စစ်ကောင်စီ၏ ကာကွယ်ရေးပစ္စည်းစက်ရုံများကို NUG ပစ်မှတ်ထားတိုက်ခိုက် 

19 April 2023
စစ်ကောင်စီ၏ ကာကွယ်ရေးပစ္စည်းစက်ရုံများကို NUG ပစ်မှတ်ထားတိုက်ခိုက် 

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ကန်စွန်းမရွာမှာ အခြေစိုက်တဲ့ စစ်ကောင်စီရဲ့ အမှတ် ၂၁ ကပစ၊ ကာကွယ်ရေးပစ္စည်းစက်ရုံကို ဧပြီလ ၁၆ ရက်နေ့မှာ တိုက်ခိုက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

NUG လက်အောက်ခံ မင်းဘူးခရိုင် အမှတ်(၁) တပ်ရင်းနဲ့ ဒေသခံတပ်ရင်းတွေ ပူးပေါင်းပြီး ရှော့တိုက်ဒုံးတွေ၊ Rocket လောင်ချာတွေနဲ့ တိုက်ခိုက်ခဲ့တာလို့ NUG က ဧပြီလ ၁၈ ရက်နေ့ က ထုတ်ပြန်ပါတယ်။

ဒီတိုက်ခိုက်မှု မတိုင်ခင် ပြီးခဲ့တဲ့ တစ်ပတ်ကလည်း အမှတ် ၂၂ ကပစ စက်ရုံကို သွယ်တန်းတဲ့ ဓာတ်အားလိုင်းကို NUG လက်အောက်ခံ PDF တပ်တွေနဲ့ဒေသခံ PDF နဲ့ ပကဖတပ်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

တစ်ပတ်အတွင်း ကပစစက်ရုံ အမှတ် ၂၁ နဲ့ ၂၂ စက်ရုံ နှစ်ရုံ ပစ်မှတ်ထားတိုက်ခိုက်ခံရတာဖြစ်ပါတယ်။
ဧပြီလ ၁၁ ရက်နေ့က စစ်ကောင်စီရဲ့ လေကြောင်းသုံးတိုက်ခိုက်မှုကြောင့် ပဇီကြီးရွာမှာ လူပေါင်း ၂ဝဝ လောက် သေဆုံးခဲ့ရပြီးနောက်ပိုင်း စစ်အာဏာဆန့်ကျင်ရေး လက်နက်ကိုင်တော်လှန်နေတဲ့ PDF တွေဘက်ကလည်း တိုက်ခိုက်မှုတွေ အရှိန်တိုးမြှင့်လာနေတာပါ။

ဧပြီလ ၁၇ ရက် နှစ်ဆန်းတစ်ရက်နေ့မှာလည်း စစ်ကိုင်းတိုင်း ကနီမြို့နယ်ထဲက စစ်ကောင်စီရဲ့ တာဝါတိုင်ကုန်းကို PDF တပ်ဖွဲ့တွေ သိမ်းပိုက်လိုက်ပြီး၊ လက်နက်ပစ္စည်းတွေလည်းရခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတော့ လက်ရှိနယ်မြေဒေသ ၅ဝ ရာခိုင်နှုန်းလောက်ကို စိုးမိုးထားနိုင်ပြီလို့ ပြောဆိုထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly