ဒီးမော့ဆိုမြို့နယ်တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် မကြာခဏပစ်ခတ်လေ့ရှိ

By ဂျူချန်း (မဇ္ဈိမ)
18 April 2023
ဒီးမော့ဆိုမြို့နယ်တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် မကြာခဏပစ်ခတ်လေ့ရှိ

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့ အနောက်ဘက်ခြမ်းတွင် စစ်ကောင်စီမှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ယနေ့ ဧပြီလ နံနက်စောစော ၂နာရီခန့်၌ စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

“များတော့များတယ်။ ဆယ်လုံးဝန်းကျင်လောက်တော့ ကျတာပေါ့နော်။ တိုက်ပွဲတော့ ဒီတစ်ရက်နှစ်ရက် မဖြစ်ဘူး။ တိုက်ပွဲကြီးငယ်လည်း မရှိဘူး။ ဒါပေမယ့် လက်နက်ကြီးတော့ ထုတယ်ပေါ့နော်။ ရမ်းသန်းထုတယ်ပေါ့။ ဘာကြောင့်ထုတယ်တော့ ကျနော်တို့လည်း မသိဘူး။ ကျနော်တို့ ထင်တာတော့ (၁၀၂) ကနေပဲ ထုလာတယ်ထင်တယ်။ နောက်တစ်ခုက ကားပေါ်မှာ တင်ထားတဲ့ဟာ။ ရွှေ့လျားတဲ့ဟာနဲ့ ပစ်တာ။ ဒီနှစ်ခုပဲ ကျနော်တို့ သိရတယ်ပေါ့” ဟု ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယနေ့ နံနက်တွင် ပစ်ခတ်ခဲ့သည့် လက်နက်ကြီးကျည်သည် စစ်ဘေးရှောင်စခန်းအနီးတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူတစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

“မနက်ကပစ်တာတော့ စစ်ဘေးရှောင်စခန်းနဲ့ မလှမ်းမကမ်းမှာကျတာတော့ရှိတယ်။ ဒဏ်ရာ ကြီးကြီးမားမား မရဘူး။ နည်းနည်း တစ်ယောက်ကပွန်းပဲ့လောက်ထိတယ်လို့ သတင်းရတယ်ဗျ။ ထုတာတော့ တောက်လျှောက်ပဲ။ တည့်တည့်တော့ မကျဘူး။” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီတပ်သည် ဒီးမော့ဆိုမြို့နယ်နေရာအနှံ့တွင် လက်နက်ကြီးဖြင့် မကြာခဏ ပစ်ခတ်လေ့ရှိရာ ပြီးခဲ့သည့် ဧပြီလ ၁၆ ရက်နေ့ မွန်းလွဲ ၂နာရီခန့်တွင် စစ်ကောင်စီတပ်ပစ်ခတ်ခဲ့သည့် လက်နက်ကြီးကျည်ကြောင့် ဒီးမော့ဆိုအနောက်ခြမ်းရှိ လမ်းတစ်နေရာတွင် အရပ်သားတစ်ဦး ကျည်ထိမှန်သဖြင့် စိုးရိမ်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“တစ်ရက်တစ်ကြိမ်၊ နှစ်ရက်တစ်ကြိမ်တော့ (လက်နက်ကြီး) ပုံမှန်ကျတယ်။ ဒီမနက်မတိုင်ခင် တစ်ရက်တုန်းက အသက်၄၀ အမျိုးသားတစ်ဦး ဒါလည်း စစ်ရှောင်ပဲပေါ့နော်။ စခန်းတော့မဟုတ်ဘူး။ အနားမှာ သွားလာနေတဲ့အချိန် လမ်းမှာထိတော့ ဆေးရုံကိုသွားပို့ရတယ်။ အဲ့တစ်ယောက်ကတော့ ပြင်းထန်တယ်။ ဆေးရုံတော့ မဆင်းသေးဘူး” ဟု ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်မှ တာဝန်ရှိသူက ပြောသည်။

ဒီးမော့ဆိုမြို့သို့ ပစ်ခတ်သည့် လက်နက်ကြီးများသည် အများအားဖြင့် ခလရ (၁၀၂) နှင့် ခမရ(၄၂၇) တို့ မှ ပစ်ခတ်လေ့ရှိကြောင်း ဆိုသည်။

“တစ်ခါတလေ ဖရူဆိုဘက်ကနေလာတာလည်းရှိတယ်။ လွိုင်ကော်ကနေ လာတာလည်း ရှိတယ်။ ငွေတောင်မှာ အထိုင်ချထားတဲ့ နဂိုက ရှိပြီးသားတပ် (၁၀၂) တို့ (၄၂၇) တို့ အဲ့ဒီကနေ ပစ်တာလည်း ရှိတယ်။ နောက်ပြီးတော့ တင့်ကားပေါ်မှာတင်ထားတဲ့ လက်နက်ကြီးမျိုးနဲ့ ပစ်တာလည်းရှိတယ်။ လေးငါးနေရာကနေ ဝိုင်းပစ်တာပေါ့” ဟု ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဒီးမော့ဆိုမြို့နယ် နေရာအနှံ့အပြားတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေး အင်အားစုများအကြား မကြာခဏ တိုက်ပွဲ ဖြစ်ပွားလျက်ရှိရာ ကရင်နီပြည်နယ်နှင့် ရှမ်းပြည်နယ် နယ်စပ်များတွင် ဖေဖော်ဝါရီလနှင့် မတ်လ နှစ်လတာအတွင်း ၈၂ကြိမ်ထက်မနည်း တိုက်ပွဲဖြစ်ပွားခဲ့ရာ အဆိုပါတိုက်ပွဲအကြိမ်အရေအတွက်သည် စစ်အုပ်ချုပ်ရေး မကြေညာမီ ကာလထက် သုံးဆ မြင့်တက်လာပြီး ထိုတိုက်ပွဲများကြောင့် ကရင်နီပြည်နယ် နှင့် ရှမ်း-ကရင်နီ နယ်စပ်များတွင် စစ်ဘေးရှောင် ၃၀၀,၀၀၀ နီးပါးအထိရှိကြောင်း ISP Myanmar က ထုတ်ပြန်ထားသည်။

ဓာတ်ပုံ/သူရ (မဇ္ဈိမ)

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#ဒီးမော့ဆိုမြို့နယ်

#စစ်ကောင်စီတပ်

#တော်လှန်ရေးအင်အားစု

#လက်နက်ကြီး

ဒီးမော့ဆိုမြို့ အနောက်ခြမ်းရှိ လက်နက်ကြီးကြောင့် ပျက်ဆီးခဲ့သည့် နေအိမ် (မတ်လ ၂၄ ရက်နေ့ )

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly