ခရမ်းတွင် ရဲ ၂ ဦး ပစ်ခတ်ခံရကာ သေဆုံးပြီးနောက် စွပ်စွဲဖမ်းဆီးခံရသူ ပြည်သူ ၄၀ ဦးထက်မနည်းရှိနေ

By ရောင်နီ
18 April 2023
ခရမ်းတွင် ရဲ ၂ ဦး ပစ်ခတ်ခံရကာ သေဆုံးပြီးနောက် စွပ်စွဲဖမ်းဆီးခံရသူ ပြည်သူ ၄၀ ဦးထက်မနည်းရှိနေ

(မဇ္စျိမ)။ ။ ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်တွင် ရဲတပ်သားနှစ်ဦး ပစ်ခတ်ခံရကာ သေဆုံးပြီးနောက် စစ်ကောင်စီတပ်က မြို့အ၀င်အထွက်ကို ပိတ်ဆို့ထားသလို ပြည်သူ ၄၀ ဦးထက်မနည်းကိုလည်း ဖမ်းဆီးထားကြောင်း ကာကွယ်ရေးတပ်ဖွဲ့နှင့် ဒေသခံများထံမှ သိရသည်။

ခရမ်းမြို့နယ်၊ လူ၀င်မှုကြီးကြပ်ရေးရုံးအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ခရမ်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF Khayan)က ဧပြီလ ၁၄ ရက်နေ့၊ မွန်းလွဲပိုင်းအချိန်တွင် ၀င်ရောက်စီးနင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်လက်အောက်ခံ ရဲတပ်သား နှစ်ဦး သေဆုံးခဲ့ပြီး သေနတ် နှစ်လက်နှင့် ကျည်ဆန်အချို့ကိုလည်း ကာကွယ်ရေးတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့သည်။

ထိုသို့ ကာကွယ်ရေးတပ်ဖွဲ့၏ တိုက်ခိုက်မှုခံရပြီး သေဆုံးမှုများ ရှိခဲ့သည့် စစ်ကောင်စီတပ်က ဧပြီလ ၁၅ ရက်နေ့မှ စတင်ကာ ခရမ်းမြို့အ၀င်အထွက်ဂိတ်များအား ပိတ်ဆို့ခဲ့ပြီး မြို့နယ်အတွင်း ဆိုင်ကယ်ဘေးတွဲ စီးနင်းခွင့် ပိတ်သိမ်းခြင်းများ ပြုလုပ်ခဲ့သည်။

ထို့ပြင် ယင်းနေ့တွင်ပင် စစ်ကောင်စီတပ်က ခရမ်းမြို့နယ် အမှတ် (၃)ရပ်ကွက်တွင် တည်ရှိသည့် ခရမ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင် ကိုမီးပွား၏ ချိတ်ပိတ်ခံထားရသည့် နေအိမ်ကိုလည်း မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်ခဲ့သည်။

“ ဧပြီလ ၁၅ ရက်နေ့ကနေ ဒီနေ့အထိ ခရမ်းမြို့နယ်အတွင်း အ၀င်အထွက် ပိတ်ထားတယ်။ ဘယ်နေ့အထိ ပိတ်မလဲတော့ မသိဘူး။ ပိတ်ဆို့စနစ်နဲ့ အင်အားတွေ တိုးချထားတယ်။ ကျွန်တော့်အိမ်ကိုလည်း မီးရှို့တာ အခွံပဲကျန်တယ်။ ပြည်သူတွေကို အကြောက်တရားနဲ့ ခြိမ်းခြောက်နေတာ ပြည်သူတွေက မကြောက်တော့ပါဘူး။” ဟု PDF Khayan ခေါင်းဆောင်ကိုမီးပွားက မဇ္စျိမကို ပြောသည်။

ခရမ်းမြို့နယ်နေ ပြည်သူများကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီးခြင်းများ ဆက်တိုက်လုပ်ဆောင်နေပြီး ပြည်သူ ၄၀ ဦးထက်မနည်း ဖမ်းဆီးခံထားရကြောင်း ၎င်းက ဆိုသည်။

“သူတို့က မြို့နယ်အတွင်း ဖြတ်လေးဖြတ် ကျင့်သုံးလာမယ့် သဘောပေါ့။ ပြည်သူတွေလည်း မတရားဖမ်းဆီးခံရတာတွေ အများကြီးပဲ။ ၁၅ ရက်နေ့က စပြီး အပြစ်မဲ့ပြည်သူတွေကို တောက်လျှောက်ဖမ်းနေတာ။ တစ်ရက်ကို ဆယ်ယောက် အထက်ပဲ။ ဖမ်းဆီးထားသူတွေကို ရဲစခန်းနဲ့ ထွေအုပ်ရုံးမှာ ဓားစာခံ သဘောမျိုးလုပ်ထားတယ်။ သူတို့ကို ၀င်တိုက်မှာစိုးလို့” ဟု PDF Khayan ခေါင်းဆောင်က ဆက်ပြောသည်။

စစ်ကောင်စီတပ်က ပြည်သူများကို အကြောင်းမဲ့ ဖမ်းဆီးခြင်းပြုလုပ်နေသော်လည်း တိုက််ခိုက်မှုကို လုပ်ဆောင်ခဲ့သည့် ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲဘော်များ ဘေးကင်းရာနေရာတွင် ရောက်ရှိနေပြီးဖြစ်ကြောင်း သိရသည်။

ခရမ်းမြို့နယ်အတွက် လုံခြုံရေး တာ၀န်ချထားသည့် စစ်ကောင်စီတပ် တာ၀န်ရှိသူများကိုလည်း ရဲနှစ်ဦး သေဆုံးခဲ့သည့် ကာကွယ်ရေးတပ်ဖွဲ့၏ တိုက်ခိုက်မှုခံရပြီးနောက် ရာထူးလျော့ချ အရေးယူခံခဲ့ရကြောင်း သတင်းများ ထွက်ပေါ်နေသော်လည်း မဇ္စျိမအနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိပေ။

ခရမ်းမြို့နယ်အတွင်း စစ်ကောင်စီတပ်က လုံခြုံရေးတင်းကျပ်ထားသည့်အပြင် သုံးဘီးဆိုင်ကယ်များကိုလည်း စီးနင်းခွင့် ပိတ်ပင်ထားခြင်းကြောင့် မြို့နယ်အတွင်းတွင် အသွားအလာ ခြောက်ကပ်တိတ်ဆိတ်လျက်ရှိနေကြောင်း ဒေသခံများထံက သိရသည်။

“ဘေးတွဲတွေလည်း သွားလို့မရတော့ဘူးလေ။ မြို့နယ်အတွင်းမှာတော့ မဖြစ်မနေမှဘဲ အပြင်ထွက်ကြတော့တာ။ စစ်တာဆေးတာတွေ များလို့လေ။ ဟိုနား ဒီနားသွားရင်တော့ စက်ဘီးနဲ့ သွားနေကြရတယ်။” ဟု ခရမ်းဒေသခံတစ်ဦးက ပြောသည်။

“ ခရမ်းမြို့အ၀င်အထွက် ပိတ်တယ်ဆိုတာကလည်း တချို့ကျ ရန်ကုန်ကို သွားချင်ရင် တမံကြီးဘက်မှာ တစ်လမ်းရှိတယ်။ အဲ့ဘက်က သွားရင်ရတယ်။ တချို့က မရဘူး။ သုံးခွဘက်က သွားရင်လည်း ဂိတ်က ပေးမဖြတ်ဘူး ပြောကြတယ်။ အနီးနားက ရွာတွေဆိုလည်း ခရမ်းမှာ စျေးလာ၀ယ်မရလို့ သုံးခွဘက် သွား၀ယ်နေကြရတယ်”ဟု နောက်ထပ်ဒေသခံတစ်ဦးက ဆိုသည်။

စစ်ကောင်စီတပ်၏ လုံခြုံရေးတင်းကျပ်ကာ ပိတ်ဆို့ထားမှုကြောင့် ခရမ်းမြို့နယ်အတွင်းရှိ ပြည်သူများ သွားရေးလာရေး အခက်အခဲများ ဖြစ်ပေါ်နေပြီး သုံးဘီးဆိုင်ကယ်(ဘေးတွဲ) မောင်းနှင်သူများတွင်လည်း စား၀တ်နေရေး အကျပ်အတည်းများ ကြုံတွေ့နေကြရသည်။

“ အကြောက်တရားနဲ့ ခြိမ်းခြောက်ပြီး အုပ်ချုပ်ချင်နေတဲ့ စစ်အာဏာရှင်ကို အမြစ်ပြတ်တိုက်မှပဲ ပြည်သူတွေဘ၀ လွတ်လပ် အေးချမ်း ငြိမ်းအေး ပျော်ရွှင်တဲ့ ဘ၀ရမှာပါ။” ဟု ခရမ်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင်က ပြောသည်။

ရန်ကုန်တိုင်း တောင်ပိုင်းခရိုင်တွင် ပါ၀င်ပြီး ပဲခူးတိုင်းနှင့် နယ်နမိတ်ထိစပ်လျက်ရှိသည့် ခရမ်းမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့များ၊ ၎င်းတို့နှင့် ပတ်သက်ဆက်နွယ်သူများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယခုနှစ် မတ်လကုန်ပိုင်းမှ စတင်ကာ တိုက်ခိုက်မှုများ ပြုလုပ်နေသည်။

ထို့သို့ တိုက်ခိုက်မှုများအတွင်း အထိနာခဲ့သည့် စစ်ကောင်စီတပ်က မြို့နယ်အတွင်းတွင် လုံခြုံရေးတင်းကျပ်ကာ စစ်ဆေးမှုများ လုပ်ဆောင်ခြင်း၊ အမျိုးသမီးများ အပါအ၀င် အပြစ်မဲ့ ပြည်သူများကို အကြောင်းမဲ့ ဖမ်းဆီးခြင်းဖြင့် ဖိနှိပ်မှုများအား ဆက်တိုက်လုပ်ဆောင်လျက်ရှိသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly