ဘီးလင်းမြို့နယ်မှ စစ်မှုထမ်းဟောင်း ၁ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး

ဘီးလင်းမြို့နယ်မှ စစ်မှုထမ်းဟောင်း ၁ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး

မဇ္ဈိမ။ ။ကရင်အမျိုးသားအစည်းအရုံး(KNU)၊ တပ်မဟာ(၁)နယ်မြေ၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်မှ စစ်မှုထမ်းဟောင်းတစ်ဦးကို ဧပြီလ ၁၂ ရက်နေ့တွင် စစ်ကောင်စီတပ်စစ်ကောင်စီတပ်က ဖမ်းဆီးခေါ် ဆောင်သွားခဲ့ရာ ဧပြီလ ၁၈ ရက်နေ့အထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးကြောင်း ဒေသခံများက ပြောသည်။

“နာမည်က ဦးစန်းဝင်း၊ သူက အလူးကြီးရွာမှာနေတာ၊ တပ်ထွက်တစ်ဦး၊ အခုထိ လွတ်မလာသေးဘူး” ဟု အလူးကျေးရွာအုပ်စုမှ ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။

ဖမ်းဆီးခံရသူမှာ အသက် ၅၅ နှစ်အရွယ်ရှိ အလူးကြီးကျေးရွာသား၊ ဦးစန်းဝင်း(ခ)ဦးအညာသား ဆိုသူ ဖြစ်ပြီး ဧပြီလ ၁၂ ရက်နေ့က အလူးလေးကျေးရွာသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်၏ ဖမ်းဆီး ခြင်းခံခဲ့ရခြင်း ဖြစ်သည်။
စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်သော ဦးစန်းဝင်း၏ ကိုယ်ရေးအချက်အလက် အသေးစိတ်ကို မသိရသေးပေ။

ထိုနေ့က ဦးစန်းဝင်း၏ဆိုင်ကယ်အပါအဝင် ဒေသခံများ၏ ဆိုင်ကယ်ခြောက်စီးနှင့် ကားတစ်စီး သိမ်း ဆည်းခံလိုက်ရပြီး သိမ်းဆည်းခံရသော ထိုကားနှင့် ဆိုင်ကယ်များသည် လမ်းပေါ်တွင် ဖြတ်သန်းသွားလာ နေစဉ် စစ်ကောင်စီတပ်က တားယူသိမ်းဆည်းခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“ကားကိုတားပြီး မောင်းလာတဲ့လူကို အတင်းဆွဲချတာ၊ ပြီးတော့ ကားသော့ကိုသိမ်းပြီး လူကို သေနတ်ဒင် တွေနဲ့ပါ ထုထောင်းနေတာ၊ ဆိုင်ကယ်တွေလည်း အတူတူပဲ”ဟု ဒေသခံတစ်ဦးက ပြောသည်။

ဧပြီလ ၁၂ ရက်နေ့ နံနက်ပိုင်းက အလူးလေးကျေးရွာသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် KNLA တပ်မဟာ(၁) ပူးပေါင်းတပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်တွင် စစ်ကောင်စီတပ်က အလူး လေးကျေးရွာမှ နေအိမ်သုံးလုံးအား မီးရှို့ဖျက်ဆီးကာ အရပ်သားများ၏ ကားနှင့်ဆိုင်ကယ်များအား သိမ်း ယူသွားခြင်း ဖြစ်သည်။

ယင်းအပြင် စစ်ကောင်စီတပ်သည် ၎င်းတို့ သိမ်းယူသွားသော ဆိုင်ကယ်များအား တစ်စီးလျှင် ငွေကျပ် သိန်း ၇၀ ဖြင့် လာရောက်ရွေးယူရန်ပြောဆိုကြောင်းလည်း အလူးလေးကျေးရွာနေ ဒေသခံတစ်ဦးကပြော သည်။

“ဆိုင်ကယ်တွေယူသွားတာ ပြန်မပေးသေးဘူး၊ ဆိုင်ကယ်တစ်စီးကို သိန်း ၇၀ နဲ့ ပြန်လာရွေးခိုင်းတယ်”ဟု အလူးလေးကျေးရွာနေ ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။

ထိုနေ့က တိုက်ပွဲဖြစ်ပွား၍ စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ထွက်ပြေးတိမ်းရှောင် နေသော အလူးကျေးရွာအုပ်စုမှ ဒေသခံအချို့သည် လက်ရှိတွင် နေအိမ်၌ ပြန်လည်နေထိုင်နေပြီဖြစ် သော်လည်း အချို့မှာ စစ်ဘေးရှောင်နေဆဲဖြစ်ကြောင်း သိရသည်။

“တချို့ကလည်း ပြန်လာကြတယ်၊ တချို့က ပြန်မလာကြဘူး၊ တိုက်ပွဲမဖြစ်တော့ပေမယ့် စစ်ကောင်စီက အလုံတောင် ဘုရားပေါ်မှာ နေရာယူထားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဧပြီလ ၁၂ ရက်နေ့က ဖြစ်ပွားခဲ့သောတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ လေးဦးသေဆုံးပြီး ခြောက်ဦးထိခိုက် ဒဏ်ရာရကာ အထိနာသွားသဖြင့် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် အလူးကျေးရွာအုပ်စုအတွင်း ပစ်ခတ်သဖြင့် အလူးလေး (အရှေ့) ရွာမှ ဒေသခံတစ်ဦး လက်နက်ကြီးစထိမှန် ဒဏ်ရာရခဲ့သည်။

စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly