အုတ်ဖို့မြို့နယ် ဝိုင်းရွာရဲစခန်းတိုက်ခိုက်ခံရ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံး

By ရွှေနွယ်
18 April 2023
အုတ်ဖို့မြို့နယ် ဝိုင်းရွာရဲစခန်းတိုက်ခိုက်ခံရ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံး

မဇ္ဈိမ။ ။ ပဲခူးတိုင်းအနောက်ခြမ်း သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ဝိုင်းကျေးရွာအုပ်စုရှိ ဝိုင်းရွာနယ်မြေရဲစခန်းကို သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂) တပ်ခွဲ (၄) မြေအောက်ပြောက်ကျားတပ်ဖွဲ့မှဦးဆောင်၍ ပူးပေါင်းမဟာမိတ်တပ်များမှ သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးပြီး တစ်ဦးပြင်းထန်ဒဏ်ရာရခဲ့ကြောင်း မြေအောက်ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူ ဗိုလ်တောက်တဲ့မှ မဇ္ဈိမကိုပြောသည်။

အဆိုပါ ဝိုင်းရွာနယ်မြေရဲစခန်းအား ဧပြီလ ၁၆ ရက်နေ့ ည ၉ နာရီ ၂၀ မိနစ်တွင် ၆၀ မမ လက်နက်ကြီးဖြင့် ငါးချက်၊ ၄၀ မမ ဖြင့် ခုနစ်ချက်၊ အခြားသောလက်နက်ကြီးများ လက်နက်ငယ်တွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်ကာ စခန်းသိမ်းရန်ကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်တောက်တဲ့မှ ပြောသည်။

"အငိုက်ကို စောင့်တီးတာဖြစ်တဲ့အတွက် စတိုက်တဲ့အချိန် စခန်းထဲမှာ အင်အား ၂၀ တောင်မပြည့်ဘူး၊ ဒါပေမယ့် သူတို့ဘက်က ကင်းပုန်းတွေရော အခြားအနီးအနားရွာတွေကရော တက်လာကြတာ အင်အား ၄၀လောက်ရှိတယ်၊ အဲ့တာနဲ့ဒီဘက်က ပြန်ဆုတ်လာပေးလိုက်တာ” ဟု ဗိုလ်တောက်တဲ့မှ ပြောသည်။

တိုက်ပွဲကြာချိန်မိနစ် ၂၀ ကျော်ရှိခဲ့ပြီး ပစ်လိုက်သည့်လက်နက်ကြီးများအနက် ကိုးလုံးမှာ စခန်းအတွင်း တိတိကျကျ ကျရောက်ခဲ့ကြောင်း၊ ထို့ကြောင့် စခန်းဘန်ကာ၊ ဓမ္မာရုံနဲ့ အချုပ်ခန်းများလည်း ပျက်စီးခဲ့ကြောင်းအတွင်းသတင်းအရသိရသည်ဟု ပြောသည်။

"ဖြစ်တာက ညဘက်ဆိုတော့ ညဘက်မှာမသိရသေးဖူး၊ နောက်နေ့ နေ့လယ်လောက်မှာ သတင်းရလာတာ ပျက်စီးသတင်းရော၊ စခ(စစ်ကောင်စီတပ်သား) နှစ်ကောင်သေပြီး မြေမြှုပ်လိုက်တယ် တစ်ကောင်ကိုတော့ ဆေးရုံသယ်သွားတယ်လို့ သတင်းရရှိပါတယ်" ဟု မြေအောက်ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူ ဗိုလ်တောက်တဲ့မှပြောသည်။

ဤတိုက်ခိုက်မှုအား မြေအောက်ပြောက်ကျားတပ်ဖွဲ့နှင့်အတူ သာယာဝတီခရိုင်တပ်ရင်း (၃၈၀၁) တပ်ခွဲ(၁) နှင့် Yoma (GBK) ကြို့ပင်ကောက်တပ်ဖွဲ့တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဝိုင်းရွာနယ်မြေရဲစခန်းသည် ပြီးခဲ့သည့် မတ်လအတွင်းက ဝိုင်းအုပ်စုအတွင်းရှိ တာဝါတိုင်ရွာအားမီးရှို့ဖျက်ဆီးခဲ့သောကြောင့် မတ်လ ၂၄ ရက်နေ့တွင်တစ်ကြိမ်၊ မတ်လ ၂၆ ရက်နေ့တွင်တစ်ကြိမ် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှသွားရောက်တိုက်ခိုက်ခဲ့သည်။

အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦးသေဆုံးခဲ့ကြောင်း ပဲခူးတိုင်းစစ်ရေးသတင်းပြန်ကြားရေးမှထုတ်ပြန်ထားသည်။

ပဲခူးရိုးမသည် မြန်မာနိုင်ငံအလယ်ပိုင်းတွင်တည်ရှိနေပြီး စစ်ရေးအရလည်း အချက်အချာကျသောနေရာဖြစ်သည့်အတွက် စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ပဲခူးရိုးမအတွင်းသို့ဝင်ရောက်နိုင်ရန်နှင့် ရိုးမအတွင်းရှိ ကာကွယ်ရေးတပ်စခန်းများအားသိမ်းယူနိုင်ရန် ပဲခူးရိုးမအနောက်ခြမ်းရှိမြို့နယ်များမှရော ရိုးမအရှေ့ခြမ်းရှိမြို့နယ်များဘက်မှပါ ကြိုးပမ်းနေသည်။

ကာကွယ်ရေးတပ်ဖွဲ့များဘက်မှလည်း ပဲခူးတိုင်းအနှံ့တွင် ရင်ဆိုင်တိုက်ပွဲများနေ့စဉ်ဆင်နွှဲလျက်ရှိကာ အခွင့်သာလျင်သာသလို စစ်ကောင်စီတပ်ကိုတိုက်ခိုက်နေကြသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required