တနင်္သာရီမြို့ သဲဖြူရွာတွင် စစ်ကောင်စီတပ်က အင်အားဖြည့်တပ်စွဲထား၍ ဒေသခံအချို့ ထပ်မံထွက်ပြေးတိမ်းရှောင်နေရဟုဆို

By ကိုရွှေမြိတ်(မဇ္ဈိမ)
19 April 2023
တနင်္သာရီမြို့ သဲဖြူရွာတွင် စစ်ကောင်စီတပ်က အင်အားဖြည့်တပ်စွဲထား၍ ဒေသခံအချို့ ထပ်မံထွက်ပြေးတိမ်းရှောင်နေရဟုဆို

တနင်္သာရီတိုင်း၊ မြိတ်ခရိုင် တနင်္သာရီမြို့နယ်ရှိ သဲဖြူရွာတွင် ယခုရက်ပိုင်းအတွင်း နှစ်ဖက် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခြင်း မရှိသော်လည်း စစ်ကောင်စီတပ်ဖက်က အင်အားဖြည့်တပ်စွဲလာနေခြင်း ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

တနင်္သာရီမြို့နယ် သိန်ခွန်းကျေးရွာအုပ်စု သိန်ခွန်းရွာ၊ သဲဖြူရွာနှင့် ချောင်းနှစ်ပေါက်ရွာတို့တွင် ပြီးခဲ့သည့် မတ်လ ၂၈ ရက်မှ ဧပြီလ ၁၄ ရက်နေ့ အထိ နှစ်ဖက် တိုက်ပွဲများ ပြင်ထန်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်သား ၂၀ နီးပါး သေဆုံးခဲ့ကာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဖက်ကလည်း ထိခိုက်မှုရှိခဲ့သည်ဟု တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေး အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက“အခု ရက်ပိုင်းမှာ တိုက်ပွဲတွေ ကြီးကြီးမားမားဖြစ်တာတော့ မရှိဘူး၊ စစ်ရေးအခြေအနေက နည်းနည်းငြိမ်နေတယ်ဆိုပေမယ့် ရန်သူ စစ်တပ်ဖက်ကတော့ အင်အား ဖြည့်နေတာတော့ ရှိနေတယ်”ဟု ပြော သည်။

ထိုသို့ စစ်ကောင်စီတပ်က သဲဖြူရွာရှိ ဘုရားတောင်ပေါ်တွင် ဝင်ရောက် တပ်စွဲထား၍ တိုက်ပွဲများထပ်မံဖြစ်ပွားလာမည်ကို စိုးရိမ်၍ သိန်ခွန်းကျေးရွာအုပ်စုရှိ ကျေးရွာများနှင့် မြန်မာ-ထိုင်း နပ်စပ် မောတောင် သွားလမ်းရှိ ကျေးရွာများမှ ဒေသခံများ ယခု ရက်ပိုင်းတွင် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံ သတင်းအရင်းမြစ်များထံမှ သိရသည်။

“ တိုက်ပွဲတော့ ဖြစ်နေတာ အခု ရက်ပိုင်း မရှိဘူး၊ ဒါပေမယ့် စစ်တပ်က အခု ရက်ပိုင်းထဲမှာ ဒေသခံ အရပ်သား တစ်ဦးကို ဖမ်းဆီးပြီး ပစ်သတ်တာမျိုးတော့ ရှိတယ်၊ ဒါကြောင့် ရွာတွေမှာ လူတွေ မနေရဲလို့ တိမ်းရှောင်နေရတယ်”ဟု သဲဖြူရွာခံ စစ်ဘေးရှောင် အသက် ၂၀ နှစ်ကျော် အမျိုးသမီး တစ်ဦးက ပြောသည်။

တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ယခင် တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးဒုက္ခသည်များ ရှိနေသည့်အပြင် မတ်လကုန်ပိုင်းမှစပြီး ယခု ဧပြီလအတွင်းအထိ ထပ်မံဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် လက်ရှိအချိန်အထိ စစ်ဘေးရှောင် ဒုက္ခသည် ၁၀,၀၀၀ ကျော်အထိ တိုးလာနေကြောင်း နွေဦးမေတ္တာ-စစ်ဘေးရှောင် ကူညီပံ့ပိုးရေး အဖွဲ့ထံမှ သိရသည်။

တနင်္သာရီမြို့နယ်သည် စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာထားသည့် ဒေသ တစ်ခု ဖြစ်ပြီး စစ်ရေးပဋိပက္ခများ ပိုမိုဖြစ်ပွားမှု မြှင့်တက်နေသည့်ဒေသလည်း ဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required