မိုးကုတ်ဒေသတပ်ရင်းတပ်ဖွဲ့များအား NUG မှ လက်နက်တပ်ဆင်

By ရွှေနွယ် (မဇ္ဈိမ)
18 April 2023
မိုးကုတ်ဒေသတပ်ရင်းတပ်ဖွဲ့များအား NUG မှ လက်နက်တပ်ဆင်

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ကာကွယ်ရေးဝန်ကြီးဌာန(MOD)က မိုးကုတ်ဒေသရှိ ပြည်သူ့ကာကွယ်ရေးတပ်ရင်းတပ်ဖွဲ့များအား ဧပြီလ ၁၆ ရက်နေ့တွင် လက်နက်တပ်ဆင်ပေးခဲ့ကြောင်း ဧပြီလ ၁၇ ရက်နေ့က ထုတ်ပြန်ထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ် မတော် (PDF)၏ တပ်ရင်းတပ်ဖွဲ့များအား လက်နက်တပ်ဆင်ခြင်းကို လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ တပ်ဆင်ပေးအပ်လျက်ရှိကြောင်းနှင့် လက်နက်တပ်ဆင်မှုများအား ဆက်လက်အရှိန်မြှင့်သွားမည်ဖြစ် ကြောင်းလည်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ လက်နက်တပ်ဆင်ပေးသည့် ကိစ္စရပ်နှင့်ပတ်သက်၍ မိုးကုတ်ဗျူဟာတပ်ရင်းတပ်ဖွဲ့များအနေဖြင့် အတိုင်းမသိဝမ်းမြောက်ကြောင်း မိုးကုတ်ဗျူဟာ တပ်ရင်း 1221 မှ တပ်ထောက်ဗိုလ်တစ်ဦးက မဇ္ဈိမကို ပြောသည်။

“အခုလို လက်နက်တပ်ဆင်ပေးတာနဲ့ပတ်သက်ပြီး ဝမ်းမြောက်ဝမ်းသာဖြစ်ရပါတယ်။ အချိန်ကာလ တစ် ခုကြာတဲ့အထိ ကျွန်တော်တို့အနေနဲ့လည်း စောင့်ဆိုင်းပေးခဲ့တယ်။ MOD ဘက်ကလည်း အများကြီး ကြိုး စားပေးနေပါတယ်၊ ကျွန်တော်တို့အနေနဲ့ကတော့ တစ်လက်ရရ၊ နှစ်လက်ရရ ဒီလိုရလာတဲ့အပေါ်မှာ ဝမ်း မြောက်မိပါတယ်” ဟု တပ်ထောက်ဗိုလ်မှ ပြောသည်။

NUG ၏ MOD အနေဖြင့် ယခုထောက်ပံ့ပေးသောလက်နက်များသည် မိုးကုတ်ဗျူဟာတပ်ရင်း (၃) အတွက် ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း သိရသည်။

မိုးကုတ်ဒေသကာကွယ်ရေးတပ်ဖွဲ့ မိုးကုတ်ဗျူဟာတပ်ရင်းများအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနနှင့် လက်တွဲဆောင်ရွက်ခဲ့သည်မှာ တစ်နှစ်ကျော်ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း တပ် ထောက်ဗိုလ်၏ ပြောပြချက်အရ သိရသည်။

“ကျွန်တော်တို့က အာဏာသိမ်းပြီးစ ၂၀၂၁ ဧပြီလကစပြီး တပ်ရင်းတပ်ခွဲနာမည် တပ်မခံရခင်ကတည်းက ကိုယ့်ဘာသာ သင်တန်းတက်ကြ စုဆောင်းဖွဲ့စည်းခဲ့ကြတာပါ။ အခက်အခဲတွေလည်း ရှိခဲ့ပါတယ်။ NUG နဲ့လက်တွဲဆောင်ရွက်ခဲ့တာတော့ တစ်နှစ်ကျော်ကြာပါပြီ၊ လက်တွဲဆောင်ရွက်ပြီးနောက်မှာတော့ ရိက္ခာ အရဖြစ်စေ လက်နက်အင်အားအရဖြစ်စေ အပြည့်အဝမဟုတ်တောင် အထိုက်အလျောက်ရလာပါတယ်” ဟု တပ်ရင်း1221 မှ တပ်ထောက်ဗိုလ်က ရှင်းလင်းပြောပြသည်။

NUG ၏ MOD နှင့် လက်တွဲဆောင်ရွက်ပြီးနောက်တွင် မိုးကုတ်ဗျူဟာအနေဖြင့် မိုးကုတ်၊ စဉ့်ကူး၊ သပိတ် ကျင်းနှင့် နောင်ချိုတို့ပါဝင်သည့် တပ်ရင်း 1221 ၊ 1222 နှင့် 1223 တပ်ရင်းနံပါတ်များဖြင့် ဆောင်ရွက်လာ ခြင်းဖြစ်သည်ဟု ဆိုသည်။

မိုးကုတ်ဗျူဟာတပ်ရင်းတပ်ဖွဲ့များအနေဖြင့် မိုးကုတ်၊ မိုးမိတ်ဒေသတွင်း စစ်ကောင်စီ၏ တပ်စခန်းများ တပ်ရင်းတပ်မများအား ရင်ဆိုင်တိုက်ခိုက်လျက်ရှိပြီး ၎င်းတို့အနေဖြင့် တတ်အားသ၍ ကြိုးစားအားထုတ် နေကာ မပြည့်စုံမှုများစွာဖြင့် ခိုင်မာသောတပ်ရင်းတပ်ဖွဲ့များဖြစ်လာသည်အထိ ရပ်တည်ကြိုးစားနေ ကြောင်းနှင့် ပြည်သူ့အားပေးထောက်ပံ့မှုများဖြင့် နောက်မဆုတ်တန်း ဆက်လက်ကြိုးစားသွားမည်ဖြစ် ကြောင်း ပြည်သူအား အသိပေးစကားဆိုသည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

#NUG

#MOD

#မိုးကုတ်ဒေသတပ်ရင်းတပ်ဖွဲ့များ

#လက်နက်တပ်ဆင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly