အေလာ လေတပ်တွင်း မီးလောင်ကျွမ်းမှုအား သတင်းဖုံးထား

By ရွှေနွယ်
18 April 2023
အေလာ လေတပ်တွင်း မီးလောင်ကျွမ်းမှုအား သတင်းဖုံးထား

(မဇ္ဈိမ) ။ ။ နေပြည်တော် စစ်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ အေလာမြို့ရှိ စစ်ကောင်စီ၏ အေလာလေတပ်တွင် ဧပြီလ ၁၆ ရက်နေ့ ည ၁၁ နာရီဝန်းကျင်ခန့်က လောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း အေလာလေဆိပ်ဝန်ထမ်းနှင့် မြို့ခံများက မဇ္ဈိမကို အတည်ပြု ပြောသည်။

အဆိုပါ လောင်ကျွမ်းမှုနှင့်ပတ်သက်၍ အေလာလေတပ်နှင့် ကပ်လျက်တွင်ရှိသော အေလာလေဆိပ်ရှိ ဝန်ထမ်းများအား မဇ္ဈိမက ဆက်သွယ်မေးမြန်းရာတွင် “ညဘက်လောင်သွားတာဟုတ်တယ်၊ လဝ(လျှို့ဝှက်) ဖြစ်တဲ့အတွက် မသိရပါဘူး၊ တောမီးသဘောပြောနေတယ်” ဟု ပြောသည်။

သို့သော်လည်း မီးလောင်ကျွမ်းမှုဖြစ်သည့် အခြေအနေ အသေးစိတ်ကို ပြောပြရန် ၎င်းက ငြင်းဆိုသည်။

အေလာမြို့ ဒေသခံတစ်ဦးကလည်း “မီးလောင်သွားတယ်ဆိုပေမယ့် အေလာက မီးသတ်ကိုတောင်မခေါ်ဘူး၊ သတင်းအစအနပျောက်နေတယ်” ဟု ပြောသည်။

ထိုမီးလောင်ကျွမ်းမှုအား အေလာ (နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်) ရှိ မီးသတ်တပ်ဖွဲ့နှင့်သာ ငြိမ်းသတ်ခြင်းဖြစ်နိုင်ကြောင်း ၎င်းက ပြောသည်။

"လေဆိပ်ဘက်မှာ မီးသတ်အင်အား ၅၀ နဲ့ မီးသတ်ကား နှစ်စီးရှိတယ်၊ လေတပ်ဘက်မှာ ဆီလှောင်ကန်ရှိတယ်၊ အဲ့ဒီဆီလှောင်ကန်က သူတို့လေတပ် အဓိကသုံးတယ်၊ တခြားကလာတဲ့ လက်နက်ပို့လေယာဉ်တို့၊ နိုင်ငံတကာဧည့်သည် လေယာဉ်တို့ဆို အေလာလေဆိပ်က အဓိကဖြည့်တာပါ” ဟု အေလာမြို့ခံက ပြောသည်။

ပုံမှန်ဆိုပါက မီးပမာဏ များသည်ဖြစ်စေ၊ နည်းသည်ဖြစ်စေ ဆီလှောင်ကန်ရှိသည့် နေရာများတွင်လောင်ကျွမ်းပါက အေလာ၊ လယ်ဝေး၊ ပျဉ်းမနားရှိ မီးသတ်ကားများပါ လာရောက်လေ့ရှိကြောင်းသော်လည်း ယခုလောင်ကျွမ်းမှုအား သတင်းဖုံးထားသည့်အတွက် မည်သည့်သတင်းအစအနမှ မကြားသိရကြောင်း မြို့ခံများက ဆိုသည်။

ယခင် အေလာလေဆိပ် အနီးတွင် မီးအနည်းငယ်လောင်ကျွမ်းစဉ်ကပင် အဆိုပါ မီးသတ်ဌာနများမှ လာရောက်ကာ အရန်သင့် စောင့်နေပေးကာ မီးငြိမ်းသတ်ပေးခဲ့ကြောင်း သိရသည်။

ယခုလောင်ကျွမ်းမှုတွင် အတွင်းတွင်သာ ကြိတ်ရှင်းသွားပြီး မည့်သည့်ပြင်ပမီးသတ် တပ်ဖွဲ့မှ လာသံမကြားရကြောင်းနှင့် လောင်ကျွမ်းသည့် မီးအင်အားပမာဏကို ခန့်မှန်း၍ မရကြောင်း နောက်ထပ်အေလာမြို့ တစ်ဦးက ပြောသည်။

"နောက်ရက်ကတည်းက ကင်းလှည့်တဲ့ လေယာဉ်တွေတဝေါဝေါနဲ့၊ ဒီညလည်း ဧည့်စာရင်းစစ်မယ်ပြောတယ် မစစ်တာကြာလှနေပြီ၊ လောင်တာကဟုတ်တယ်၊ ဒါပေမယ့်လောင်တာကို ဘယ်သူမှမသိလိုက်ကြရဘူး၊ မီးသတ်ကားတွေလည်း အသံပိတ်မောင်းသွားသလားတော့မပြောတတ်ဘူး၊ ကြိတ်ရှင်းနေတယ်" ဟု နောက်ထပ် အေလာဒေသခံတစ်ဦးက ပြောသည်။

အဆိုပါလောင်ကျွမ်းမှုဖြစ်စဉ် အသေးစိတ်အား မဇ္ဈိမအနေဖြင့် ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

အဆိုပါ အေလာလေတပ်သည် စစ်ကောင်စီ၏အရေးပါသော လေတပ်စခန်း တစ်ခုဖြစ်ကာ တည်နေရာအားဖြင့်လည်း စစ်ကောင်စီအခြေစိုက်ရာ နေပြည်တော်တွင် တည်ရှိသည်။

အေလာလေဆိပ်(နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်) နှင့် အေလာလေတပ် တို့သည် ကပ်လျက်တည်ရှိနေခြင်းဖြစ်ပြီး လေယာဉ်ပြေးလမ်း(Runway & Taxiway) အား အတူတူသုံးစွဲနေခြင်း ဖြစ်သည်။

နေပြည်တော်လေဆိပ် အတွင်းဝန်ဆောင်မှုပေးနေသော ကုမ္ပဏီမှာ Steven Law (ဦးထွန်းမြင့်နိုင်) ပိုင်ဆိုင်သည့် Pioneer ကုမ္ပဏီမှဖြစ်ကာ အာဏာသိမ်ပြီးနောက်ပိုင်း စစ်ကောင်စီထံသို့လာသော ရုရှားလေယာဉ်များ၊ လက်နက်ပို့လေယာဉ်များအား နေပြည်တော်လေဆိပ်တွင်ဆင်းသက်ကာ နေပြည်တော်လေဆိပ်မှ ဆီဖြည့်တင်းပေး လေ့ရှိသည်။

စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly