ဖားကန့်မြို့နယ် ဆိုင်းဖရာကျေးရွာကို စစ်ကောင်စီတပ်ကဝင်ရောက်စီးနင်းပြီး အရပ်သားများကို ဖမ်းဆီးသွား

By အဂမ် (မဇ္ဈိမ)
18 April 2023
ဖားကန့်မြို့နယ် ဆိုင်းဖရာကျေးရွာကို စစ်ကောင်စီတပ်ကဝင်ရောက်စီးနင်းပြီး အရပ်သားများကို ဖမ်းဆီးသွား

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆိုင်းဖရာကျေးရွာအား စစ်ကောင်စီတပ်ကဝင်ရောက် စီးနင်း ပြီး အရပ်သားအများစုကို ဖမ်းဆီးသွားကြောင်း ဒေသခံများကပြောကြားသည်။

ဆိုင်းဖရာကျေးရွာအား ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တပ်ဖွဲ့စိုးမိုးထားသည့် ကျေးရွာဖြစ်ကြောင်း စွပ်စွဲကာ စစ်ကောင်စီတပ်မှ ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ကြောင်း ကနဦးစုံစမ်းသိရှိရသည်။

ယနေ့ ဧပြီလ ၁၈ ရက် နံနက် ၅ နာရီဝန်းကျင်ခန့်တွင် အင်အား ၃၀ ထက်မနည်းသော စစ်ကောင်စီ စစ်ကြောင်းက ဆိုင်းဖရာကျေးရွာအတွင်းသို့ ရုတ်တရက်ဝင်လာပြီး တစ်အိမ်ဝင် တစ်အိမ်ထွက် စစ်ဆေး ကာ ဒေသခံအများစုကို ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း အမည်မဖော်လိုသည့် သတင်းရင်းမြစ်ကဆိုသည်။

“ကျနော်တောင်မှ ကျန်တဲ့သူတွေကိုအရမ်းဝင်ဖမ်းနေလို့ ရှောင်ပြေးတာကို နောက်ကနေသေနတ်နဲ့ လှမ်း ပစ်ခံရတာ ထိဖို့နည်းနည်းပဲလိုတယ်။ ရွာမှာရှိတဲ့ မိန်းကလေး ယောင်္ကျားလေး အကုန်ဖမ်းသွားတယ်။ တစ်အိမ်ဝင်တစ်အိမ်ထွက်ဖမ်းတာ။ တစ်ရွာလုံးဆိုတော့ ရာကျော်တယ်။ အခုချိန်အထိ ဘယ်ကိုခေါ်သွား တယ်လို့ပြောရခက်တယ်။ အဆက်အသွယ်လည်းမရဘူး။ သူတို့ကိုင်တဲ့ ဖုန်းတွေလည်း အကုန်သိမ်းလိုက် တယ်ဆိုတော့ အဆက်အသွယ်တွေ မရကြတော့ဘူး။ ရွာထိပ်ရောက်တော့ ကလေးပါတဲ့ ကလေးအမေ တွေနဲ့ အသက်ကြီးတဲ့အမျိုးသမီးတွေကို ပြန်ခိုင်းလိုက်တယ်။

အားသန်တဲ့သူတွေကို ဆက်ခေါ်သွားတယ်။ အဓိကတော့ ဒီရွာကို KIA က ညွှန်ကြားပြီးတော့ အုပ်ချုပ်နေတဲ့ရွာဖြစ်တယ်ဆိုပြီး ဝင်လုပ်တဲ့သဘောရှိ တယ်” ဟု ၎င်းကပြောသည်။

ဖမ်းဆီးခံရသူများနှင့် ထွက်ပြေးနေရသူများ၏အခြေအနေကို မဇ္ဈိမအနေဖြင့် အသေးစိတ်မသိရသေးဘဲ စုံစမ်းနေဆဲ ဖြစ်သည်။

ဆိုင်းဖရာကျေးရွာအား ဝင်ရောက်စီးနင်းပြီးနောက် လက်ရှိတွင် စစ်ကောင်စီစစ်ကြောင်းသည် ခွမ်စိုင်ယန် ကျေးရွာတွင်ရှိနေပြီး နန့်ယားဘက်မှတက်လာသည့် စစ်ကောင်စီတပ်ကို စောင့်နေပုံရှိကြောင်း တောထဲ သို့ပြေးပုန်းနေကြသည့် ဒေသခံအချို့က အတည်ပြုသည်။

စစ်ကောင်စီတပ်မှ ကျေးရွာအတွင်းဝင်ရောက်ဖမ်းဆီးလာမှုကို သတင်းရရှိသည့် KIA တပ်ဖွဲ့က နန့်ယား ကျေးရွာမှတက်လာသည့် စစ်ကောင်စီယာဉ်တန်းကို ဂေါလူယန်ကျေးရွာအရောက်တွင် ကြားဖြတ်မိုင်းဆွဲ တိုက်ခိုက်သည့်အတွက် စစ်ကြောင်းကားထိမှန်ကာ ရှေ့ဆက်သွားမရဘဲ တိုက်ပွဲဖြစ်ပွားနေကြောင်း KIA နှင့် နီးစပ်သူ သတင်းရင်းမြစ်ထံမှ ကနဦးစုံစမ်း သိရှိရသည်။

“လောလောဆယ်တော့ ကားတစ်စီး( ၁၂ ဘီးကား)မီးလောင်သွားတယ်။ သွားလို့မရတော့ဘူးလို့ သိထား တယ်” ဟု နီးစပ်သူက ဆိုသည်။

စစ်ကောင်စီယာဉ်တန်း အတိုက်ခိုက်ခံရသည့်အတွက် လေကြောင်းပစ်ကူများလာရောက်နိုင်ခြင်းကြောင့် အနီးအနားကျေးရွာများမှ ဒေသခံများမှာလည်း စိုးရိမ်ပြီး ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

မဇ္ဈိမအနေဖြင့် တိုက်ပွဲအခြေအနေအသေးစိတ်ကို ဆက်လက်စုံစမ်းပြီး ဖော်ပြသွားမည်ဖြစ်သည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

#ကချင်ပြည်နယ်

#ဖားကန့်မြို့နယ်

#ဆိုင်းဖရာကျေးရွာ

#စစ်ကောင်စီတပ်

#ဝင်ရောက်စီးနင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly