။

ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ကောင်းမွန်တဲ့ တိုးတက်ပြောင်းလဲမှုတွေ ဖြစ်ပေါ်နေတဲ့အချိန် Feel Myanmar ရဲ့ ခေါင်းဆောင် ဦးစိုးညီညီကလည်း မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ သူတတ်နိုင်တဲ့ဘက်ကနေ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေကို လုပ်ကိုင်နေသူ ဖြစ်ပါတယ်။ ဒါ့အပြင် မျိုးဆက်သစ် လူငယ်များအတွက်ကိုလည်း သူတတ်နိုင်တဲ့ဘက်က လက်တွဲခေါ်ယူချင်တဲ့အကြောင်းကို ပြောပြခဲ့ပါတယ်။

ကျွန်တော်တို့ လူငယ်တွေအထဲမှာလည်း ကိုယ်ပိုင်စီးပွားရေးတစ်ခုကို စချင်တယ်။ တချို့ကျတော့လည်း အရင်းအနှီးမရှိဘူးပေါ့နော်။ ဝန်ထမ်းဘဝကနေ ပြောင်းလုပ်ချင်တဲ့ လူမျိုးတွေလည်း ရှိပါတယ်။ အဲဒီတော့ အဲဒီလိုလူမျိုးတွေအတွက်ကော အကို့ဘဝ အတွေ့အကြုံနဲ့ အတွေ့အကြုံအရ ဘယ်လိုမျိုး သူတို့ လုပ်သင့်တယ်ဆိုတာကို ပြောပြပေးပါခင်ဗျာ။

အကို သတင်းစာထဲကနေပြီးတော့လည်း ကြေညာပြီးတော့ ခေါ်တယ်။ လူငယ်တွေကို အကို မသေခင်မှာ အကို့ရဲ့စိတ်ထား အကို့ရဲ့ အုပ်ချုပ်တဲ့ပညာ အကို Feel ကို အုပ်ချုပ်တာကို အကို Love Management လို့ ပေးထားတယ်။ နိုင်ငံခြားသားတွေ အင်တာလာဗျူးရင်လည်းပဲ မင်း ဘာ Management နဲ့သွားနေလဲ Love Management နဲ့ သွားနေတယ်။ အခုဒေါ်စုတောင်မှပဲ မေတ္တာနဲ့ အုပ်ချုပ်မယ်ဆိုတာ ကြေညာလိုက်တယ်။ အဲတော့ အကို အဲဒါနဲ့ သွားခဲ့တယ်။

မေတ္တာနဲ့ အုပ်ချုပ်တာ အကောင်းဆုံးပဲပေါ့နော်။ ဘုရားလည်းဟောထားတယ်။ အဲဒါကို လူငယ်တွေကို ပေးချင်တယ်။ ရိုးရိုးသားသားနဲ့ ကြိုးကြိုးစားစားနဲ့ စိတ်ထားလေးကောင်းမယ်ဆိုရင်တော့ ဘယ်သူမဆို ကြီးပွားလာမှာပဲ။ ဒါပေမယ့် အကို့ဆီမှာ မည်သူမဆို ညီလေးကအစ ဘယ်သူမဆို လူငယ်တွေ အကုန်လုံး လာသင်မယ်ဆိုရင် လာမေးမယ်ဆိုရင် အကို အချိန်မရွေး တံခါးဖွင့်ထားတယ်။ အကို့ဖုန်းနံပါတ်က 09-5019643 အကို့နာမည် စိုးညီညီလို့ခေါ်တယ်။ အချိန်မရွေး ဖုန်းဆက်ပြီးတော့ အကို့ရဲ့ အတွေ့အကြုံတွေ အကို့ရဲ့ အတွေးအခေါ်တွေ ကိုယ်တတ်ထားတဲ့အရာတွေ အကိုက ဒီလုပ်ငန်းမှာ ဒီဇိုင်းဆိုလည်း ကိုယ့်ဘာသာဆွဲတယ်။ Menu ဆိုလည်း ကိုယ့်ဘာသာကိုယ်ထုတ်တယ်။ အစားအသောက်ကိုလည်း ကိုယ့်ဘာသာ ချက်တယ်။ အင်္ဂလိပ်လိုဆိုလို့ရှိရင်တော့ Sharp Owner ပေါ့နော်။ ပိုင်ရှင်ကိုယ်၌က အကျော်ဆရာဖြစ်နေတာပေါ့နော်။ ဆိုတဲ့အခါကျတော့ ဟင်းချက်နည်းပဲဖြစ်ဖြစ် စီးပွားရေးလုပ်ငန်း လုပ်ကိုင်နည်းပဲဖြစ်ဖြစ် ထားရမဲ့ စိတ်ဓာတ်ပဲဖြစ်ဖြစ် ဝန်ထမ်းအုပ်ချုပ်နည်းပဲဖြစ်ဖြစ် အကုန်လုံးကို ဖိတ်ခေါ်တယ်။ ဒီကလေးတွေကနေပြီးတော့ စံပြနမူနာဖြစ်ပြီးတော့မှ အခြားစားသောက်ဆိုင်တွေမှာပဲဖြစ်ဖြစ် တခြားလုပ်ငန်းကပဲဖြစ်ဖြစ် အတုယူစရာ အတုခိုးစရာ ဖြစ်အောင်တော့ Feel ကို အကိုနေ့တိုင်းကို အာရုံစိုက်ပြီးတော့ လုပ်နေတယ်။ လူတွေငှားတယ်။ ငှားပြီးတော့ Service တွေပေးတယ်။ သင်တန်းတွေပို့ချတယ်။ အခုဆို နိုင်ငံခြားသားတွေခေါ်ပြီးတော့ သူတို့တွေကိုပါ သင်တန်းတွေပေးဖို့ အကိုလုပ်နေပါတယ်။

မျိုးဆက်သစ်လူငယ်များ အောင်မြင်မှုကိုရဖို့အတွက် အရေးကြီးတဲ့အချက်တွေနဲ့ ထားရှိရမယ့် စိတ်ထားတွေနဲ့ ပတ်သက်ပြီးတော့လည်း ဦးစိုးညီညီက ဆက်လက်ပြီးတော့ ရှင်းပြခဲ့ပါတယ်။

အဓိကကတော့ စာရိတ္တပိုင်းဆိုင်ရာပေါ့နော်။ ကိုယ်က ရိုးသားရမယ် နံပါတ်တစ်၊ နံပါတ်နှစ်ကတော့ ဒါရှင်းပါတယ်။ Win Win အနေအထား မရပဲနဲ့တော့ ဘယ်လိုမှမအောင်မြင်နိုင်ဘူး။ Win Win  ဖြစ်ဖို့ဆိုရင်လည်း အကိုတို့ စားသောက်ဆိုင်လုပ်ငန်းမှာ Win Win က Customer မှာလည်း Win ဖြစ်ရမယ်။ Owner လည်း Win ဖြစ်ရမယ်။ Staff လည်း Win ဖြစ်ရမယ်။ အဲဒါကိုမှ ပိုပြီးတော့မှ ဒီလုပ်ငန်းက ရလာတာကို တိုင်းပြည်ရဲ့ လိုအပ်တဲ့ မရှိတဲ့ မိဘမဲ့ကျောင်းတွေကိုပါ လှူမယ်ဆိုတဲ့ အချိုးတစ်ချိုးကိုပါထားပြီးတော့ နောက်တစ်ခါ အကိုတို့ လှော်ကားမှာ သစ်ပင်တွေစိုက်တယ်ပေါ့နော်။ လှော်ကားမှာ အပင်တွေမရှိတဲ့အတွက် လှော်ကားကန်ကြီးက ရေခမ်းမယ်ဆိုရင် Feel အဖွဲ့က ဆယ်ဧက ဧကနှစ်ဆယ် သွားသွားစိုက်တယ်။ ဒါပေမယ့် အကိုဆိုလည်း စိုက်တယ်။ ငွေစုထားတယ်။ တိုင်းပြည်ကိုပါ ပြန်အကျိုးပြုတဲ့ Win ကိုပါရမယ်ဆိုရင် အကိုတို့ Feel ကတော့ Four Winနဲ့ သွားနေတာပေါ့နော်။ Customer Wing ဖြစ်ရမယ်။ Owner Wing ဖြစ်ရမယ်။

Win Win နဲ့ သွားမယ်ဆိုလို့ရှိရင်တော့ ဘယ်သူမဆို အောင်မြင်မှာပဲ။ ကိုယ်တစ်ယောက်တည်း Win ဖြစ်ပြီးတော့ ကိုယ်နဲ့လုပ်နေတဲ့ Staff တွေက Win မဖြစ်ဘူးဆိုရင်လည်း အောင်မြင်မှာမဟုတ်ဘူးပေါ့။ အဲတော့ အဓိကကတော့ စေတနာနဲ့ မေတ္တာနဲ့ သွားရမှာပေါ့။ ကိုယ့်အတွက်ဆိုတာတော့ နောက်မှထားပြီးတော့ သူများကိုအရင်ပေးမယ်ဆိုတာနဲ့ သွားရင်တော့ အောင်မြင်မှာပဲ။ ဒါပေမယ့် ကံ၊ ဉာဏ်၊ ဝိရိယဆိုတာနဲ့ သွားရင်တော့ ဉာဏ်အတွက်ကလည်း စာဖတ်ရမယ် လေ့လာရမယ် သင်ယူရမယ်။ ဝိရိယကတော့ ကိုယ်စိုက်ထုတ်သလောက် ရမယ်။ ကံနဲ့ပတ်သက်လို့ကတော့ ကိုယ် အတိတ်ကံကို မတတ်နိုင်ဘူး။ ပစ္စုပ္ပန်ကံနဲ့ အနာဂါတ်ကံကို ကိုယ်ပိုင်တယ်။ အဲ့အတွက်ကြောင့်မိုလို့ အကိုဆိုလို့ရှိရင် မနက်တည်းက လက်ကောက်ငါးကွင်း သို့မဟုတ် ခြောက်ကွင်းကို အကို ညာဘက်လက်မှာ စွပ်ထားတယ်။ စွပ်ထားပြီးတော့ သူများအကြိုးကိုဆောင်မယ်။ ကိုယ့်ကြောင့် ဘယ်သူအကြိုးရှိသွားလဲ၊ ကိုယ့်ကြောင့် ဘယ်သူဝမ်းသာသွားလဲဆိုတာ အကိုလုပ်တယ်။ လုပ်ပြီးတိုင်းမှာ တစ်ယောက်ကိုလုပ်ပြီးတိုင်း တစ်ကွင်းကို ဘယ်ဘက်ရွေ့၊ ဆိုတော့ ညနေမအိပ်ခင်မှာဆိုလို့ရှိရင် ဒီလက်ကောက်ငါးကွင်းကို ဘယ်ဘက်ကို အကိုအရောက်ရွေ့တယ်။ အဲ့လိုရွေ့ခြင်းအားဖြင့် တစ်နေ့တစ်နေ့ ကိုယ် သူများအကျိုးကို ဆောင်တယ်ဆိုတဲ့ သဒ္ဒါတရားထက်သန်အောင် ကိုယ့်ဖါသာကိုယ် လေ့ကျင့်တယ်။

သဒ္ဒါတရားထပ်လာတာနဲ့အမျှ ဒါနက လိုက်လာမယ်။ ဒါနနောက်မှာမှ သီလ၊ သီလနောက်မှာမှ ဘာဝနာ သွားမယ်ဆိုတော့ ဘာသာတရားကိုလည်း စောင့်ထိန်းပြီးသွားတယ်ဆိုတော့ လူငယ်တွေ အနည်းဆုံး လက်ကောက်တစ်ကွင်းလောက်တော့ ညာဘက်မှာထားပြီး သူများအကျိုးကို လုပ်ဆောင်တဲ့ဟာလေးကို လုပ်ကြမယ်ဆိုလို့ရှိရင်တော့ ကိုယ်လည်းနေ့စဉ် ကုသိုလ်ရမယ်။ ကိုယ်တို့နိုင်ငံမှာရှိတဲ့ မြန်မာတွေက နိုင်ငံခြားသားတွေကလာရင် လက်ကောက်လေးတွေနဲ့ ဘာလုပ်ကြတာလဲဆို ကျွန်တော်တို့ မြန်မာလူမျိုးတွေက အနည်းဆုံး သူများအကျိုးကိုဆောင်တာ တစ်ခုတော့လုပ်ကြပါတယ်ခင်ဗျာဆိုလို့ရှိရင် အချင်းချင်းလည်း တိုင်းပြည်မှာလည်းပဲ ညီလေးက လူတစ်ယောက်ကို အကျိုးပြုလိုက်ရင် ညီလေးကံတက်တာထက်မက အဲ့တစ်ယောက်မှာ အကျိုးရှိသွားတယ်။ ဒီလိုစိတ်ဓာတ်လေးတွေ တိုင်းပြည်မှာ လူငယ်တွေအကုန်လုံး ဝင်သွားမယ်ဆို အရမ်းကောင်းပါတယ်။

Mizzima Weekly