ချောင်းဦးမြို့နယ်အတွင်း သင်္ကြန်ရေကစားနေသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးများ တိုက်ခိုက်ခံရ

By ပါခွီး
18 April 2023
ချောင်းဦးမြို့နယ်အတွင်း သင်္ကြန်ရေကစားနေသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးများ တိုက်ခိုက်ခံရ

မဇ္စျိမ ။ ။ စစ်ကိုင်းတိုင်း ၊ ချောင်းဦးမြို့နယ် ၊ ကံကြီးကုန်းကျေးရွာတွင် ရေကစားနေကြသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးများကို လက်နက်ကြီးနှင့် ပစ်ခတ်ပြီး ဒရုန်းနှင့် ဗုံးကြဲခဲ့ကြောင်း မုံရွာခရိုင် အမှတ် (၁၂) တပ်ရင်း ၊ တပ်ခွဲ(၃) လျှပ်စီးတပ်ဖွဲ့မှ ဧပြီလ ၁၈ရက်နေ့တွင်ထုတ်ပြန်သည်။

ဧပြီလ ၁၄ရက် သင်္ကြန်အကျနေ့တွင် သောက်စားပျော်ပါးကာ ရေကစားနေကြသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးများကို တော်လှန်ရေး မဟာမိတ်အဖွဲ့များ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

အဆိုပါ ကံကြီးကုန်း (ပျူစောထီးရွာဟုကျော်စောသော) ရွာကို အရှေ့ ၊ အနောက် ၊ တောင် ၊ မြောက် အရပ်လေးမျက်နှာသို့ အဖွဲ့လေးဖွဲ့ခွဲ၍ ၆၀မမ အချက်ပေါင်း ၁၅၀ ၊ ရှော့တိုက်ဒုံး ၁၈ချက်နှင့် ဒရုန်းဖြင့် အီနာဂါ တစ်လုံးတို့ဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

စစ်ဆင်ရေးအတွင်း တော်လှန်ရေး ရဲဘော်များ၏ ဒရုန်းတစ်စီး ပျက်စီးဆုံးရှုံးခဲ့ရကြောင်း လျှပ်စီးတပ်ဖွဲ့က အသိပေးထားသည်။

ယင်းတိုက်ခိုက်မှုကို လျှပ်စီးတပ်ခွဲ မုံရွာခရိုင် အမှတ် ( ၁၂) တပ်ရင်း ၊ တပ်ခွဲ ( ၃) နှင့်အတူ မုံရွာခရိုင်အမှတ် ( ၁၂) တပ်ရင်း ၊ တပ်ခွဲ ( ၄) (မီးတောက်တပ်ခွဲ) ၊ ငဘ - ပြောက်ကျားတပ်ဖွဲ့ ၊ Royal Tiger Force ၊ HUNDRED (100) လက်နက်ကြီးတပ်ဖွဲ့၊ ငမိုးရိပ်စစ်ကြောင်း - မုံရွာခရိုင်အမှတ် (၁၂) တပ်ရင်း၊ မုံရွာခရိုင် တပ်ရင်း ( ၉) တပ်ရင်း (၁၀) နှင့် ရန်ရှင်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တို့ အတူပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required