မြင်းမူတွင် ဘီယာဆိုင်ထိုင်နေသော စစ်ကောင်စီတပ်သားများ လက်ပစ်မိုင်းဖြင့် ပစ်ခတ်ခံရ ထိခိုက်သေဆုံးမှုရှိနိုင်ဟုဆို

By ကိုခင်မောင်(မဇ္ဈိမ)
18 April 2023
မြင်းမူတွင် ဘီယာဆိုင်ထိုင်နေသော စစ်ကောင်စီတပ်သားများ လက်ပစ်မိုင်းဖြင့် ပစ်ခတ်ခံရ ထိခိုက်သေဆုံးမှုရှိနိုင်ဟုဆို

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့၊ မြို့ရှောင်လမ်း ရေဦးဆီဆိုင်အနီးတွင် ဘီယာထိုင်သောက်နေသာ စစ်ကောင်စီတပ်သားများကို အနီးကပ် လက်ပစ်မိုင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်ဒဏ်ရာရသူများရှိနိုင်ကြောင်း True Fighter အဖွဲ့ထံမှ သိရသည်။

မြင်းမူမြို့ရှောင်လမ်းရှိ ဘီယာဆိုင်တွင် လက်နက်ကိုယ်စီဖြင့် ဆက်ကြေးကောက်ပြန်လာ၍ ဘီယာထိုင်သောက်နေကြသော အင်းအား ရှစ်ယောက်ပါ စစ်ကောင်စီတပ်သားများကို ဧပြီလ ၁၆ရက် ညနေ ၄နာရီ ၅၇မိနစ်ခန့်အချိန်တွင် ဒေသအခေါ် လျက်ဆားပုလင်း(လက်ပစ်မိုင်း)တစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“အပေါ်က အင်္ကျီအဖြူ ကွန်မန်ဒိုဘောင်းဘီ ပုံစံတွေနဲ့ ဆက်ကြေးကောက်ပြီးအပြန် ဘီယာဆိုင်ထိုင်နေတုန်း ဝင်ပစ်ခဲ့တာ။ လျက်ဆားပုလင်း(လက်ပစ်မိုင်း)က သူတို့အနားကျတယ်။ သေဆုံးမှုရှိနိုင်တယ် အထိခိုက်လည်းများတယ်” True Fighter အဖွဲ့မှ တာဝန်ရှိသူ ဗိုလ်ပျံလွှားက မဇ္ဈိမသို့ပြောသည်။

မိုင်းပေါက်ကွဲသံကြောင့် ကင်းပုန်းဝပ်နေသော တခြားစစ်ကောင်စီတပ်သားများက ရောက်လာ၍ ဒေသကာကွယ်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့သည်ဟု ၎င်းကဆိုသည်။

“ခွေးထိခိုက်သေဆုံးရှိတယ် အတိအကျတော့ စုံစမ်းဆဲပါ။ ဒီကောင်တွေက ဂမ်း(သေနတ်)ကိုယ်စီပါတယ်။ သူတို့ဘက်က လဲတာနဲ့ မှောက်တာနဲ့ ပြန်မပစ်နိုင်ခဲ့ဘူးဗျ။” ဟုလည်း ဗိုလ်ပျံလွှားက ဆက်ပြောသည်။

ဒေသကာကွယ်ရေးရဲဘော်များ ပြန်လည်ဆုတ်ခွာချိန်တွင် ဆိုင်ကယ်စက်နှိုးချိန်ပင်မရသဖြင့် ခြေလျင်ဖြင့်ပြန်ဆုတ်ခဲ့ရပြီး ဆိုင်ကယ်တစ်စီး ဆုံးရှုံးခဲ့ရကြောင်းလည်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို မြင်းခြံခရိုင် တပ်ရင်း(၇) ၊ တပ်ခွဲ (၃) True Fighter မြို့ပြပြောက်ကျားတပ်ဖွဲ့နှင့် Zeroပြောက်ကျားတပ်ဖွဲ့(မြင်းခြံခရိုင် တပ်ရင်း(၇) တို့ ပူးတွဲဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

True Fighter မြို့ပြပြောက်ကျားတပ်ဖွဲ့အနေဖြင့် ယခုမစ်ရှင်အပါဝင် တိုက်ပွဲဝင်ရင်း ဆုံးရှုံးရသောဆိုင်ကယ် သုံးစီးရှိသွားပြီဖြစ်၍ ဆိုင်ကယ် ပြန်ဝယ်ယူနိုင်ရန် ကူညီထောက်ပံ့ပေးကြပါရန် မေတ္တာရပ်ခံထားသည်။

True Fighter မြို့ပြပြောက်ကျားအဖွဲ့သည် ဧပြီ ၁၄ရက်တွင် မြင်းမူ အထက(၁) ကျောင်းဝန်းအတွင်း၌ သန့်ရှင်းရေးလုပ်နေသော စစ်သားခြောက်ယောက်ခန့်ကို ကျောင်းဝန်းအပြင်မှ ဒေသအခေါ် လျက်ဆားပုလင်း(လက်ပစ်မိုင်း) တစ်လုံးဖြင့် ပစ်သွင်းတိုက်ခိုက်ခဲ့သေးသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#မြို့ပြပြောက်ကျားအဖွဲ့

#လက်ပစ်မိုင်း

#မြင်းမူမြို့

#စစ်ကောင်စီတပ်သား

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly