ရေးမြို့မရဲစခန်းအား ရေးဘီလူးအဖွဲ့ ၄၀မမ ဖြင့် ပစ်ခတ်

By ဂျူချန်း (မဇ္ဈိမ)
19 April 2023
ရေးမြို့မရဲစခန်းအား ရေးဘီလူးအဖွဲ့ ၄၀မမ ဖြင့် ပစ်ခတ်

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ မြို့မရဲစခန်းအား ရေးဘီလူးအဖွဲ့က ၄၀ မမ ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ်ခဲ့ကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်ထံက သိရသည်။

ရေးမြို့လယ်ခေါင်တွင်ရှိသည့် ထိုရဲစခန်းအား ရေးဘီလူးအဖွဲ့က ဧပြီလ ၁၇ ရက်နေ့ နံနက် ၈နာရီဝန်းကျင်တွင် ၄၀မမ ဗုံးသီးတစ်လုံး ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး အထိအခိုက်ရှိနိုင်သော်လည်း အသေးစိတ်ကို မသိကြောင်း ဆိုသည်။

“ကျနော်တို့ UG အဖွဲ့ပေါ့။ UG အဖွဲ့ဆိုတာ မြို့ထဲမှာ(လှုပ်ရှားဖို့) သီးသန့်ထားထားတဲ့ အဖွဲ့သီးသန့်ရှိတယ်ဗျ။ နှစ်ဆန်းတစ်ရက်နေ့ မနက် ၈နာရီလောက်မှာ ရေးမြို့မ ရဲစခန်းထဲကို ၄၀မမ တစ်လုံး ပစ်ခတ်ခဲ့တယ်။ အသီးကလည်း ကွဲတယ်ဆိုတော့ ထိခိုက်မှုတော့ ရှိတယ်။ အတည်တော့မပြုနိုင်ဘူး စခန်းဝန်းထဲမှာ ဖြစ်နေတော့လေ။ အပိုလည်းမပြောချင်ဘူး။ ဒါပေမဲ့ ထိခိုက်မှုတော့ ရှိတယ်။ နာရေးကားတွေ မော်လမြိုင်ဘက်တက်သွားတာကို ကျနော်တို့ သတင်းထောက်တွေက တွေ့ရတယ်” ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောသည်။

အဆိုပါ ပေါက်ကွဲမှုဖြစ်စဉ်အပြီးတွင် ရဲစခန်းတွင်းမှ သေနတ် ခုနစ်ချက်ခန့် ရမ်းသန်းပစ်ခတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“ပေါက်ကွဲပြီး ခဏအကြာမှာ ရဲစခန်းကနေ ခုနစ်ချက်လောက်ပစ်တယ်။ ရှင်းလင်းရေးလို့ပြောတယ်။ လူတော့ မထိဘူး။ ရမ်းသန်းပစ်တာ” ဟု ရေးမြို့မှ ဒေသခံတစ်ဦးက ပြောသည်။

ထို့နောက် ဧပြီလ ၁၇ ရက်နေ့ မွန်းလွဲပိုင်းတွင် ရေးဘီလူးထိန်းချုပ်ထားသည့် ကျုံလောင်းရွာဟောင်းသို့ စစ်ကောင်စီတပ် လာမည်ဟု သတင်းရသဖြင့် နယ်မြေရှင်းလင်းရေး လုပ်ခဲ့ပြီး ကျုံလောင်းရွာဟောင်းမှ စစ်ကောင်စီ အုပ်ချုပ်ရေးမှူးရုံးရှိ စာရွက်စာတမ်းများအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောသည်။

“ကျုံလောင်းရွာဟောင်းကို သင်္ကြန်အကြတ်နေ့ကတည်းက စစ်ကောင်စီ ၄၀ ကျော်ကျော်လောက်တက်လာတဲ့ စစ်ကြောင်းကို ကျနော်တို့ လိုက်ဖျက်ပိတ်တယ်။ ကျနော်တို့ ဆင်းသွားတဲ့သတင်းကို ရတော့ သူတို့ ချက်ချင်း ပြန်လှည့်ဆင်းသွားတယ်။ အဲ့ဒါနဲ့ပတ်သက်ပြီး ကျနော်တို့ နယ်မြေရှင်းလင်းရေးလုပ်တယ်။ ပြည်သူတွေနဲ့ တွေ့ဆုံတယ်။ ရွာနယ်နိမိတ်တွေကို ပြန်ကပ်တယ်။ အုပ်ချုပ်ရေးမှူးရုံးက စစ်ကောင်စီလက်ထက်ရှိနေတဲ့ စာရွက်စာတမ်းကို လည်း မီးရှို့ခဲ့တယ်။ ရွာဟောင်းမှာ ရှိနေတဲ့ ယန္တရားမှန်သမျှ လည်ပတ်မှုမပေးဘူး”  ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောသည်။

ရေးဘီလူးအဖွဲ့သည် ရေးမြို့နယ်ရှိ စစ်ကောင်စီဒေါက်တိုင်များအား မကြာခဏ ပစ်ခတ်ရှင်းလင်းနေသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး လွန်ခဲ့သည့် ဧပြီလ ၁၂ ရက်နေ့တွင် ကျည်ဆန် ၁၀,၀၀၀ ရရှိရန် စုဆောင်းနေကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်၏ လူမှုကွန်ယက် စာမျက်နှာတွင် ဖော်ပြထားသည်။

စာတည်း။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly