သံဖြူဇရပ်မြို့နယ် ပငကျေးရွာဗုံးပေါက်ကွဲမှုမှ ဖမ်းဆီးခံရသူ ၂ ဦး အသတ်ခံရ

By ဂျူချန်း (မဇ္ဈိမ)
19 April 2023
သံဖြူဇရပ်မြို့နယ် ပငကျေးရွာဗုံးပေါက်ကွဲမှုမှ ဖမ်းဆီးခံရသူ ၂ ဦး အသတ်ခံရ

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ပငကျေးရွာရှိ ရွာလယ်လမ်းမပေါ်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ ရာ အနီးဝန်းကျင်မှ သံသယရှိသူလူငယ်နှစ်ဦးအား စစ်ကောင်စီတပ်မှ ဖမ်းဆီးခေါ်ဆောင်သွားပြီး ပစ်သတ် ခဲ့ကြောင်း သိရသည်။

မြန်မာနှစ်ဆန်းတစ်ရက် ဧပြီလ ၁၇ ရက်နေ့ မွန်းလွဲ ၂ နာရီကျော်ခန့်တွင် ပငကျေးရွာ ရွာလယ်လမ်းမပေါ် ၌ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။ ပေါက်ကွဲမှုကြောင့် အနီးအနားနေအိမ်များတွင် မှန်ကွဲထွက်ပြီး အနီးတွင် ရှိနေသည့် လူငယ်တစ်ဦး ပွန်းပဲ့ဒဏ်ရာရရှိခဲ့သည်။ အဆိုပါဒဏ်ရာရလူငယ်အား မသင်္ကာသူအဖြစ်ဖမ်း ဆီးခဲ့ပြီး ၎င်း၏အဖော်ဖြစ်သူကိုလည်း ဖမ်းဆီးခဲ့ကြောင်း ဒေသခံများမှ သိရသည်။

“ရွာလယ်မှာကြီး တစ်ခါတည်းမိသွားတာ။ နောက်တစ်ယောက်က ရွာအထွက်မှာ စောင့်နေတာ။ ဒီရွာက တော့ မဟုတ်ဘူး” ဟု ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။ 

အဆိုပါ ဖမ်းဆီးခံရသူနှစ်ဦးသည် ထွက်ပြေးသဖြင့် စစ်ကောင်စီတပ်မှပစ်သတ်ခဲ့ပြီး ၎င်းတို့၏အလောင်း များအား သံဖြူဇရပ်မြို့နယ်၊ ဝဲကလိကျေးရွာသုဿာန်၌ သင်္ဂြိုလ်ခဲ့ကြောင်း စစ်ကောင်စီဝါဒဖြန့် တယ်လီ ဂရမ်ချန်နယ်များတွင် ဖော်ပြထားသည်။

မွန်ပြည်နယ်တွင် နှစ်ဆန်းတစ်ရက်နေ့အထိ ရေကစားကြလေ့ရှိရာ ဗုံးပေါက်ကွဲမှုဖြစ်သည့်အချိန်က သီချင်းသံများဖြင့် ဆူညံနေသောကြောင့် အများစုက အဆိုပါဖြစ်စဉ်အား မသိလိုက်ကြကြောင်း ဆိုသည်။

ဖမ်းဆီးခံရသူနှစ်ဦးမှာ ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ တလက်ခွကျေးရွာနေ အာကာမင်းနှင့် ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်နေ အောင်မျိုးထက်တို့ဖြစ်ပြီး KNLA တပ်မဟာ(၆)၊ ရင်း(၁၆)မှ ဒုခွဲမှူးအဆင့်ရှိ ချနေလား၏ ခိုင်းစေချက်ဖြစ်ကြောင်း စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ် Aerial (Myanmar Update News) တွင်ဖော်ပြထားသော်လည်း မည်သည့်တော်လှန်ရေးအဖွဲ့အစည်းကမှ ထုတ်ပြန်ခြင်း မရှိ သေးပေ။

မွန်ပြည်နယ် သံဖြူဇရပ်မြို့ စစ်သင်္ချိုင်းရှေ့နှင့် သင်္ကြန်မဏ္ဍပ်အနီးတွင်လည်း သင်္ကြန်အကျနေ့ဖြစ်သည့် ဧပြီလ ၁၄ ရက်နေ့က မိုင်းဖောက်ခွဲခြင်းခံခဲ့ရပြီး သံသယရှိလူငယ်သုံးဦး ဖမ်းဆီးခံခဲ့ရသေးသည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly