ဆိုးဆိုးဝါးဝါး လျှပ်စစ်မီး ပြတ်တောက်ခြင်းကြောင့် အသေးစားနှင့် အလတ်စားလုပ်ငန်းများ အရှုံးပေါ် 

ဆိုးဆိုးဝါးဝါး လျှပ်စစ်မီး ပြတ်တောက်ခြင်းကြောင့် အသေးစားနှင့် အလတ်စားလုပ်ငန်းများ အရှုံးပေါ် 

ပြည်တွင်း၌ နွေရာသီအစမှ စတင်ကာ လျှပ်စစ်မီးပြတ်တောက်မှုများ များပြားလျက်ရှိကာ ရလဒ်အဖြစ် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများသည် ဘဏ္ဍာရေးအရှုံးပေါ်မှုအပါအဝင် အခက်အခဲများနှင့် ရင်ဆိုင်နေကြရကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။ 

ရန်ကုန်နှင့် မန္တလေးကဲ့သို့သော မြို့ကြီးများမှာပင် လျှပ်စစ်မီးသည် တစ်နေ့ ခြောက်နာရီပင် အပြည့် မရရှိဘဲ ရှိနေသည်။ 

ဆိုးဆိုးဝါးဝါး လျှပ်စစ်မီး ပြတ်တောက်ခြင်းကြောင့် လုပ်ငန်း၏ ဝင်ငွေနှင့် ကုန်ကျစရိတ်သည် ဟန်ချက်မညီ ဖြစ်ရပြီး သိပ်မကြာခင် ဆိုင်ပိတ်ရမည်ကို စိုးရိမ်နေရကြောင်း မန္တလေးမှ အလှပြင်ဆိုင် ပိုင်ရှင်တစ်ဦးက မဇ္ဈိမသို့ ပြောသည်။  

“အခုနေ ကျွန်မတို့ တစ်နေ့ကို မီးက တစ်နာရီ၊ နှစ်နာရီလောက်ပဲ ရတယ်၊ ဒါကြောင့် ဆိုင်ကို ကောင်းကောင်းမဖွင့်နိုင်ဘူး၊ ကျွန်မ လုပ်ငန်းက အလှပြင်ဆိုင်လေ၊ မီးစက်နဲ့ ဖွင့်ရမလို ဖြစ်နေတယ်၊ ဒါပေမဲ့ ဆီဈေးကလည်း အရမ်း ဈေးကြီးနေတယ်၊ ဒါကြောင့် အမြတ်ရှိမှာ မဟုတ်ဘူး၊ ဝင်ငွေနဲ့ ကုန်ကျစရိတ် မမျှဘူး ဖြစ်နေတယ်” ၎င်းက ပြောသည်။ “မီးစက်မီးနဲ့ ဖွင့်မယ်ဆို ကာမိအောင် အလှပြင်ခ တိုးကောက်ရလိမ့်မယ်၊ ဒီလို ဈေးတက်မယ်ဆို ဖောက်သည်တော်တော်များများက တတ်နိုင်တော့မှာ မဟုတ်ဘူး”ဟု ၎င်းက ဆိုသည်။ 

“ကျွန်မကတော့ မြှုပ်နှံလုပ်ကိုင်နေတာကို အဆုံးသတ်ရတော့မှာပဲ၊ နောက်ထပ်လည်း အကုန်အကျ မခံနိုင်တော့ဘူး၊ ဒါကြောင့် ဆိုင်ကို ပိတ်ရတော့မှာ စိုးရိမ်မိတယ်”ဟု ၎င်းက ရှင်းပြသည်။ 

လက်ရှိ မြန်မာတွင် ရင်ဆိုင်နေရသော အကြီးမားဆုံး စိန်ခေါ်မှုက လျှပ်စစ်မီး လိုအပ်ချက်ပင်ဖြစ်ကြောင်း စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က အလေးထား ပြောခဲ့သည်ဟု ဧပြီ ၆ ရက်ထုတ် စစ်ကောင်စီ ထိန်းချုပ်သော မီဒီယာများက ဖော်ပြသည်။ လျှပ်စစ်မီး အလှည့်ကျ ဖြန့်ဖြူးနေခြင်းနှင့် ချွေချွေတာတာ သုံးစွဲရေးကို နားလည်းသဘောပေါက်ရန် ပြည်သူများအား ၎င်းက တိုက်တွန်းသည်။ 

ပြည်ပသို့ ကုန်စည်ပစ္စည်းများ ပို့ဆောင်ရသည့် အသေးစား လုပ်ငန်းရှင်တစ်ဦးကလည်း “ကျွန်တော့် ကုန်စည်တွေ ထိန်းသိမ်းဖို့ လျှပ်စစ်မီး လိုပါတယ်၊ ပြည်ပတစ်နိုင်ငံဆီ ပို့ဆောင်တဲ့ ကုန်စည်တွေ ပျက်စီးခဲ့မယ်ဆို ကျွန်တော်တို့ ဖောက်သည် ဆုံးရှုံးရမှာ ဖြစ်တယ်၊ ကျွန်တော်က အစပျိုး လုပ်ငန်းမို့ မီးစက်သုံးနိုင်ဖို့လည်း မရှိဘူး၊ လျှပ်စစ်မီး မရတာက ပြဿနာ တော်တော်တက်ရတယ်”ဟု ၎င်းက ပြောသည်။ 

ပဲခူးတိုင်းက လျှပ်စစ် ဓာတ်ခွဲရုံတစ်ခုအား PDF’s ၏ ဒရုန်းဖြင့် တိုက်ခိုက်မှု၌ လျှပ်စစ်ဝန်ထမ်းတစ်ဦး သေဆုံးပြီး အခြားသူ နှစ်ဦး ဒဏ်ရာရကြောင်း စစ်ကောင်စီ၏ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနက ဧပြီ ၄ ရက် ညပိုင်းတွင် ကြေညာသည်။ ၂၀၂၁ မှစတင်ပြီး လျှပ်စစ်ဓာတ်အားပေး စက်ရုံများ၊ ဓာတ်အားလိုင်းများနှင့် ဓာတ်အားခွဲရုံများ အကြိမ် ၂၂၉ ကြိမ် ပစ်မှတ်ထား ဖျက်ဆီးခံရသည်ဟု စစ်ကောင်စီ သတင်းစာများက ဖော်ပြသည်။ 

လက်ရှိ ဆိုးဆိုးဝါးဝါး လျှပ်စစ်မီး ပြတ်တောက်မှုများ၏ အဓိက အကြောင်းရင်းမှာ နွေရာသီ၌ ရေအားလျှပ်စစ် ထုတ်လုပ်မှု ကျဆင်းခြင်းနှင့် လျှပ်စစ်တာဝါတိုင်များ ပျက်စီးခြင်းနှင့် ပြင်ဆင်ချိန် ယူရခြင်းတို့ကြောင့် ဖြစ်ကြောင်း နိုင်ငံပိုင် ရန်ကုန်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး ကော်ပိုရေးရှင်းက ဆိုသည်။ 

သို့ရာတွင် စစ်ကောင်စီ၏ စွပ်စွဲချက်များသည် ဘက်လိုက်ပြီး ၎င်းတို့၏ စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းများကြောင့် ဖြစ်ကာ လျှပ်စစ်မီး ပြတ်တောက်ခြင်းများသည် စစ်ကောင်စီအပေါ် လုံးလုံးတာဝန်ရှိကြောင်း ပြည်သူတစ်ဦးက ပြောဆိုသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly