စစ်တပ်စစ်ကြောင်းထိုးဝင်လာလို့ ခင်ဦးအနောက်ခြမ်းရွာ ၈ ရွာက အရပ်သား ၂,၅၀၀ ကျော် နေရပ်စွန့်ထွက်ပြေး နေရဟုဆို

By 007 (မဇ္စျိမ)
18 April 2023
စစ်တပ်စစ်ကြောင်းထိုးဝင်လာလို့ ခင်ဦးအနောက်ခြမ်းရွာ ၈ ရွာက အရပ်သား ၂,၅၀၀ ကျော် နေရပ်စွန့်ထွက်ပြေး နေရဟုဆို

ခင်ဦးမြို့နယ်အနောက်ခြမ်းကျေးရွာများအား၊ စစ်ကောင်စီတပ်က၊ ယနေ့နံနက်ပိုင်းတွင် လက်နက်ကြီးများပစ်ပြီး စစ်ကြောင်းထိုးဝင်လာသဖြင့်၊ အပြစ်မဲ့အရပ်သားပြည်သူ ၂,၅၀၀ ကျော် နေရပ်စွန့်ခွာထွက်ပြေးနေကြရကြောင်း သတင်းရရှိသည်။

“ရေဦးဘက်ကနေ မူးတံတားကိုဖြတ်ပြီး စစ်ကြောင်းထိုးဝင်လာတာ၊ လက်နက်ကြီးတွေနဲ့ပါ ခြောက်လှန့်ပစ်ခတ်တော့၊ အဲဒီဘက်ရွာ ရှစ်ရွာလောက်ကလူတွေ၊ လက်လှမ်းမီသလောက် အထုပ်လေးတွေဆွဲပြီး ထွက်ပြေးကြတယ်၊ အများစုက တောထဲစစ်ရှောင်စခန်းတွေဆီပြေးကြတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ရေဦးမြို့တိုင်းရင်းဆေးရုံတွင်တပ်စွဲထားသော၊ အင်အား ၈၀ ကျော်ရှိသည့်စစ်ကောင်စီတပ်ဖွဲ့သည်၊ ယနေ့ဧပြီ ၁၈ ရက်နံနက် ၆ နာရီဝန်းကျင်ခန့်က၊ မူးမြစ်ကူးတံတားအားဖြတ်ကျော်ပြီး၊ ခင်ဦးမြို့နယ်အနောက်ခြမ်း ကျေးရွာများသို့ ခြေလျင်စစ်ကြောင်းဖြင့် စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်း သိရသည်။

“အရပ်ဝတ်ပျူတွေလည်းပါတယ်၊ မြကန်(ကျေးရွာ)တုန်းကလို ရွာမီးရှို့ပြီးသတ်ဖြတ်ခံရမှာကြောက်လို့ ထွက်ပြေး လာတာ” ဟု စစ်ဘေးရှောင်တစ်ဦးက ဆိုသည်။

ခင်ဦးမြို့နယ် အင်းပတ်ကွေ့စျေးအတွင်း အထိုင်ချတပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့သည်၊ မတ်လ ၂၃ ရက်နေ့ကလည်း၊ ခင်ဦးအနောက်ခြမ်းကျေးရွာတစ်ရွာဖြစ်သော မြကန်ကျေးရွာကို စစ်ကြောင်းထိုးဝင်ပြီး အသက် ၆၀ ကျော်အရွယ် အမျိုးသားကြီးတစ်ဦးကို ဖမ်းဆီးသတ်ဖြတ်ကာ နေအိမ် ငါးလုံးထက်မနည်းကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။

လက်ရှိတွင်လည်း စစ်ကြောင်းထိုးဝင်လာသော စစ်ကောင်စီတပ်ဖွဲ့သည်၊ အင်းပတ်ကွေ့ အင်တိုင်းတောင်ရွာအနီးတွင်၊ တပ်စွဲလိုက်သဖြင့်၊ ချမ်းသာကုန်း အင်တိုင်းတောင်ရွာနှင့်မြောက်ရွာ၊ ရွာသစ်ကုန်း အင်းပတ် သရက်ပင်စု မကျီးအုပ် မြင်းဒေါင်းစသည့် အနောက်ခြမ်းကျေးရွာ ရှစ်ရွာက အရပ်သား ပြည်သူ ၂,၅၀၀ ကျော် နေရပ်စွန့်ခွာထွက်ပြေးနေကြရခြင်းဖြစ်ကြောင်းလည်း ဒေသတွင်းသတင်းများက ဆိုသည်။

စစ်ကိုင်းတိုင်းဒေသကြီး ရေဦးနှင့်ခင်ဦးမြို့နယ်အစပ်ကြားကျေးရွာများတွင် အထိုင်ချတပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့သည် အနီးဝန်းကျင်ကျေးရွာများအား တစ်လလျှင် နှစ်ကြိမ်ခန့် စစ်ကြောင်းထိုးဝင်ပြီး ရိက္ခာရှာ ထွက်လေ့ရှိကြောင်း သိရသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း၊ ခင်ဦးမြို့နယ်ကျေးရွာ ၆၈ ရွာက၊ အရပ်သားနေအိမ် ၄,၁၇၆ လုံး မီးရှို့ဖျက်ဆီးခံထားရကြောင်း ဒေသတွင်းသတင်းများ စုဆောင်းတင်ပြပေးနေသည့် ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက ဖော်ပြသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#ခင်ဦးမြို့နယ်

#လက်နက်ကြီး

#စစ်ကြောင်းထိုး

#စစ်ရှောင်စခန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly