NUG အနေဖြင့် “ ဝ “ ပြည်နယ်ဟု သုံးနှုန်းသင့်၍ ရေးသားခဲ့ခြင်းဟု “ဝ” တာဝန်ရှိသူပြော

By မိုးသောက် (မဇ္ဈိမ)
18 April 2023
NUG အနေဖြင့် “ ဝ “ ပြည်နယ်ဟု သုံးနှုန်းသင့်၍ ရေးသားခဲ့ခြင်းဟု “ဝ” တာဝန်ရှိသူပြော
Photo-AFP(ပုံဟောင်း)

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ ၂၀၂၃ ခုနှစ်ဧပြီလ ၁၇ ရက်နေ့တွင် ကျရောက်သည့် “ဝ” ပြည်နယ်ငြိမ်းချမ်းရေးတည်ဆောက်မှု ၃၄ နှစ်ပြည့်မြောက်နေ့သို့ ပေးပို့သော သဝဏ်လွှာတွင် “ဝ” ပြည်နယ်ဟုသုံးစွဲ၍ သဝဏ်လွှာကိုရေးသားခဲ့သည်။

ထိုသို့ NUG မှ “ဝ” ပြည်နယ်ဟုသုံးစွဲမှုအပေါ်တွင် “ဝ” ပြည် သွေးစည်း ညီညွတ်ရေးပါတီ (UWSP) လားရှိုးမြို့ ဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းက “ သုံးနှုံးသင့်သုံးနှုန်းထိုက်လို့ သုံးတယ်လို့မြင်ပါတယ်” ဟု မှတ်ချက်ပြုသည်။

သဝဏ်လွှာတွင် ယနေ့ကျရောက်သော “ဝ” ပြည်နယ်၏ ငြိမ်းချမ်းရေးတည်ဆောက်မှု ၃၄ နှစ်မြောက်နေ့ တွင် “ဝ”အမျိုးသားပြည်သူလူထုတစ်ရပ်လုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာ ကြပါစေ ဟု ဆုတောင်းထားသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်က သဝဏ်လွှာမှာလည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သည် “ဝ” ပြည်နယ်ဟု ရေးသားသုံးစွဲခဲ့သည်။

အဆိုပါ ကိစ္စရပ်အပေါ် NUG ၏ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က “ဒီလိုကိစ္စတွေဟာ အသွင်ကူးပြောင်းရေး ကာလမှသာလျှင် သက်ဆိုင်ရာ ဒေသက တိုင်းရင်းသားပြည်သူလူထုနဲ့ Stakeholder တွေ တိုင်ပင်ဆွေးနွေးညှိနှိုင်းပြီးမှသာ လုပ်ကိုင်ဆောင်ရွက်ရမယ့် ကိစ္စတွေဖြစ်ပါတယ် ” ဟု မှတ်ချက်ပြုသည်။

ထို့အပြင် NUG အနေဖြင့် ပြည်နယ်ကို သတ်မှတ်ပေးခြင်းမျိုးမဟုတ်ကြောင်းနှင့် ကြားကာလအစိုးရ ဖြစ်သည့်အတွက် ပြည်နယ်များသတ်မှတ်ခြင်းကိစ္စကို ဆုံးဖြတ်ပိုင်ခွင့်မရှိကြောင်းလည်း ၎င်းက ဆိုသည်။

"ဝ"တပ်ဖွဲ့သည် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ထံမှ အာဏာသိမ်းယူခဲ့ပြီးနောက် ၁၉၈၉ ခုနှစ် ဧပြီ ၁၇ ရက်တွင် “ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီ (United Wa State Party -UWSP) ကို ထူထောင်ကာ အပစ်အခတ်ရပ်စဲခဲ့သည်။

စစ်တပ်မှရေးဆွဲသည့် ၂၀၀၈ ခုနှစ်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် “ဝ” ကို ရှမ်းပြည်နယ်၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် သတ်မှတ်ထားပြီး ဟိုပန်မြို့နယ်၊ မိုင်းမောမြို့နယ်၊ ပိုင်ဝိုင်မြို့နယ်၊ နားဖန်မြို့နယ်၊ မက်မန်းမြို့နယ်နှင့် ပန်ဆန်း(ပန်းခမ်း) မြို့နယ်တို့ ပါဝင်သည်။

“ဝ” ပြည်နယ်သတ်မှတ်‌ရေးသည် ၎င်းတို့၏နိုင်ငံရေးဦးတည်ချက်ဖြစ်ကြောင်း ဦးညီရမ်းက ပြီးခဲ့သည့်နှစ် အတွင်းက မဇ္ဈိမသို့ပြောကြားခဲ့သည်။

“ဝ” အဖွဲ့သည့် စစ်ကောင်စီနှင့်ငြိမ်းချမ်း‌ရေးဆွေးနွေးပွဲများတွင် ဝင်ရောက်ဆွေးနွေးနေသည့် အဖွဲ့တစ်ခုဖြစ်ပြီး စစ်ကောင်စီမှ ပြည်နယ်သတ်မှတ်‌ရေးကိုမူအားဖြင့် သဘောတူထားသည်ဟု သိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်လည်း “ဝ” ကို အသိအမှတ်ပြုလေးစားသည့်အတွက် “ဝ”ပြည်နယ်ဟု သုံးစွဲခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

“ NUG အနေနဲ့က ဖက်ဒရယ်ဒီမိုကရေစီ စနစ်ကို ယုံကြည်လက်ခံတဲ့အတွက် တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အသိအမှတ်ပြုလေးစားပါတယ် ”ဟု ဦးနေဘုန်းလတ်က ပြောသည်။

NUG၏သဝဏ်လွှာတွင် “ဝ” ပြည်နယ်၏ ရရှိပြီးသော တည်ငြိမ်အေးချမ်းမှု၊ ဒေသဖွံဖြိုးမှု၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုများကို ဆက်လက်ခိုင်မာ မြင့်မားတိုးတက်စေရန်အတွက် “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ၊ “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်၊ “ဝ” ပြည်နယ် ပြည်သူ့အစိုးရတို့သည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များနှင့်အညီ ဦးဆောင်ကြိုးပမ်း ဆောင်ရွက်နိုင်ပါစေရန်နှင့် အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို အတူတကွ လက်တွဲပုံဖော် တည်ထောင်ကြ ရန်တိုက်တွန်းနှိုးဆော်ထားသည်။

စာတည်း ။။ Alden

စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#ဝ_ပြည်နယ်

#UWSP

#NUG

#ပြည်နယ်သတ်မှတ်ရေး

#သဝဏ်လွှာ

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly