ဘရပ်ဆဲလ်တိုက်ခိုက်ခံရပြီးနောက် အိုင်အက်စ်ကို သုတ်သင်ပစ်မည်ဟု အိုဘားမားကတိပြု

ဘရပ်ဆဲလ်တိုက်ခိုက်ခံရပြီးနောက် အိုင်အက်စ်ကို သုတ်သင်ပစ်မည်ဟု အိုဘားမားကတိပြု

ဗျူနိုအေရီးစ်၊ မတ် ၂၄ ။               ။ ဘယ်လ်ဂျီယန်နိုင်ငံ ဘရပ်ဆဲလ်တွင် ကြောက်မက်ဖွယ်တိုက်ခိုက်မှုများ ဖြစ်ပြီးနောက် အကြမ်းဖက်မှုအား ဆန့်ကျင်ရာတွင် စည်းလုံးညီညွတ်ကြရန် အမေရိကန်သမ္မတဘားရက်အိုဘားမားက နိုင်ငံများကို မတ် ၂၃က တိုက်တွန်းလိုက်ပြီး အိုင်အက်စ်အကြမ်းဖက်အုပ်စုအား သုတ်သင်ပစ်ရေးမှာ ၎င်း၏ ထိပ်တန်းဦးစားပေး   ဖြစ်သည်ဟုလည်း ပြောကြားခဲ့သည်။

မတ် ၂၂က ဘရပ်ဆဲလ်လေဆိပ်နှင့် မြေအောက်ရထားဘူတာတစ်ခုတွင် ဗုံးခွဲတိုက်ခိုက်သူများကြောင့် လူ၃၁ဦးသေဆုံးပြီး ၂၇၀ ဒဏ်ရာရရှိပြီးနောက် တိုက်ခိုက်မှုမှာ ၎င်းတို့လက်ချက်ဖြစ်သည်ဟု အိုင်အက်စ်က ပြောကြားထားသည်။ "အိုင်အက်စ်လို အုပ်စုတွေက ကျွန်တော်တို့ကို ဖျက်ဆီးလို့မရပါဘူး။ သူတို့က ဘာမှလည်း မထုတ်လုပ်နိုင်ပါဘူး။ သူတို့ဟာ ဆိုးယုတ်တဲ့ လူသတ်သမားတွေပါ"ဟု အိုဘားမားက အာဂျင်တီးနားသို့ ရောက်ရှိစဉ် ပြောကြားသည်။

"ဒီတိုက်ခိုက်မှုတွေကို စုံစမ်းစစ်ဆေးဖို့နဲ့ တိုက်ခိုက်သူတွေကို တရားခွင်တင်ဖို့ အမေရိကန်ဟာ တတ်နိုင်တဲ့ အကူအညီမှန်သမျှ ပေးသွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ အိုင်အက်စ်တွေကို ဆီးရီးယားနဲ့ အီရတ်ကနေဖယ်ရှားနိုင်အောင် နောက်ဆုံးဖျက်ဆီးပစ်သည်အထိ အိုင်အက်စ်တွေ နောက်ကို လိုက်လံတိုက်ခိုက်သွားမှာ ဖြစ်ပါတယ်"ဟု ၎င်းကပြောသည်။

"အကြမ်းဖက်မှုကို ဆန့်ကျင်ရာမှာ ကမ္ဘာကြီးဟာ စည်းလုံးဖို့လိုပါတယ်။ စည်းလုံးရင် ကျွန်တော်တို့ရဲ့ ပြည်သူတွေသာ မက ကမ္ဘာတစ်ဝန်းလုံးက ပြည်သူတွေရဲ့ လုံခြုံရေးကိုပါ ခြိမ်းခြောက်နေတဲ့ သူတွေကို ကျွန်တော်တို့ အနိုင်ယူနိုင်ပါလိမ့်မယ်။ ဒါ့ကြောင့် ဒါဟာ ကျွန်တော်တို့ရဲ့ ထိပ်တန်းဦးစားပေးပါ"ဟု၎င်းကဆိုသည်။ အိုဘားမားက ၎င်း၏အာဂျင်တီးနားခရီးစဉ်အစတွင် အာဂျင်တီးနားသမ္မတ မောရစ်စီယိုမက်ခရီ ဘေးမှာထားလျက် ပြောကြားခဲ့ခြင်းဖြစ်သည်။ အိုဘားမားသည် ကျူးဘားသို့လည်း သမိုင်းဝင်ခရီးစဉ်သွားရောက်ခဲ့သည်။

အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ ငြိမ်းချမ်းမှုထိန်းသိမ်းရေးနှင့် လက်တင်အမေရိကတွင် ပျံ့ပွားနေသည့် ဇီကာဗိုင်းရပ်ကဲ့သို့ ကျန်းမာရေးခြိမ်းခြောက်မှုများတွင် ပူးပေါင်းဆောင်ရွက်ရေးနှင့် ကုန်သွယ်မှုမြင့်တင်ရေးသဘောတူညီချက်များကို နှစ်နိုင်ငံက ဗျူနိုအေရီးစ်တွင် လက်မှတ်ရေးထိုးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly