သထုံမြို့ အမြှောက်တပ်ရင်းမှ ဗိုလ်ကြီးအဆင့်ရှိသူကို ခရီးသည်ယာဉ်ပေါ်တွင်အရပ်ဝတ်ဖြင့်ဖမ်းမိ

By ရောင်နီ (မဇ္ဈိမ)
18 April 2023
သထုံမြို့ အမြှောက်တပ်ရင်းမှ ဗိုလ်ကြီးအဆင့်ရှိသူကို ခရီးသည်ယာဉ်ပေါ်တွင်အရပ်ဝတ်ဖြင့်ဖမ်းမိ

သထုံမြို့ အမြှောက်တပ်ရင်းမှ ဗိုလ်ကြီးအဆင့်ရှိသူကို အရပ်ဖက်သုံးခရီးသည်တင် ယာဉ်ငယ်ပေါ်တွင် အရပ်ဝတ်ဖြင့် ဖမ်းဆီးရမိခဲ့ကြောင်း ဒေသခံပြည်သူ့ကာကွယ်ရေး (UG) အဖွဲ့မှ ရဲဘော်တစ်ဦးက သတင်းပေးပို့သည်။

မွန်ပြည်နယ် ၊ ဘီးလင်းမြို့အနီးရှိ ရန်ကုန်-မော်လမြိုင် ကားလမ်းမပေါ်တွင် ဖြတ်သန်းလာသည့် ခရီးသည်ယာဉ်ငယ်တစ်စီးကို လမ်းတစ်နေရာ၌ ဧပြီလ ၁၂ ရက်နေ့ ညနေပိုင်းတွင် သတင်းအရ စစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

“ ခရီးသည်ယာဉ်ငယ် ကို သတင်းအတိအကျရလို့ တားစစ်တာ။ သူ့ကို မသင်္ကာလို့ ကားပေါ်ကနေ ဆင်းပြီး ဖမ်းဆီးစစ်ဆေးမှုတွေ လုပ်ခဲ့တာ ဖြစ်ပါတယ်။ သူလည်း အဲ့အချိန်မှာ အမှန်အတိုင်း ပဲ ဖြေပေးခဲ့ပါတယ်။ ကားတွေနဲ့ အရပ်သားတွေကို ခဏဆင်းခိုင်းပြီး ပြန်လွှတ်လိုက်ပါတယ်။ ” ဟု ဒေသကာကွယ်ရေးတပ် တာဝန်ရှိသူက မဇ္စျိမကို ပြောသည်။

ဖမ်းဆီးရမိခဲ့သည့် စစ်ကောင်စီတပ်သားကို စစ်ဆေးရာမှ ၎င်းသည်စစ်ကောင်စီလက်အောက်ခံ သထုံမြို့ အမြှောက်တပ်ရင်း (၂၀၂)မှ တပ်ခွဲမှူးအဆင့်ရှိသူ ဗိုလ်မှူး/ဗိုလ်ကြီး အေးမင်းဦး (ကြည်း ၄၇၈၆၇) ဖြစ်ကြောင်း သိရကြောင်းဆိုသည်။

ထွက်ဆိုချက်အရဆိုပါက ဖမ်းဆီးရမိခဲ့သည့် စစ်ကောင်စီတပ်သားသည် နေပြည်တော်တွင် တာဝန်ဖြင့် သင်တန်းတက်ရောက်ပြီးနောက် ၄င်း တာဝန်ထမ်းဆောင်သည့် တပ်ရင်းသို့အပြန် ကာကွယ်ရေးတပ်၏ ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။

စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ဒေသကာကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီးချုပ်နှောင်ထားစဉ် ယင်းနေ့ ညပိုင်းအချိန်တွင် အိမ်သာတက်ရန်အကြောင်းပြကာထွက်ပြေးရာမှ ကာကွယ်ရေးတပ်ဖွဲ့က ပြန်လည်ပစ်ခတ်ဖမ်းဆီးခဲ့ရာမှ သေဆုံးသွားခဲ့ကြောင်းသိရသည်။

စာတည်း ။ ။Alden

#သထုံမြို့

#အမြှောက်တပ်ရင်း

#ခရီးသည်တင်ယာဉ်

#ဗိုလ်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly